ကျေနပ်စွာနဲ့ ငိုရစ်မယ်(အချစ်ဝတ္ထုတို)
.....
သေတ္တာသော့ကို အသာလှည့်၍ဖွင့်လိုက်၏။ပြီးနောက် ပုဆိုးဖြင့်အထပ်ထပ် ပတ်ထားသော ပိုက်ဆံ
များကိုနှိုက်ယူလိုက်သည်။ကျွန်တော့်မိန်းမ ကို လှမ်းကြည့်လိုက်တော့ အိပ်ရာပေါ်၌ နှစ်ခြိုက်စွာအိပ်နေသည်ကို တွေ့
နေ့ရတုန်းပင်။သေတ္တာပြန်ပိတ်၍ ခြေဖျားထောက်ကာဖြင့် အသံတိတ်ထွက်လာခဲ့သည်။အချိန်ကား
ည ၁၁နာရီခန့်။
ကျွန်တော့်ခြေလှမ်းများက လမ်းထိပ်ရှိ အသုဘအိမ်သို့ ဦးတည်လျက်။
"ဟာ! ဟေ့ကောင် အထူးအဆန်းပါလား။ မင်းပြောတော့ ဖဲကို ထာဝရစွန့်လွှတ်လိုက်ပြီဆို။ မိန်းမနဲ့ ကွိုင်တက်မယ်နော်"
"မင်းငါ့ကို စကားမရှည်နဲ့။ ဟိုဘက်တိုး ငါ တစ်အိမ်ဝင်မယ်"
ကျွန်တော်ခပ်ဆတ်ဆတ် ပြောလိုက်ကာ ဖဲဝိုင်းထဲဝင်လိုက်၏။
"အဟား..ကြိုက်သွားပြီဟေ့။ လုပ်လိုက်လေ"
ခါးပိုက်ကြားထဲထည့်လာသောပိုက်ဆံတွေကို အရှေ့ကိုချလိုက်သည်။ပိုက်ဆံမှာငါးသိန်းတိတိ။
"ကဲ..စလို့ရပြီ။ခင်ဗျားက ဒိုင်လား။ ဘယ်လောက်ထိ လက်ခံလဲ"
"ဒီမယ်မောင်ရင်..နယ်လှည့်ပြီး ဖဲရိုက်လာတာ အံတိုနေပြီ။ သွေးမရှိရင် မင်းတို့ရပ်ကွက်ထဲထိ မလာဘူးကွ။ ကြိုက်သလောက်ထိုး"
"အိုကေ"
ချထားသော ပိုက်ဆံထဲမှ ၁ သိန်းတိတိ ချထိုးလိုက်သည်။ ဖဲဝိုင်းထဲက လူတွေက ကျွန်တော့်ကို သေသေချာချာစိုက်ကြည့်လို့။ ကျွန်တော်ဂရုမစိုက်ပဲ အရှေ့ရောက်လာသော ဖဲများကိုသာ ပွတ်နေလိုက်သည်။
တစ်လှည့်..
နှစ်လှည့်..
ဤသို့နှင့် ငါးလှည့်ရောက်သောအခါ ကျွန်တော်ပါလာသော ငွေငါးသိန်းစလုံး ပြောင်သွားလေသည်။
ကျွန်တော် ဘယ်သူ့ကိုမှ ဘာမျှမပြောတော့ပဲ
ဖဲဝိုင်းမှ ထထွက်လာခဲ့၏။ ကျန်ခဲ့တဲ့လူတွေကကျွန်တော့်ကျောပြင်ကို
ကြည့်၍ ကျွန်တော့်အကြောင်းပြောနေကြမှာ မလွဲနိုင်။
အိမ်ပြန်ရောက်တော့ ကျွန်တော့်မိန်းမက အိပ်ပျော်နေတုန်းပင်။ ကျွန်တော်လည်း အိပ်ရာထဲ ဝင်အိပ်နေလိုက်သည်။
......
"အစ်ကို..အစ်ကို..ထပါဦး"
ကျွန်တော့်မိန်းမက ကျွန်တော့်ကို အတင်းနှိုးနေလေ၏။မျက်စိကိုပွတ်သပ်ပြီး ဖွင့်ကြည့်လိုက်တော့ မိုးတောင်လင်းနေလေပြီ။
အိပ်ရာမှထထိုင်လိုက်ပြီး
"အင်း..ဘာလဲပြော" လို့ ဆိုလိုက်တော့
"ဟို..ဟိုလေ..သေတ္တာထဲကပိုက်ဆံတွေ မတွေ့တော့ဘူး။ လုပ်ပါဦး အစ်ကို။ သူခိုးခိုးပြီလား မသိဘူး။" လို့
ကျွန်တော့်မိန်းမက ငိုသံကြီုးဖြင့်ပြောလေ၏။
ကျွန်တော်သူမကိုခဏစိုက်ကြည့်နေလိုက်သည်။ပြီးမှ ခပ်ဆတ်ဆတ်လေသံဖြင့် ပြန်ပြောလိုက်သည်။
"ငါယူတာ"
"အမလေး..တော်သေးတာပေါ့ အစ်ကိုရယ်။ ညီမက ပျောက်သွားပြီထင်နေတာ။
ရေချိုးပြီး အဝတ်စားယူမလို့လုပ်နေတုန်း သတိရလို့ကြည့်လိုက်တာ လန့်သွားတာပဲ။ အစ်ကို နေရာရွှေ့ထားတာလား"
"မဟုတ်ဘူး။ ညက ဖဲသွားရိုက်လိုက်တာ"
"ရှင်!"
သူမက ကျွန်တော့်ကိုပါးစပ်အဟောင်းသားနှင့်
ကြည့်နေ၏။
"တကယ်ပြောနေတာ။ ညက ဖဲရိုက်ချင်စိတ် ပြန်ပေါ်လာလို့။ ပြီးတော့ ငါတို့လိုချင်နေတဲ့ ကိုယ်ပိုင်အိမ်လေးဝယ်ဖို့ မြန်မြန်ပြည့်မလားလို့ သွားရိုက်လိုက်တာ။ ခုတော့ ကုန်သွားပြီ"
"အစ်ကို!"
သူမ အော်လိုက်သံက တော်တော်ခပ်စူးစူးပင်။သူမကိုကြည့်လိုက်တော့ မျက်ရည်များစီးကျလာသည်ကို တွေ့ရ၏။
"ရှင်..ရှင်...လူမဟုတ်ဘူး။ တိရစ္ဆာန် "
"ဘာကွ!..ကဲဟာ!...ဖြန်း!"
သူမပါးပြင်ပေါ်သို့အားကုန်လွှဲရိုက်ချလိုက်သည်။
"မှတ်ထား..အဲဒါ ငါ့ကိုမိုက်ရိုင်းဦး"
သူမပါးပြင်ပေါ်၌ လက်ငါးချောင်းရာက အထင်းသား။
"ရှင်..ရှင်..အဟင့်..ဟင့်..ရှင့်ကိုယူမိတာ
ကျွန်မမှားပြီ။ကျွန်မမှာတော့
ကျွန်မမိဘတွေတားနေတဲ့ကြားက၊ ကျွန်မကို လက်ထပ်မယ့်သူ ရှိနေတဲ့ကြားက
မိဘရင် စုံကန်ပြီး ရှင့်လို ဖဲသမားနောက်လိုက်ခဲ့တာ။ရှင်ပြောတော့
ဖဲကို လုံးဝစွန့်လွှတ်လိုက်ပြီဆို။ အဟင့်..
ဟင့်..ခုမှပဲ မှားမှန်းသိတော့တယ်"
"အေး။ ငါလည်း နင့်ကိုယူမိတာကိုကမှားသွားတာ။ဘယ့်နှယ့်ကွာ ကိုယ့်ဘာသာဆင်းရဲနေလို့ချမ်းသာ
တဲ့မိန်းမယူမိပါတယ်။ အမွေပြတ်တဲ့။မချမ်းသာတဲ့အပြင် ဘာတစ်ပြားမှမရပဲ ရှာကျွေးရတာပဲ အဖတ်တင်တယ်။ ပြီးတော့ ငါအရမ်းဝါသနာကြီးတဲ့ဖဲရိုက်တာကိုလည်း
စွန့်လွှတ်ရသေး။ဟွန်း!.. ဒီကြားထဲ အိမ်ကဝယ်ချင်သေး။ဘယ်မှာလဲ စောက်(သောက်)ဆံ။ နွားလိုရုန်းပေးနေရတယ်"
"ရှင်ယောကျာင်္းမဟုတ်ဘူးလား။ အဟင့် ဟင့် ကျမလို မိဘအိမ်မှာ
ခြေမွှေးမီးမလောင်၊လက်မွှေးမီးမလောင်နေခဲ့တဲ့
သူတောင် ရှင်နဲ့အတူ အလုပ်ကြမ်းတွေ လိုက်လုပ်နေတာလေ။
ဟင်! ပြောစမ်းပါဦး။ ဒီငွေတွေက လွယ်လွယ်ရထားတယ်ထင်လို့ ရှင်က ဖြုန်းပစ်တာလား အီး..အဟီး"
"တောက်! ဒီကောင်မတော့ကွာ။ ငိုနေလိုက်တာ
ကျက်သရေကိုမရှိဘူး။ မသာအိမ်ကျနေတာပဲ။ ငါလုပ်ရင်သေတော့မှာပဲ
ဘာဖြစ်ချင်လဲ။ မနေချင်ဆင်းသွားကွာ"
"ဪ..ရှင်ကဒီလိုလား။ ရတယ်..
ကျွန်မမိဘအိမ်ကျွန်မ
ဘယ်ချိန်ပြန်တက်တက် ရတယ်။
ရှင့်လို တိရစ္ဆာန်မျိုးနဲ့ ငါးလလောက်ပေါင်းခဲ့ရတာတော့ဝဋ်ကြွေး
ရှိခဲ့တာကြောင့်လို့ပဲ သဘောထားလိုက်ပါ့မယ်"
ပြောရင်းနှင့်ပင် မျက်ရည်တွေကို လက်တစ်ဖက်ကသုတ်ရင်း၊ ကျန်လက်တစ်ဖက်က ဖုန်းခလုတ်နှိပ်
နေသော သူမကို ကျနော် မျက်မှောင်ကြုံ့၍ ကြည့်လိုက်၏။
"အဟား..ဟား..ကောင်းရောကွာ။ ကောင်းပါ့။
ငါလည်းလုပ်ကျွေးစရာမလိုတော့ဘူးပေါ့။ ငါ့ဘာသာ
အေးဆေးနေလို့ရပြီ..အဟား..ဟား"
သရော်သည့်အသံဖြင့် အားရပါးရ ရယ်ပစ်လိုက်
သည်။
"ဟဲလို..အမေ။ သမီးပါ..သမီးပြန်လာတော့မယ်။
သူနဲ့မပေါင်းနိုင်တော့ဘူး။
"...."
"ဟုတ်..အမေ။ ခုပဲ ကားလွှတ်လိုက်"
သူမ ဖုန်းပြော၍ ပြီးသွား၏။ ဆယ့်ငါးမိနစ်ခန့် အကြာ၌ တန်ဖိုးကြီးကားတစ်စီး အိမ်ရှေ့သို့ ရောက်လာသည်။
သူမ ကားပေါ်သို့ တက်သွားလေ၏။
"သွားကြဟေ့..သွားကြ။ ငါတော့လူပျိုပြန်ဖြစ်ပြီကွ အဟား..ဟား"
သူမ ကြားလောက်အောင် အိမ်ပေါ်မှနေ၍ အော်ပြောလိုက်၏။ သူမ၏ တက်ခေါက်သံပြင်းပြင်းကိုတော့ ပြန်ကြားလိုက်ရသေးသည်။
ကားလေးမှာ စုတ်ပြတ်နုံချာသော ရပ်ကွက်အတွင်းမှ တရွေ့ရွေ့ထွက်ခွာသွားပြီ ဖြစ်သည်။ကားလေးကို မြင်ကွင်းမှ ပျောက်သွားသည်အထိ ငေးကြည့်နေလိုက်၏။
ဪ..
နင် ငါ့ဘဝထဲက တကယ်ထွက်သွားခဲ့ပြီပေါ့။
သူမပါးပြင်လေးကို နာကျင်အောင်ရိုက်ခဲ့မိသော
ကျွန်တော့်လက်ကို ပြန်ငုံ့ကြည့်တော့ မျက်ရည်များက အတားအဆီးမဲ့စွာ စီးကျလာခဲ့လေပြီ။
ပြီးတော့ သူမ မမြင်ခင် ကျွန်တော့်နှာခေါင်းမှ ထွက်ကျလာသော သွေးစများကို အလျင်အမြန်သုတ်၍ ဖွက်ထားခဲ့ရသော ကျန်လက်တစ်ဖက်ကိုငုံ့ကြည့်လိုက်တော့ နှလုံးသားတစ်ခုလုံး ပဲ့ကြွေသွားသလို ခံစားလိုက်ရ၏။
ငါ ငိုလို့ရပြီပေါ့နော်..
ငါငိုပါတော့မယ်ဟာ..
ငါ့ဘဝတစ်ခုလုံးနဲ့ကို ရင်းပြီတော့ ငိုလိုက်ပါဦးမယ်။
အချစ်ရယ်..
တကယ်တော့လေ
သွေးကင်ဆာနဲ့ လောကကြီးကထွက်သွားခါနီး လူတစ်ယောက်အနားမှာ နင့်ကို ရှိမနေစေချင်တော့တာပါ။နင် ငါ့အတွက် ပူပင်သောကတွေ
များနေရဦးမယ်လေ။ ပြီးတော့လေ ငါဆိုတဲ့အကောင်က ဟိုးငယ်ငယ်ကတည်းက
ဆင်းရဲခြင်းဆိုတဲ့ဝေါဟာရကို
ခါးထစ်ခွင်သိပ်လာတဲ့ ကောင်မျိုးပါ။ ငရုတ်အောင်းပိုး အပူအစပ်မကြောက်သလိုမျိုးပေါ့။
ဒါပေမယ့်လေ နင်ကျတော့အရမ်းကိုနုနယ်လွန်း
ပါတယ်ကွယ်။ ဖဝါးနုနုလေးတွေပေါ် ထိခိုက်ရှနာဖြစ်လို့ ဆေးထည့်တုန်းမှာကျလာတဲ့ နင့်ရဲ့မျက်ရည်တွေကိုမြင်တော့ ငါ့ရင်မှာနင်ကျင်
လွန်းပါတယ်ကွယ်။ ငါ မခိုင်းရက်ခဲ့ပါဘူး။နှစ်ယောက်အတူစုဆောင်းတဲ့ ကိုယ်ပိုင်အိမ်ကလေးလိုချင်တယ်ဆိုတဲ့ နင့်ရဲ့ပြင်းပြတဲ့ဆန္ဒကြောင့် မတတ်သာတဲ့အဆုံး အလုပ်လုပ်ဖို့
ခွင့်ပြုပေးခဲ့ရတာပါ။
နင့်မိဘတွေလို ပိုးမွေးသလိုမမွေးနိုင်ပဲ
ဆင်းရဲတွင်းထဲဆွဲခေါ်မိတာ ငါ့အပြစ်တွေပေါ့။
နင့်ကို နင့်အိမ်ကပြန်ခေါ်နေတာ ငါစိတ်မကောင်းမှာစိုးလို့ နင်ဖုံးကွယ်ထားခဲ့တာတွေလည်း ငါသိခဲ့ပါတယ်ဟာ။
ပြီးတော့လေ..
နင့်ကိုလက်ထပ်ချင်ခဲ့တဲ့ နင့်မိဘတွေစီစဉ်ခဲ့တဲ့လူကလည်း ခုထိ စောင့်မျှော်နေတုန်းလေ။
တကယ်တော့ငါက သေလူပါဟာ။
နင့်နဲ့မယူခင်က သိခဲ့ရင်တော့ နင့်ကိုငါ့ဘဝဆိုးထဲ
ဆွဲခေါ်မိမှာတော့ မဟုတ်ဘူးပေါ့။အခုတော့
ငါ့ဝေဒနာတွေနင်သိခဲ့ရင် နင်ကျလာမယ့်မျက်ရည်၊
ပူဆွေးသောက၊ နောက်ပိုင်း နင်ရလာတော့မယ့်
မုဆိုးမဆိုတဲ့ နာမ်စားတစ်ခု
ဒါတွေကို မပေးချင်တော့ပါဘူး။
ဒါကြောင့် ငါ့ဘဝနဲ့ငါပဲ ရှိပါစေတော့လေ။
ချစ်တဲ့စိတ်နဲ့ တသသလွမ်းကျန်ပြီး ငိုးကျွေးနေရ
တာထက်စာရင် မုန်းတဲ့စိတ်နဲ့
တခဏတာ ငိုကျွေးလိုက်တာကမှ
နင့်အတွက်ပိုပြီး သက်သာရာရကောင်းပါရဲ့။
ငါတစ်သက်လုံးတာအတွက် ရည်စူးပြီးစွန့်လွှတ်ခဲ့တဲ့ ဖဲကိုလည်း ပြန်ရိုက်ပြပြီးပြီ။
ငါတို့ရှေ့ရေးအတွက် ခက်ခက်ခဲခဲရှာထားရတဲ့
ငွေတွေကိုလည်း အသဲနာနာနဲ့ ဖြုန်းပြခဲ့ပြီးပြီ။
ငါအရမ်းမြတ်နိုးရတဲ့ နင့်ရဲ့ပါးပြင်လေးကိုလည်း
ရက်ရက်စက်စက် ရိုက်ပြခဲ့ပြီးပြီ။
ရင်ဘတ်ထဲက အတင်းညှစ်ထုတ်ထားရတဲ့
စကားလုံးရိုင်းရိုင်းတွေကိုလည်း အံကြိတ်ပြီး ပြောပစ်ခဲ့ပြီးပြီ။
ဒီလောက်ဆို ရပြီပေါ့နော်။ငါ့ကို မုန်းပစ်လိုက်။
နာနာကျည်းကျည်းနဲ့ကို မုန်းပစ်လိုက်။
နင့်ရင်ထဲကနေ ထာဝရထုတ်ပစ်လိုက်။
ပြီးတော့ ဟိုသူဋ္ဌေးနဲ့ လက်ထပ်ပစ်လိုက်။
ဆင်စီးပြီးမြင်းရံတဲ့ဘဝမှာ ပျော်ပျော်ပါးပါး ရွှေထီးဆောင်းပြီး နေလိုက်ပါတော့။
ဒါဆိုငါကျေနပ်တာပေါ့။မျက်ရည်တွေကြားကနေ
တကယ်ကို ကျေနပ်နေမှာပေါ့။
အချစ်ရယ်... အချစ်ဆိုတာမျိုးကလေ
တစ်ခါတစ်ရံမှာ ကိုယ်ချစ်တဲ့သူ အနည်းငယ်ထိခိုက်နစ်နာမယ်ဆိုရင်တောင်
ကိုယ့်ရဲ့တစ်ဘဝစာမျက်ရည်တွေနဲ့ အစားထိုးလဲလှယ်ပေးနိုင်တာမျိုးပါကွယ်။
ဒီဘဝအတွက်တော့ လွန်တာပါရှိ ဝန္တာမိ။
နတ်စောင်း(ကျိုက်ထို)
၁၈.၇.၂၀၁၅
No comments:
Post a Comment