အကယ်၍ (အချစ်ဝတ္ထုတို)
....
အကယ်၍ သွားရင်းလာရင်းနဲ့ဖြစ်ဖြစ် ကျွန်တော့်သူငယ်ချင်းကို တွေ့ခဲ့မိသော်။ ကျွန်တော်
တို့အားလုံး စောင့်မျှော်နေသည့်အတွက် အမြန်ပြန်လာပါလို့ တဆိတ်လောက်
ပြောပေးကြပါခင်ဗျာ။
............
(၁)
ကျွန်တော်နဲ့ မင်းနောင်က အရင်းနီးဆုံး သူငယ်ချင်းတွေပါ။ တက္ကသိုလ်ပထမနှစ်မှ စပြီးသိကျွမ်းရပေမယ့် မေဂျာတူ၊အဆောင်တူ
သွားအတူ၊လာအတူနေခဲ့ကြရင်း အခု တက္ကသိုလ်နောက်ဆုံးနှစ်ရောက်တော့ တကယ့် ငယ်ပေါင်းတွေလို ချစ်ခင်နေကြပါပြီ။
တစ်ယောက်မှာငွေပြတ်ရင်
တစ်ယောက်ကချေးပေးရင်း နှစ်ယောက်စလုံးမှာ ငွေပြတ်ရင်တော့ ကော်ဖီတစ်ထုပ်ကို
တစ်ယောက်တစ်ဝက်စီ ဖျော်သောက်ခဲ့ကြတယ်လေ။
ဒီလိုနဲ့ပဲ တက္ကသိုလ်နောက်ဆုံးနှစ် အစကျမှ ကျွန်တော်တို့နှစ်ယောက်ကြားထဲကို
ဆောင်းချယ်ရီဆိုသော မိန်းကလေးသူငယ်ချင်း
အသစ်တစ်ယောက် ရောက်ရှိလာခဲ့ပါတယ်။ သူမက ကုမ္ပဏီဝန်ထမ်းတစ်ယောက်ပါ။ သူမ
အမြဲတမ်းပြောတတ်တဲ့ စကားက
"နင်တို့နဲ့ စကားပြောရတာ အရမ်းပျော်ဖို့ကောင်း
တယ်။ နင်တို့က ငပေါကြီးတွေလေ။ ပြောလိုက်
ရင် ရယ်စရာတွေကြီးပဲ။ ဘာပဲဖြစ်ဖြစ် စိတ်ကြည်နူးရလို့ ကျေနပ်ပါတယ်"တဲ့။ ပျော်ပျော်နေ
တတ်တဲ့ ကျွန်တော်တို့ဟာ သူမအတွက်တော့
အပန်းဖြေစရာလူနှစ်ယောက်ဖြစ်ခဲ့ပါတယ်။
တဖန် သူမဟာ ကျွန်တော့်အိပ်မက်တွေရဲ့ အရှင်သခင်မတစ်ယောက်လည်း ဖြစ်မှန်းမသိ ဖြစ်လာခဲ့ပါတယ်။
"နေသူ...ဟေ့ကောင်နေသူ"
ဆောင်းချယ်ရီအကြောင်းစဉ်းစာရင်း
တစ်ယောက်တည်းပြုံးနေတဲ့ကျွန်တော်
မင်းနောင်က လှမ်းပုတ်တော့မှ "ဟင်...ဟင်
ဘာလဲ" လို့ဆိုတော့ မင်းနောင်က ရယ်ရင်း
"မင်းတော့ မဟုတ်တော့ဘူး။ တစ်ခုခုတော့
တစ်ခုခုပဲ"တဲ့။
"မင်းနောင် ငါ့ရင်တွေမဆန့်တော့ဘူးကွာ"
"ဘာလဲ ထမင်းစားများသွားလို့လား"
"ဟာ...မနောက်နဲ့ကွာ။ အချစ်စိတ်တွေ ပြောတာကွ"
"အလဲ့...တယ်ဟုတ်ပါလား။ ဘယ်သူတုန်းကွ"
ကျွန်တော် ဆောင်းချယ်ရီကို တိတ်တိတ်ကလေးခိုးချစ်နေတာ မင်းနောင်မသိ။
မင်းနောင်စကားကို ချက်ချင်းမဖြေပဲ
ကျွန်တော် ခဏတော့ငြိမ်သွားပြီးမှ ဖြေးဖြေး
ချင်း ပြောလိုက်တယ်။
"မနက်ဖြန် မင်းနဲ့ဆောင်းချယ်ရီအရှေ့မှာ ငါ့ရင်ခုန်သံကို အတိအလင်းချပြမယ်ကွာ"
အဲဒီည တစ်ညလုံး ထပ်တလဲလဲမက်တဲ့
အိပ်မက်တွေထဲမှာ ဆောင်းချယ်ရီဟာ ကျွန်တော့်ကို ရှက်ရွံ့စွာနဲ့ ခေါင်းငုံ့နေလေရဲ့။
.................
(၂)
ညနေခင်း သုံးယောက်အတူထိုင်နေကျ အအေးဆိုင်လေးကို ကျွန်တော်အရင်ရောက်နေနှင့်တယ်။ သူတို့နောက်ကျနေတာ မဟုတ်ပဲ
ကျွန်တော်ကိုက စောရောက်နေတာပါ။
"သဲသဲ....ဟေ့ သဲသဲ"
သဲသဲဆိုတာ ကျွန်တော်တို့မြို့က
ခြံချင်းကပ်နေတဲ့ ကောင်မလေးပါ။
မောင်နှမရင်းချာမရှိတဲ့သူမက ကျွန်တော့်ကို
အစ်ကိုရင်းတစ်ယောက်လိုချစ်ခင်ပြီး ကိုကိုလို့သာခေါ်လေ့ရှိတယ်။
သဲသဲက ကျွန်တော်လှမ်းခေါ်တာကြားသွားပြီး
"ဟယ်...ကိုကို" ဆိုပြီး အံဩတကြီး ရောက်လာတယ်။
"ရန်ကုန်ရောက်နေတာလား လာ ထိုင်"
"ဟုတ်တယ် ကိုကိုရဲ့ အမျိုးတွေဆီ လာလည်
တာလေ။ ကိုကိုက ဒီမှာဘာလုပ်နေတာလဲ"
"သူငယ်ချင်းတွေစောင့်နေတာ။ ဟော ဟိုမှာ
လာပြီ"
မင်းနောင်နဲ့ဆောင်းချယ်ရီက ခုံမှာဝင်ထိုင်တယ်။မင်းနောင်က
"မိတ်ဆက်ပေးဦးလေ"
"ဪ..သူ့နာမည်က သဲသဲတဲ့။ သဲသဲ
သူက မင်းနောင်။ သူက ဆောင်းချယ်ရီ"
"ကိုကို့ သူငယ်ချင်းတွေက ခင်ဖို့ကောင်းမှာပဲနော်။ သဲသဲကိုလည်းခင်ပါရှင့်။ အခုတော့ သွား
လိုက်ဦးမယ်နော်။နောက်ကျရင် ဆူမှာစိုးလို့ပါ။
ကိုကို ညကျရင် သဲသဲဖုန်းဆက်လိုက်မယ်နော်"
"အေး..သဲသဲ"
သဲသဲထွက်သွားတော့မှ မင်းနောင်က
စပ်ဖြီးဖြီးမျက်နှာနဲ့
"မင်း ညက ငါ့ကိုပြောထားတာ ဆောင်းချယ်ရီကို ပြောပြထားတယ်"
"ဘာပြောတာလဲ"
"နှလုံးသားကိစ္စလေကွာ"
ကျွန်တော့်မျက်နှာကြီး ထူပူသွားတယ်။
"မင်းကလည်းကွာ"
"မင်းကလည်း လုပ်မနေနဲ့။ မင်းကွာ ဒီလောက်
ချစ်စရာကောင်းတဲ့ ကောင်မလေးရှိတာ ငါ့ကို
တောင် အသိမပေးဘူး။ တော်တော်နေနိုင်တဲ့
ကောင်"
"ဟာ..အဲ...အဲဒီလို မဟုတ်ပါဘူး"
ဆောင်းချယ်ရီကလည်း
"အေးလေ နင်ကလည်း။ ခုမှ ခေါ်ပြရတယ်လို့။
ငါဖြင့် မင်းနောင်ပြောပြပြီးကတည်းက
တစ်လမ်းလုံးစဉ်းစားလာတာ နင့်ရင်ခုန်သံက
ဘယ်သူများလဲလို့။ မဆိုးပါဘူး ချစ်လိုက်ကြတာမှ တုန်နေတာပဲ။ ကိုကိုတဲ့ သဲသဲတဲ့ အဟိ။ နင်နော် ငါတို့ကို မုန့်ကျွေးရမှာစိုးလို့
သဲသဲကို အစောကြီးပြန်ခိုင်းထားတာ မဟုတ်လား"
"မဟုတ်ဘူး။ နင်တို့ထင်တာတွေ လုံးဝမဟုတ်ပါဘူးကွာ"
တဖန် မင်းနောင်က
"ဒါဖြင့် သဲသဲရှက်နေမှာစိုးလို့ပေါ့။ အင်းပေါ့လေ
ချစ်ကြပါ ချစ်ကြပါ အဟား...ဟား...ဟား"
"ခစ်ခစ် ခစ်ခစ်"
သူတို့ဘာသာသူတို့ သဘောကျပြီး အားပါးတရ ရယ်နေကြလေပြီ။ ဆောင်းချယ်ရီ
ကိုကြည့်လိုက်တော့ ကျွန်တော့်ကို
လက်မထောင်ပြတယ်။ ကျွတ်....သွားပြီ။
ကျွန်တော်ဖြေရှင်းချင်စိတ်ပင် မရှိတော့။ ကြိုတင်စဉ်းစားထားတဲ့ ရင်ခုန်သံစကားလုံးတွေ
လည်း ဘယ်ရောက်လို့ ဘယ်ပေါက်ကုန်ပြီမသိ။
အရမ်းကို စိတ်ရှုပ်ထွေးသွားတယ်။
"ငါပြန်တော့မယ်ကွာ"
"နေပါဦး နေသူရ။ ရှက်သွားတာလား"
"အေးလေ ရှက်စရာလားကွာ။ ဒီဝိုင်းကို ငါတို့
ရှင်းပါ့မယ်"
နောက်ပြန်လှည့်မကြည့်တော့ပဲ လက်ပဲ
ထောင်ပြခဲ့လိုက်တယ်။ လမ်းတစ်လျှောက်လုံး
ခြေလှမ်းတွေက လေးတိလေးကန်နဲ့။ အဆောင်
ပြန်ရောက်တော့ ကုတင်ပေါ်လှိမ့်ပြီး အခန်း
အောင်းနေလိုက်တယ်။ မိုးချုပ်မှောင်စမှ
မင်းနောင်ပြန်ရောက်လာတယ်။
"နေသူ ထဦးကွာ။ ငါမင်းကို ပြောစရာရှိလို့"
ကျွန်တော် အင်းမလုပ်အဲမလုပ်။
"ငါ ဆောင်းချယ်ရီကို ချစ်ခွင့်ပန်လိုက်ပြီ"
ကျွန်တော့်ရင်ထဲ ဒိန်းကနဲဆောင့်တက်သွား
ပြီး ချက်ချင်းထထိုင်လိုက်တယ်။
"တော်ပါသေးရဲ့ကွာ။ မင်း မနေ့ကပြောတော့
ငါက စိုးရိမ်နေတာ။ မင်းများ ဆောင်းချယ်ရီကို
ချစ်နေသလားလို့ပေါ့။ သဲသဲကိုခေါ်ပြတော့မှ
ငါ့ရင်ထဲ အလုံးကြီးကျသွားတော့တယ်။ ငါလည်း
မင်းပြန်တာနဲ့ ပြောချလိုက်တယ်"
"သူ...သူက ဘာပြောလဲ"
"စဉ်းစားပါရစေဦးတဲ့။ အခြေအနေကောင်းမယ့်
ပုံပဲကွ။ ငါလေ သူ့ကိုချစ်မိသွားကတည်းက
ရှိသမျှရည်းစားတွေ အကုန်ဖျက်ပစ်နေတာ။
သူ့ကိုမှ တကယ်ချစ်သွားတာပါ"
"မင်းနဲ့သူဇာက ပြတ်ပြီမို့လား။ မင်တို့တွေက
လွန်လွန်ကျူးကျူးဖြစ်ထားကြတယ်ဆို။
မကောင်းပါဘူးကွာ"
"အားလုံးပြီးသွားပါပြီ။ ဖြစ်ခဲ့တာမှန်ပေမယ့်
သူလည်း သိပ်အလေးမထားပါဘူး။လမ်းခွဲဖို့ အသာတကြည်ပဲ လက်ခံလိုက်တယ်။ သူ့မှာ
တခြားတွဲစရာ တစ်ပုံကြီးတဲ့။ နင့်လောက်တော့
စာမဖွဲ့ဘူးတဲ့။ ငါလည်း ထပ်မရှုပ်တော့ဘူးကွာ။
ဆောင်းချယ်ရီတစ်ယောက်တည်းကိုပဲ ဖြူဖြူစင်စင်နဲ့ စွဲစွဲမြဲမြဲချစ်တော့မယ်လို့ ဆုံးဖြတ်ထားပြီးပြီ"
ကျွန်တော့်မှာ ပြောစရာစကား ကုန်သွားခဲ့ပါပြီ။
တစ်ညလုံး သက်ပြင်းတွေနဲ့ လူးလိမ့်ရင်း
ဆုံးဖြတ်မိတာက ရေငုံနှုတ်ပိတ်ခြင်း။
..................
(၃)
မင်းနောင်နဲ့ဆောင်းချယ်ရီရဲ့ ချစ်သူသက်တမ်း ငါးလလုံး အကောင်းဆုံးသူငယ်ချင်းတစ်
ယောက်အနေနဲ့ သူတို့ဘေးမှာ ရပ်တည်ခဲ့ပါတယ်။ တချို့နေ့တွေဆို မင်းနောင်မပါပဲဆောင်းချယ်ရီကို အိမ်အပြန်လိုက်ပို့ဖူးပေမယ့်
ဘတ်စ်ကားထိုင်ခုံတောင် ဘေးချင်းကပ် မထိုင်ခဲ့ဘူး။ သူတို့နှစ်ယောက်ဟာ ချစ်သူသက်တမ်း
တိုသေးပေမယ့် မကြာခင် တွဲလက်မြဲဆက်ဖို့
စီစဉ်နေကြပါပြီ။ ကျွန်တော်ကိုယ်၌ကလည်း
ရွှေလက်ခုပ် လှိုင်လှိုင်တီးခဲ့ပါတယ်။
"လာပါ သူငယ်ချင်းရာ။ ငါတစ်ယောက်တည်း
ပျင်းလို့ပါ"
သူငယ်ချင်းဆေးကျောင်းသားက အတင်းခေါ်လို့ သူ့အမဆေးခန်းကို ရောက်ခဲ့တယ်။
အဝင်မှာတုန်းက မျက်နှာမသာမယာနဲ့ ဆေးခန်း
က ပြန်ထွက်သွားတဲ့ မင်းနောင်အဆက်ဟောင်း
သူဇာကိုတွေ့တော့ ဘာရယ်မဟုတ်ဘူး သူငယ်
ချင်းအမကို မေးမိတယ်။
"သူဇာက နေမကောင်းလို့
ဆေးခန်းလာပြတာလား"
"မောင်လေးက သူဇာ့ကို သိလို့လား"
"ခင်တော့ခင်ပါတယ်။ ကျွန်တော့်သူငယ်ချင်းနဲ့
တော့ ပိုပြီးပက်သက်ဖူးတာပေါ့။ သူ့အဆက်
ဟောင်းလေ"
"အဆက်ဟောင်း"
သူငယ်ချင်းအမက ဆက်မပြောသေးပဲ
စဉ်းစားသလို လုပ်ပြီးမှ
"သူတို့က ဘယ်အတိုင်းအတာထိ
ဖြစ်ခဲ့ကြသေးလဲ"
"ဟို...ဟိုလေ အဲ...အဲဒါက"
"ကောင်းပြီ။ မောင်လေးကို ပြောပြသင့်တယ်လို့
အမထင်တယ်"
..........
(၄)
"မင်းနောင် ငါ့ဆီအခုလာခဲ့"
".........."
"ဘာမှထပ်မမေးနဲ့ လာဆိုလာခဲ့ကွာ"
တင်းတင်းဆုပ်ထားတဲ့ လက်သီးတွေက
တဆတ်ဆတ်တုန်နေတယ်။ ဖြစ်နိုင်ရင်
အချိန်တွေကို နောက်ပြန်ရစ်လိုက်ချင်တယ်။
"ဘာလဲကွာ မင်းကလည်း အရေးတကြီးနဲ့"
"ဪ မင်းရောက်လာပြီကိုး။
ကဲကွာ မိုက်ဦး။ မိုက်ချင်ဦး"
ကျွန်တော် မင်းနောင်ကို စိတ်ရှိလက်ရှိ
ထိုးကြိတ်ပစ်လိုက်တယ်။ မင်းနောင်က
နားမလည်သလို မျက်လုံးတွေနဲ့ပြန်ကြည့်တော့
ကျွန်တော် ဝမ်းနည်းတကြီး ငိုမိပြန်တယ်။
"ဘာလဲ ဘာတွေဖြစ်နေတာလဲ နေသူ။ ငါ့ကို
ပြောဦးလေ။ မင်းငါ့ကိုထိုးတယ်။
ပြီးတော့ငိုတယ်။ ပြောလေကွာ ဘာတွေလဲ"
ကျွန်တော်စိတ်မကောင်းစွာ သူ့ကိုကြည့်မိတယ်။
"သူငယ်ချင်း။ အချစ်ဆုံးသူငယ်ချင်း။
မင်း အရမ်းကို မိုက်မဲတယ်ကွာ။ မင်း...မင်း
စိတ်တော့ခိုင်ခိုင်ထားကွာ။ သူဇာ...သူဇာ့မှာ..."
"သူဇာ...သူဇာဘာဖြစ်လို့လဲ"
"သူဇာ့မှာ HIVပိုး ရှိနေတယ်တဲ့ကွာ။ တောက်!"
မင်းနောင် ငြိမ်ကျသွားတယ်။ပြီးမှ
"သေချာလား သူငယ်ချင်း"
ကျွန်တော်ခေါင်းညိမ့်ပြတော့ မင်းနောင်
ချူံးပွဲချငိုပြီ။ ကျွန်တော့်ကိုလည်း
"ထိုး...ငါ့ကိုထပ်ထိုးစမ်းပါ သူငယ်ချင်းရာ။
ငါအရမ်း မိုက်မဲတယ်။ ထိုးစမ်းပါ မင်းမထိုးရင်
ငါ့ကိုယ်ငါလုပ်ရမှ ကျေနပ်မယ် အီး..ဟီး"
ပြောပြီး မင်းနောင်က မြေကြီးကို ခေါင်းနဲ့
ဆောင့်နေတယ်။
"သူငယ်ချင်း..တော်ပါပြီသူငယ်ချင်းရာ။ငါလည်း
အရမ်းခံစားရပါတယ်ကွာ"
ကျွန်တော်တို့သူငယ်ချင်းနှစ်ယောက်
တစ်ယောက်ကိုတစ်ယောက် တင်းတင်းကျပ်ကျပ်ဖက်ပြီး ငိုမိကြပါတယ်။အဆောင်ပြန်ရောက်တော့ မင်းနောင်က ကုတင်ပေါ်မှာ
ငုတ်တုတ်ထိုင် ငေးမှိုင်လို့။ ကျွန်တော်အိပ်ပျော်
သွားတော့ အိပ်မက်ထဲမှာ မင်းနောင်မျက်နှာပဲ
မြင်နေမိတယ်။
.......................
(၄)
မင်းနောင် အဆောင်ကနေထွက်သွားတာ
လေးရက်လောက်ရှိပြီ။ ဆောင်းချယ်ရီကိုတော့ ဖုန်းဆက်သွားလေသတဲ့။ လက်ထပ်ဖို့ကိစ္စစီစဉ်ဖို့ နယ်ပြန်သွားတယ်တဲ့။ဆောင်းချယ်ရီကတော့ အဖြစ်အပျက်တွေကို မသိရှာသေးဘူးကိုး။ အဲဒီနောက်ပိုင်း လုံးဝကို ဆက်သွယ်လို့မရတော့ဘူး။ ကျွန်တော် အရမ်းစိတ်ပူမိတယ်။သူမရှိတဲ့နောက်ပိုင်း တော်တော်နဲ့ အိပ်မပျော်ဖြစ်ဘူး။
ကျွန်တော် သူ့အကြောင်းတွေးနေတုန်းမှာ
သူ့ဆီက ဖုန်းဝင်လာပါတယ်။
"ဟာ...သူငယ်ချင်း။ မင်း ဘယ်ရောက်နေတာလဲကွာ။ မဟုတ်တာတွေ လျှောက်မလုပ်နဲ့နော်။ ပြန်လာခဲ့ပါကွာ"
"နေသူ...မင်းအခုချက်ချင်း ဆောင်းချယ်ရီဆီကို
သွားပေးပါ"
"ဟင် ဘာဖြစ်လို့လဲ။ ည ဆယ့်နှစ်နာရီ ရှိနေပြီလေ"
"အရေးကြီးလို့ပါကွာ။ ငါ နည်းနည်းနောက်ကျ
မှာမို့လို့ မင်းကိုအရင်လွှတ်လိုက်တာလို့ ပြောထားပေး။ သူစောင့်နေတဲ့ နေရာက......."
ပြောပြီးတာနဲ့ သူ့ဘက်က ဖုန်းချသွားတယ်။
ပြန်ဆက်တော့လည်း စက်ပိတ်ထားတယ်။ သူ
ဘာတွေလျှောက်လုပ်နေပါလိမ့်။
သူပြောတဲ့နေရာ ချက်ချင်းရောက်သွားတော့ ဆောင်းချယ်ရီက အထုပ်အပိုးတွေနဲ့
စောင့်နေတယ်။ ခိုးရာလိုက်ဖို့တဲ့။ ဟာ ဘာတွေ
လဲ။ ဘာတွေဖြစ်နေတာလဲ။
"သူ ဘာလို့နောက်ကျနေတာလဲဟင်"
ကျွန်တော် ဘာပြန်ပြောရမှန်းမသိ။ ခေါင်း
ထဲမှာ ရှုပ်ထွေးနေတာပဲသိတယ်။
"ဟို...ဟိုလေ ငါ့ကိုလည်း ဘာမှပြောမထားဘူးဟ။ နောက်ကျမှာမို့ အရင်သွားစောင့်ပေးပါလို့ပဲ မှာသွားတယ်။ ဖုန်းထပ်ဆက်
တော့လည်း မရတော့ဘူး"
"ဟုတ်တယ်။ ငါဆက်တာလည်း မရဘူး။ ဒုက္ခပါ
ပဲဟာ။ အိမ်မှာလည်း စာရေးထားခဲ့ပြီ။ ခိုးရာလိုက်သွားပြီလို့။ အခုချိန်ဆို အကုန်သိကုန်
လောက်ပြီ"
အချိန်က တဖြည်းဖြည်းနဲ့ မနက်လေးနာရီ
နား ရောက်လာပြီ။ ဆောင်းချယ်ရီလည်း ငိုမဲ့မဲ့
ဖြစ်လာပြီ။ ဒီကောင်ကွာ ဘာဖြစ်လို့ ဒီလိုလုပ်ရတာလဲ။ ဘယ်လိုမှမဖြစ်နိုင်တာကြီးကို ဘာလို့
ဆောင်းချယ်ရီကို ချိန်းထားရတာလဲ။ မဖြစ်ဘူး
ကျွန်တော် အကြောင်းစုံရှင်းပြမှ ဖြစ်တော့မယ်။
"ဆောင်းချယ်ရီ။ ငါနင့်ကို အကြောင်းစုံရှင်းပြဖို့
လိုလာပြီထင်တယ်"
ဆောင်းချယ်ရီက နားမလည်သလိုမျက်ဝန်း
နဲ့ကြည့်နေတယ်။
"သူခွင့်မပြုလည်း ငါပြောပြမှ ဖြစ်တော့မယ်။
နင် စိတ်အေးအေးထားနော်။ အဖြစ်က......"
အရာအားလုံးကို ဇာတ်ကြောင်းစုံရှင်းပြပြီး
မင်းနောင်မှာ HIV ပိုး ကူးခံထားရကြောင်း
မပြောချင်ပဲနဲ့ ပြောလိုက်ရပါတော့တယ်။
ဆောင်းချယ်ရီ ရှိုက်ကြီးတငင်ငိုနေတာ
မြင်ရတော့ ကျွန်တော်ပါ ရောငိုမိတယ်။
"ဒီ...ဒီအကြောင်းတွေကို ဘာဖြစ်လို့ သူငါ့ကို
မပြောခဲ့တာလဲ။ အဟင့်..ဟင့်။ ဒါဆို ဒီည ငါ့ကို
ဘာလို့ ချိန်းခဲ့သေးလဲ။ သွားပြီ ငါတော့ဒုက္ခပါပဲ
ဟာ"
ကျွန်တော် အရဲစွန့်ပြီး စကားတစ်ခွန်း ပြော
လိုက်တယ်။
"ငါ နင့်ကို စောင့်ရှောက်ပါရစေ"
ဆောင်းချယ်ရီကျွန်တော့်ကို အကြည့်စူးစူးနဲ့
ပြန်ကြည့်တယ်။ ပြီးတော့ နှုတ်ခမ်းကိုဖိကိုက်
တစ်ဖက်ပြန်လှည့်သွားပြီး မျက်နှာကို
လက်ဝါးနှစ်ဖက်နဲ့အုပ်လို့ မနားတမ်းငိုနေပါတော့တယ်။
................
(၅)
ဒီနေ့ ကျွန်တော်နဲ့ ဆောင်းချယ်ရီရဲ့
မင်္ဂလာဧည့်ခံပွဲ အဆင်ပြေစွာ ပြီးဆုံးခဲ့ပါတယ်။
ရွှင်ပျမှုမရှိတဲ့ ဆောင်းချယ်ရီရဲ့မျက်နှာကို
အရိပ်တကြည့်ကြည့် ကြည့်ရင်း ကျွန်တော်ကိုယ်တိုင်လည်း ရင်မောခဲ့ရပါတယ်။ သူက
ကျွန်တော့်ကို မတတ်သာလို့ ရွေးချယ်ခဲ့တာဖြစ်တဲ့အတွက် အခုချိန်ထိ သူ့ကိုကျွန်တော် အသားယူမှု မပြုခဲ့ပါဘူး။ သူ့ရင်ထဲကအချစ်တွေ
ကျွန်တော်မှ မရသေးပဲ။
အခန်းထဲဝင်လိုက်တော့ လက်ဆောင်ပါ
ဆယ်ထုပ်တွေကြားမှာ စာတစ်ဆောင်နဲ့ စာအုပ်
တစ်အုပ်ကိုင်ပြီး ငူငူကြီးထိုင်နေတဲ့သူ့အနား
ကျွန်တော်ဝင်ထိုင်လိုက်တယ်။ စာအုပ်က
ပျောက်နေတဲ့ ကျွန်တော့်ဒိုင်ယာရီ စာအုပ်ကလေးပဲ။ ဖွင့်ထားတဲ့ ပါဆယ်ထုပ်ကိုကြည့်လိုက်တော့ ပေးပို့သူနာမည်က မင်းနောင်။
ဆောင်းချယ်ရီက ကျွန်တော့်လက်ထဲကို
စာထည့်ပေးတယ်။
သို့
ချစ်သူငယ်ချင်းတို့ရေ
အရင်ဆုံး နေသူကို စပြောမယ်ကွာ
နေသူ မင်းဟာလေ အရမ်းနေနိုင်တဲ့ကောင်
မင်း ဆောင်းချယ်ရီကိုချစ်နေတာ ဘာလို့အရင်
ဖွင့်မပြောခဲ့တာလဲ။ ငါတို့က သဲသဲကိုလို့ ထင်ထားတာကွ။ ဟား..ဟား အဲဒီနေ့က ငါတို့ကလည်း စတာ လွန်သွားတာကိုး။ ငါထွက်
မသွားခင်ညကမှ မင်းဒိုင်ယာရီလေးဖတ်မိလို့
အကြောင်းစုံသိလိုက်ရတာ။ ဆောရီးပါကွာ ခွင့်
မတောင်းပဲဖတ်မိတဲ့အပြင် ယူသွားခဲ့တဲ့အတွက်။ အခုတော့ ပြန်ထည့်
ပေးလိုက်ပြီ။ မင်းအချစ်ကိုနားလည်လို့ ဆောင်း
ချယ်ရီကို ချိန်းပေးလိုက်တာပါ။ မင်းငါ့ကို စိတ်မဆိုးနဲ့တော့နော်။
ကဲ...ဆောင်းချယ်ရီရေ
နင့်ကိုတော့ ငါတောင်းပန်ပါတယ်။ ငါ့မိုက်ပြစ်တွေက အလွယ်တကူမှ သန့်စင်လို့မရတော့တာ
လမ်းခွဲလိုက်တာ အကောင်းဆုံးပေါ့။ ဖြစ်ခဲ့သမျှ
တွေအားလုံးကို ဆောင်းအိပ်မက်လို့ပဲ သဘော
ထားလိုက်ပါတော့။ နေသူလက်ထဲ အပ်လိုက်
တာတော့ စိတ်မဆိုးပါနဲ့ဟာ။ ဒီကောင်ကြီးက
အရမ်းစိတ်ကောင်းတာဟ။ နင်သူ့ကို ချစ်သွား
မှာပါ။ ပြီးတော့ သူသာလျှင် နင်နဲ့အထိုက်တန်ဆုံး။ သူနင့်ကို ဘယ်လောက်ချစ်တယ်ဆိုတာ
သူ့ဒိုင်ယာရီဖတ်ရင် နင်သဘောပေါက်မှာပါ။
ငါကတော့ ရောက်ရာနေရာမှာ ပျော်အောင်နေ
တော့မယ်။ နင်တို့ချစ်ခရီး နှစ်ရာကျော်ရှည်ပါစေ။ ဒါပဲနော်
နင်တို့ရဲ့
အချစ်ဆုံးသူငယ်ချင်း မင်းနောင်
စာဖတ်လို့ဆုံးသွားတော့ ကျွန်တော်
မင်းနောင်ကို အရမ်းသတိရသွားတယ်။ သူငယ်ချင်း မင်းဘယ်မှာလဲကွာ။
ဆောင်းချယ်ရီက ကျွန်တော်ကြားယုံလောက်လေသံနဲ့ လေးလေးနက်နက် ပြောလာတယ်။
"ငါတို့ မင်းနောင်ကို ရအောင်ဆက်သွယ်ပြီး ပြန်
ခေါ်မှဖြစ်မယ်။ အဲဒီရောဂါမျိုးက ဆေးမှန်မှန်
သောက်ပြီး စိတ်ချမ်းသာအောင်နေရင် သာမန်လူလိုပဲ အသက်စေ့အောင်နေနိုင်တဲ့အကြောင်း
သူ့ကိုပြောရမယ်။ သူ့ကို ပစ်ပယ်ထားလို့ မရဘူး"
ကျွန်တော် ခေါင်းညိမ့်လိုက်တယ်။
ဆောင်းချယ်ရီရဲ့ လက်ကလေးကို ခပ်ဖွဖွဆုပ်ကိုင်ထားလိုက်တော့ သူကလည်း အလိုက်သင့်
ပြန်ဆုပ်ကိုင်လာတယ်။
ကျွန်တော် တစ်ခုတော့ တောင်းဆိုပါရစေ။
အကယ်၍ သွားရင်းလာရင်းနဲ့ဖြစ်ဖြစ် ကျွန်တော့်သူငယ်ချင်းကို တွေ့ခဲ့မိသော်။ ကျွန်တော်တို့အားလုံး စောင့်မျှော်နေသည့်အတွက် အမြန်
ပြန်လာပါလို့ တဆိတ်လောက် ပြောပေးကြပါခင်ဗျာ။
နတ်စောင်း(ကျိုက်ထို)
၆ ဇန်န၀ါရီ ၂၀၁၆
No comments:
Post a Comment