၈ရက် မတ်လ စံတော်ချိန်
အဝေးကမြို့
----------------
စိတ်ကူးနဲ့ရွာချကြည့်တိုင်း
လွမ်းစရာတွေက စိုထိုင်းထိုင်း
စီးခဲ့ဖူးတဲ့ မိကျောင်းစက်ဘီးလေးအကြောင်း
ဘောကန်ခဲ့ဖူးတဲ့ ကွင်းပြင်လေးအကြောင်း
စိတ်ကောက်ခဲ့ဖူးတဲ့ သူငယ်ချင်းတွေအကြောင်း
ရိုးအီသွားပြီထင်ခဲ့ဖူးတဲ့ အဖြူနဲ့အစိမ်းအကြောင်း
ပြီးတော့
ကြိုးခိုင်ခဲ့ဖူးတဲ့
မိသားစုဝေါဟာရ စံပယ်ပန်းကုံးလေးအကြောင်း
ဖွင့်ထားပြီးသေချာမကြည့်ဖြစ်တဲ့ ရုပ်ရှင်ဇာတ်ကားလို
ဘဝဇာတ်ဝင်ခန်းတစ်ချို့က အဲဒီမြို့လေးထဲကျန်ခဲ့
အခုနေ ပြန်ရစ်ကြည့်မိတော့
မျက်ရည်တွေနဲ့ ထစ်ထစ်ငေါ့ငေါ့
တကယ်တော့
ငယ်ဘဝဟာ သစ်စေ့တစ်စေ့ဆိုရင်
ရှင်သန်ချင်ရာ မြေပြင်ဟောင်းနဲ့လွဲခဲ့တဲ့
သစ်ပင်တစ်ပင်ဟာ ကျွန်တော်ဖြစ်တယ်။
နတ်စောင်း(ကျိုက်ထို)
No comments:
Post a Comment