Apr 8, 2017

ထိုင္ပါရေစ

Zawgyi version

"ထိုင္ပါရေစ" (မင္းလူ)
===============

"ျမန္မာလူမ်ဳိးေတြဟာ အားရင္ လက္ဖက္ရည္ဆိုင္ပဲ ထိုင္ေနၾကတာပဲ"ဆိုေသာစကားကို မၾကာခဏ ၾကားရသည္။ ႏိုင္ငံျခားသားေတြက ေျပာျခင္းေတာ့မဟုတ္။ ျမန္မာအခ်င္းခ်င္းက ျပန္ေျပာျခင္းသာျဖစ္၏။ အထူးသျဖင့္ အလုပ္ႏွင့္လက္မျပတ္ေအာင္ လုပ္ရင္း တိုးတက္ႀကီးပြားဖို႔ အၿမဲႀကံစည္ေနသူမ်ားႏွင့္ ႏိုင္ငံျခားမွာ အလုပ္သြားလုပ္ဖူးသူတခ်ဳိ႕က ေျပာၾကျခင္းျဖစ္၏။

    ႏိုင္ငံျခားသားေတြကေတာ့ ျမန္မာမ်ား လက္ဖက္ရည္ဆိုင္ထိုင္ၾကျခင္းႏွင့္ပတ္သက္၍ ကဲ့ရဲ႕ရႈံ႕ခ်တာမ်ဳိး သိပ္မရွိလွဘူး ထင္၏။ ရွိခ်င္းရွိလွ်င္ လက္ဖက္ရည္ဆိုင္မွာ ေအးေအးေဆးေဆးထိုင္ႏိုင္ေလာက္ေအာင္ အခ်ိန္ေတြခ်မ္းသာေနေသာ ျမန္မာေတြကို အားက်ျခင္း၊ မနာလိုျခင္းတို႔သာ ျဖစ္ႏိုင္ဖို႔မ်ားသည္။ သူတို႔ခမ်ာ တစ္ေနကုန္ မနားမေန အလုပ္လုပ္ေနၾကရွာတာမဟုတ္လား။

    လက္ဖက္ရည္ဆိုင္ထိုင္ျခင္းအေလ့အထသည္ ႏိုင္ငံျခားယဥ္ေက်းမႈမွ ကူးစက္လာျခင္းဟု အတိအက် စြပ္စြဲလို႔မရ။ ျမန္မာ့ယဥ္ေက်းမႈစစ္စစ္ရယ္လို႔လည္း အခိုင္အမာမေျပာႏိုင္။ ဆက္ႏြယ္ပတ္သက္မႈေတာ့ရွိသည္ဟု ဆိုေကာင္းဆိုႏိုင္သည္။

    ေရွးအစဥ္အဆက္ကတည္းက လက္ဖက္ရည္ဆိုင္ထိုင္ျခင္းႏွင့္ ခပ္ဆင္ဆင္တူေသာ အေလ့အထတစ္ခုရွိခဲ့၏။ ေတာရြာမ်ားတြင္ အိမ္ေရွ႕ေတြမွာ ကြပ္ပ်စ္ႀကီးေတြ ထားတတ္သည္။ ညဘက္ လသာခ်ိန္က်လွ်င္ လူႀကီးပိုင္း၊ လူလတ္ပိုင္းတို႔သည္ ကြပ္ပ်စ္ေပၚမွာထိုင္၍ လက္ဖက္၊ ေျမပဲေၾကာ္၊ ထန္းလ်က္၊ ငါးေျခာက္ဖုတ္ စသည္တို႔ကို ေရေႏြးၾကမ္းႏွင့္ျမည္းရင္း ၀ိုင္းဖြဲ႕စကား ေျပာတတ္ၾကသည္။ ဘာသာေရး၊ ေဗဒင္ယၾတာ၊ ေလာကဓာတ္ပညာႏွင့္ ရပ္ေရးရြာေရးတို႔ကို ေဆြးေႏြးတတ္ၾကသည္။ ေကာင္းကင္ ၾကည္လင္ေသာညမ်ားမွာ နကၡတ္တာရာမ်ားအေၾကာင္း ေျပာၾကသည္။

    ခပ္လွမ္းလွမ္းမွာ မိန္းမပ်ဳိေလးေတြက ဗိုင္းငင္ရင္း၊ ၀ါဖန္႔ရင္း သူတို႔ခ်င္း စကားတြတ္ထိုးခ်င္ထိုး၊ လူႀကီး၀ိုင္းကစကားကို တေစ့တေစာင္း နားေထာင္ခ်င္ေထာင္၊ တလင္းေျပာင္ေျပာင္မွာေတာ့ ကေလးေတြက ထုပ္စည္းထိုးတမ္း၊ ဖန္ခံုတမ္း  ကစားေနၾကသည္။

    ျမန္မာတို႔၏အပန္းေျဖနည္းတစ္နည္းပင္ျဖစ္၏။ ဒီလိုနဲ႔ အသိပညာေတြ၊ ဗဟုသုတေတြကို ဖလွယ္ၾက လက္ဆင့္ကမ္းခဲ့ၾကသည္။ ခုခ်ိန္ထိ ဒီလိုဓေလ့မ်ဳိးေတြ ေက်းလက္ေဒသတခ်ဳိ႕မွာ ရွိေနေသး၏။

    ၿမိဳ႕ႀကီးေတြမွာေတာ့ လူေနမႈစနစ္ေတြ ေျပာင္းကုန္သျဖင့္ ထိုဓေလ့မွာ ေခတ္ႏွင့္အညီ တစ္မ်ဳိးတစ္ဖံု ဆန္းသစ္သြားသည္ဟု ဆိုႏိုင္သည္။ လက္ဖက္ရည္ဆိုင္ထိုင္ျခင္းအေလ့အထသည္ ျမန္မာ့ရိုးရာလက္ဖက္ရည္ၾကမ္း၀ိုင္းမွ အသြင္ေျပာင္း ဆင္းသက္လာေလ သလားဟု ယူဆစဥ္းစားစရာရွိပါသည္။

                *    *     *

    ျမန္မာတို႔သည္ အိမ္နီးနားခ်င္းမ်ား၊ ေဆြမ်ဳိးမ်ား၊ မိတ္ေဆြသူငယ္ခ်င္းမ်ားႏွင့္၀ိုင္းဖြဲ႕ၿပီး ေထြရာေလးပါး စကားေျပာ ရသည္ကို အလြန္ခံုမင္တတ္ၾက၏။ ခုခ်ိန္ထိလည္း အမ်ားစုက ဒီသေဘာအတိုင္းရွိေနေသးသည္။ ထိုဆႏၵကို အေကာင္းဆံုး ျဖည့္စြမ္းေပးႏိုင္တာက လက္ဖက္ရည္ဆိုင္မ်ားပဲျဖစ္၏။

    တကယ္ေတာ့ ဒီလိုဓေလ့စရိုက္မ်ဳိးသည္ ျမန္မာတစ္ႏိုင္ငံတည္းမွာရွိတာမဟုတ္။ အာရွႏိုင္ငံ အေတာ္မ်ားမ်ားမွာရွိ၏။ အေမရိကားမွာပင္ လြန္ခဲ့ေသာႏွစ္ေပါင္းသံုးဆယ္ေလာက္အထိ ရွိခဲ့ေသးသည္ဟု စာအုပ္ေတြထဲမွာ ဖတ္ရသည္။ ေနာက္ေတာ့မွ တိုးတက္ျဖစ္ေပၚလာေသာ ရုပ္၀တၳဳပစၥည္းေတြေနာက္ကို အမီလိုက္ႏိုင္ရန္ အလုပ္ကို မနားမေနလုပ္ရင္း ေငြကို အသည္းအသန္ ရွာၾကရာမွ အခ်ိန္ေတြရွားပါးကုန္ျခင္းသာျဖစ္သည္ဟု ဆို၏။

    ျပင္သစ္ႏိုင္ငံမွာေတာ့ ခုခ်ိန္ထိ လက္ဖက္ရည္ဆိုင္ထိုင္ေသာ အေလ့အထရွိေနတုန္းပင္ျဖစ္၏။ ပါရီၿမိဳ႕ေတာ္၏ နာမည္ေက်ာ္ ေရွာင္ဇလီေဇလမ္းမႀကီး၏ ပလက္ေဖာင္းေပၚတြင္ လမ္းေဘးလက္ဖက္ရည္ဆိုင္ကေလးေတြရွိ၏။ ကၽြန္ေတာ္တို႔ဆီကဆိုင္ေတြလိုပင္ ပလက္ေဖာင္းေပၚမွာ အမိုးအကာမပါဘဲ ခင္းက်င္းထားသည္။ လြတ္လြတ္လပ္လပ္ထိုင္ႏိုင္သည္။ စာေရးဆရာ၊ ပန္းခ်ီဆရာ စေသာ အႏုပညာသမားမ်ားသည္ ထိုဆိုင္ကေလးမ်ားမွာ ဆံုတတ္ၾကသည္။

    တခ်ဳိ႕ဆိုင္ေတြဆိုလွ်င္ သူတို႔ဆိုင္သည္ သက္တမ္းဘယ္ေလာက္ရွိခဲ့ၿပီျဖစ္ေၾကာင္း၊ ဘယ္စာေရးဆရာႀကီး၊ ဘယ္ပန္းခ်ီဆရာႀကီး၊ အယ္ဒီတာဆရာႀကီးတို႔သည္ ဘယ္စားပြဲမွာ ပံုမွန္လာထိုင္ေလ့ရွိေၾကာင္း စသည္ျဖင့္ ဂုဏ္ယူတတ္ၾကသည္။ ဒါကို ကဖီးဆိုင္ယဥ္ေက်းမႈဟု ေခၚၾကေၾကာင္း စာအုပ္ေတြထဲမွာ ဖတ္ဖူးသည္။

    "ဂ်ပန္တို႔၊ စကၤာပူတို႔မွာ ခုလို လက္ဖက္ရည္ဆိုင္ထိုင္ၿပီး အခ်ိန္ျဖဳန္းေနတာ မေတြ႕ဖူးေပါင္"

    ဟု ေျပာသူကေျပာသည္။ သူတို႔ဆီမွာ အလုပ္ဆင္းခ်ိန္က်လွ်င္ အိမ္တန္းမျပန္ႏိုင္ေသးဘဲ ဘီယာဆိုင္၀င္ထိုင္ၾကတာ၊ စေနေန႔တစ္ညလံုး လဲေအာင္၊ ကြဲေအာင္ေသာက္ၿပီး တနဂၤေႏြတစ္ေန႔လံုး အရက္နာက်ၿပီး မထႏိုင္ၾကတာမ်ဳိးကိုေတာ့ အလုပ္ခ်ိန္ အပမွာပဲဆိုၿပီး ခၽြင္းခ်က္ထားေလသလားမသိ။

                *    *     *

    တခ်ဳိ႕က ျမန္မာေတြ လက္ဖက္ရည္ဆိုင္ထိုင္တာ အလဟႆအခ်ိန္ျဖဳန္းေနတာ၊ အလုပ္မလုပ္ခ်င္လို႔ အပ်င္းထူေနတာဟု စြပ္စြဲခ်င္သည္။ ဟုတ္သင့္သေလာက္ေတာ့ ဟုတ္ပါသည္။ လက္ဖက္ရည္ဆိုင္မွာ တစ္ခ်ိန္လံုးလိုလိုထိုင္ၿပီး အရည္မရ၊ အဖတ္မရ စကားေတြေျပာလိုက္၊ ထီဂဏန္းေတြတြက္လိုက္ လုပ္ေနသူေတြရွိပါသည္။ အလုပ္အကိုင္ မည္မည္ရရလုပ္ဖို႔မႀကိဳးစားဘဲ ဆိုင္မွာထိုင္ၿပီး အခ်ိန္ျဖဳန္းတတ္သူေတြလည္းရွိပါသည္။ ဒါတြင္မက ညေနဘက္က်ေတာ့ အရက္ဆိုင္ပါ ေျပာင္းထိုင္တတ္သူေတြလည္း  ရွိပါသည္။ သို႔ရာတြင္ ဒီလိုလူမ်ဳိးက လူနည္းစုသာျဖစ္၏။

    အမ်ားစုအတြက္ေတာ့ လက္ဖက္ရည္ဆိုင္ထုိင္ျခင္းတြင္ သူ႕အေၾကာင္းျပခ်က္ႏွင့္သူ အသီးသီးျဖစ္ႏိုင္၏။

    ကၽြန္ေတာ္တို႔ငယ္ငယ္တုန္းကဆိုလွ်င္ လူႀကီးပိုင္းေတြသာ လက္ဖက္ရည္ဆိုင္ထိုင္ၾကသည္။ အထူးသျဖင့္ အဘိုးႀကီးေတြ ျဖစ္၏။ သူတို႔သည္ အိမ္မွာေနရတာ အထီးက်န္ဆန္ေသာေၾကာင့္လည္းေကာင္း၊ နားပူသက္သာခ်င္ေသာေၾကာင့္လည္းေကာင္း၊ အၿငီးေျပ အာရံုေျပာင္းလဲမႈရေစရန္အတြက္လည္းေကာင္း ထိုင္ၾကျခင္းျဖစ္၏။ တခ်ဳိ႕က သတင္းစာဖတ္သည္။ တခ်ဳိ႕က ေရဒီယို နားေထာင္၊ တခ်ဳိ႕ကေတာ့ တိုင္းေရးျပည္ေရး ဘာသာေရးအေၾကာင္း ေဆြးေႏြးၾကသည္။ တခ်ဳိ႕ကလည္း မိသားစုအေရးကိစၥမ်ား ရင္ဖြင့္ၾကသည္။ က်ားထိုးသူ၊ စစ္တုရင္ထိုးသူမ်ားလည္းရွိ၏။

    လူငယ္ေတြေတာ့ လက္ဖက္ရည္ဆုိင္ထိုင္ေလ့မရွိ။ ဆံပင္ညွပ္ဆိုင္မွာသာ စုရပ္လုပ္ေလ့ရွိ၏။ ညဘက္က်လွ်င္ေတာ့ လမ္းထိပ္က အုတ္ခံုတို႔၊ ဘုရားကုန္းေတာ္တို႔၊ မီးကင္းတုိ႔မွာထိုင္ၿပီး ေထြရာေလးပါးေျပာၾက သီခ်င္းဆိုၾကသည္။

    ကၽြန္ေတာ္သည္ ဆယ္တန္းအထိ လက္ဖက္ရည္ဆိုင္ မထိုင္တတ္ေသး။ ၿခံထိပ္ကအုတ္ခံုမွာ ညဘက္ ဂစ္တာတီး သီခ်င္းဆိုတာေတာ့ရွိေနၿပီ။ တကၠသိုလ္ေရာက္ေတာ့ ဦးခ်စ္လက္ဖက္ရည္ဆိုင္ဆိုတာ နာမည္ႀကီးလြန္း၍ သြားထိုင္ၾကည့္သည္။ ထုိအခါမွစ၍ လက္ဖက္ရည္ဆိုင္ထိုင္တတ္ေသာအက်င့္ကို စြဲခဲ့ရာ ခုခ်ိန္ထိပင္ျဖစ္၏။

    ခုေခတ္မွာေတာ့ လူငယ္ေတာ္ေတာ္မ်ားမ်ား လက္ဖက္ရည္ဆိုင္ထိုင္ေနၾကၿပီ။ ဒီအေလ့အထက စတီရီယိုသီခ်င္းမ်ား၏ အစဦးပိုင္းႏွင့္အတူ ေခတ္စားလာျခင္းျဖစ္သည္ဟု ထင္ရ၏။ ကက္ဆက္ရီေကာ္ဒါေလးေတြ ေပၚဦးစက ရွားပါးပစၥည္းမို႔ လူတိုင္း မ၀ယ္ႏိုင္ၾက။ စတီရီယိုသီခ်င္းေတြကလည္း အခ်ိန္ရစျပဳလာၿပီ။ ထိုအခါ လာဘ္ျမင္ေသာ လက္ဖက္ရည္ဆိုင္ေတြက ကက္ဆက္ ၀ယ္ၿပီး စတီရီယိုသီခ်င္းေတြဖြင့္ၾကသည္။ လူငယ္ေတြက သီခ်င္းနားေထာင္ခ်င္ေသာေၾကာင့္ သြားထိုင္ၾကသည္။

    မွတ္မိသေလာက္ဆိုလွ်င္ ကၽြန္ေတာ္တို႔ရပ္ကြက္ထဲက ကိုခင္ေမာင္သန္းတို႔ညီအစ္ကိုေတြက မိုးျပာကဖီးဆိုေသာ လက္ဖက္ရည္ဆိုင္တစ္ဆိုင္ဖြင့္သည္။ သူတို႔ဆိုင္မွာ မင္းမင္းလတ္၊ ပေလးဘြိဳင္းသန္းႏိုင္တို႔၏သီခ်င္းေတြ ဖြင့္ေပးသည္။ သူတို႔ဆုိင္သည္ ျမန္မာျပည္တြင္ စတီရီယိုသီခ်င္းေတြ ပထမဆံုးစဖြင့္ေသာဆိုင္ေတြထဲမွာ တစ္ဆိုင္အပါအ၀င္ျဖစ္ခဲ့၏။ ထို႔ေၾကာင့္ ကၽြန္ေတာ္တုိ႔သဃၤန္းကၽြန္းမွသာမက ေတာင္ဥကၠလာ၊ သု၀ဏၰ၊ တာေမြဘက္မွ လူငယ္ေတြေတာင္ လာထိုင္ၾကသည္။

    ေနာက္ပိုင္းက်ေတာ့ သီခ်င္းနားေထာင္ရံုသက္သက္အတြက္ မဟုတ္ေတာ့။ ေခတ္ေတြေျပာင္းလာေတာ့ လူေနမႈ ပံုစံေတြလည္း ေျပာင္းလာသည္။ လူဦးေရကမ်ားလာၿပီး ေနရာထိုင္ခင္းက က်ဥ္းလာသည္။ အိပ္ခန္းေသးေသး၊ တိုက္ခန္းက်ဥ္းက်ဥ္းေတြထဲမွာ စုၿပံဳေနၾကရသည္။ လူငယ္ေတြအတြက္ အေနႀကံဳ႕သလို လူႀကီးအတြက္လည္း နားေအးပါးေအးမရွိ။ ဒီၾကားထဲ ဧည့္သည္လာလွ်င္ မဆိုင္သူက ေရွာင္ေပးရ၏။ အိမ္အတြင္းခန္းထဲ ၀င္ေနခ်င္ေန၊ အိမ္ျပင္ထြက္ခ်င္ထြက္၊ ဒီေတာ့ လူငယ္မ်ားသည္ ေလွကားရင္းမွာျဖစ္ေစ၊ လမ္းထိပ္အုတ္ခံုမွာျဖစ္ေစ၊ လက္ဖက္ရည္ဆိုင္မွာျဖစ္ေစ သြားထိုင္ၿပီး လြတ္လပ္မႈကို ရွာရေတာ့သည္။

    ထို႔အတူ လူႀကီးေတြအဖို႔လည္း ဧည့္ခန္းကို သားသမီးေျမးျမစ္ေတြက အပိုင္စီးထားလိုက္ေသာအခါ လြတ္ရာ ကၽြတ္ရာျဖစ္ေသာ လက္ဖက္ရည္ဆိုင္သို႔ "စေတး"ေရွာင္ထြက္ရေလသည္။

    လက္ဖက္ရည္ဆိုင္ေတြမွာ လူက်တတ္သည့္အခ်ိန္သည္ သူ႕အရပ္ေဒသကိုလိုက္၍ အမ်ဳိးမ်ဳိးရွိတတ္၏။ ရန္ကုန္ၿမိဳ႕လယ္က ဆိုင္ေတြကေတာ့ အၿမဲလိုလို လူမ်ားေနေလ့ရွိ၏။ ထို႔ေၾကာင့္ ရန္ကုန္ၿမိဳ႕လယ္တြင္ အလုပ္မရွိ အကိုင္မရွိသူေတြ ပိုမ်ားသည္ဟု ေျပာလို႔ မရပါ။ ၿမိဳ႕လယ္ေခါင္တြင္ လက္ဖက္ရည္ဆိုင္ထုိင္ျခင္းသည္လည္း အလုပ္တစ္ခုလုပ္ေနျခင္းပင္ျဖစ္တတ္ေလ၏။

    ၿမိဳ႕ထဲမွာ ရံုးခန္းတစ္ေနရာရဖို႔ မလြယ္လွ။ ထို႔ေၾကာင့္ သာမန္လူတို႔သည္ ေျပာစရာ ဆိုစရာကိစၥရွိလွ်င္ လက္ဖက္ရည္ဆိုင္ ကိုသာ ရံုးခန္းလုပ္ၾကရ၏။ လူခ်င္းဆံုလွ်င္ လက္ဖက္ရည္ဆိုင္ကိုသာ ခ်ိန္းဆိုၾကရ၏။ အလုပ္ပင္ပန္းလို႔ အေမာေျဖခ်င္လွ်င္ လက္ဖက္ရည္ဆိုင္မွာ ၀င္နားရ၏။ ေငြ ဆယ္ဂဏန္းအနည္းငယ္အကုန္ခံရံုျဖင့္ နာရီေပါင္း အတန္ၾကာထိုင္ နားေထာင္ခြင့္လည္းရ၊ လက္ဖက္ရည္လည္းေသာက္ရ၊ ေရေႏြးၾကမ္းလည္း တစ္အိုးၿပီးတစ္အုိး၊ ႀကိဳက္သေလာက္ ေသာက္လို႔ရတဲ့ေနရာမ်ဳိး ကမၻာမွာ မရွိသေလာက္ရွားပါလိမ့္မည္။

    ဆင္ေျခဖံုးအရပ္မွာရွိေသာ လက္ဖက္ရည္ဆိုင္ေတြကေတာ့ မနက္ပိုင္းႏွင့္ ညပိုင္းေလာက္မွာသာ လူစည္ကားတတ္သည္။ ေန႔လယ္ပိုင္းမွာေတာ့ ေျခာက္ေျခာက္ကပ္ကပ္ ၿဖိဳးၿဖိဳးေျဖာက္ေျဖာက္သာျဖစ္၏။ မနက္ပိုင္းမွာ အခ်ိန္လု၍ လက္ဖက္ရည္ဆိုင္ ထိုင္ၾကရ၏။ မနက္ေစာေစာအတြက္ ၀မ္းကိုျဖည့္ရင္း ေန႔သစ္အတြက္ အားယူၾကရ၏။ ၿပီးေတာ့ အလုပ္ခြင္သို႔ အမီေျပးၾကရသည္။ ညဘက္က်ေတာ့မွ ေအးေအးေဆးေဆး အခ်ိန္ယူထိုင္ရင္း အနားယူၾကရျခင္းျဖစ္ေလ၏။

    ကၽြန္ေတာ္တုိ႔ရပ္ကြက္ထဲမွ သူငယ္ခ်င္းတစ္ေယာက္သည္ ဒဂံုၿမိဳ႕သစ္ေတာင္ပိုင္း အစြန္အဖ်ားသို႔ ေျပာင္းေရႊ႕သြားၿပီးေနာက္ လက္ဖက္ရည္ဆိုင္ဖြင့္သည္။ သူ႕ဆိုင္မွာ တစ္ေနကုန္ လူႏွစ္ေယာက္သံုးေယာက္သာ ထိုင္တဲ့လူရွိ၏။ ည၈ နာရီေလာက္က်မွ ၀ိုင္းေတြ ျပည့္လွ်ံေလာက္ေအာင္ လူစည္ကားလာသည္ဟု ဆို၏။ မနက္အေစာႀကီးကတည္းက အလုပ္သြားၾကၿပီး ညမိုးခ်ဳပ္မွ ျပန္ေရာက္။ ဒီေတာ့မွ ထမင္းဟင္းခ်က္စားၿပီးမွ လက္ဖက္ရည္ဆိုင္ထိုင္တဲ့လူက ထိုင္၊ ဗီဒီယိုရံုသြားတဲ့လူကသြားၾကရတာကိုး။

                *    *     *

    အရက္ဆိုင္ႏွင့္ လက္ဖက္ရည္ဆိုင္တို႔တြင္ လူေပါင္းစံုလာသည္ဟု ဆိုၾက၏။ တကယ္ေတာ့ သေဘာသဘာ၀ခ်င္း ထပ္တူမဟုတ္။

    အရက္ဆိုင္မွာ သူ႕အလႊာအလိုက္ ကြဲျပားမႈရွိႏိုင္သည္။ ေငြေၾကးတတ္ႏိုင္သူေတြက ဟိုတယ္တက္၊ ကာရာအုိေက သြား၊ ပန္းကံုးစြပ္၊ အလယ္အလတ္သမားက ရက္စေတာရင့္ထိုင္၊ စည္ဘီယာဆိုင္သြား၊ အေျခခံလူတန္းစားက ဘီအီးေသာက္၊ ေအာက္ဆံုးလႊာေတြကေတာ့ ေတာအရက္ကိုင္။

    လက္ဖက္ရည္ဆိုင္က်ေတာ့ ဒီလိုမဟုတ္။ ေစ်းအလြန္ႀကီးေသာဆိုင္အနည္းငယ္မွလြဲလွ်င္ အမ်ားစုမွာ ေစ်းႏႈန္းခ်င္း မတိမ္းမယိမ္းျဖစ္၏။ လူအမ်ားစု လက္လွမ္းမီႏိုင္ေသာအေျခအေန။ ၿပီးေတာ့ လက္ဖက္ရည္ဆုိင္ဆိုသည္မွာ ခမ္းခမ္းနားနား ရွိမွမဟုတ္။ လြတ္လြတ္လပ္လပ္ က်ယ္က်ယ္၀န္း၀န္းရွိၿပီး လက္ဖက္ရည္ေကာင္းဖို႔၊ မုန္႔မ်ဳိးစံုဖို႔သာ အေရးႀကီးသည္။ လက္ဖက္ရည္သမားစစ္စစ္တို႔သည္ လက္ဖက္ရည္သာ ေကာင္းပါေစ ကုကၠိဳလ္ပင္ရိပ္မွာ ေခြးေျခကေလးႏွင့္ထိုင္ရလည္း ေက်ေက်နပ္နပ္ထိုင္မွာပါပဲ။

    လက္ဖက္ရည္ဆိုင္မ်ားမွာ လူတန္းစားခြဲျခားမႈလည္းမရွိ။ အလုပ္လက္မဲ့မ်ား၊ လက္လုပ္လက္စားမ်ား၊ ပ်ံက်ေစ်းသည္မ်ား၊ ဆိုကၠားဆရာမ်ား၊ တကၠစီဆရာ၊ အႏုပညာသမား၊ ၀န္ထမ္းမ်ား၊ အရာရွိမ်ား၊ ေရွ႕ေနမ်ား၊ ဆရာ၀န္မ်ား၊ ေက်ာင္းဆရာမ်ား၊ လုပ္ငန္းရွင္မ်ား၊ ပြဲစားမ်ား စသျဖင့္ လူတန္းစားေပါင္းစံု ေရာေႏွာထိုင္ၾကသည္။ လက္ဖက္ရည္ကို ရိုးရိုးနဲ႔ ရွယ္ခြဲထားတာ တစ္ခုသာေျပာစရာရွိ၏။ သို႔တိုင္ေအာင္ ရွယ္ေသာက္သူက ရိုးရိုးသမားကို အထင္အျမင္ေသးျခင္းမရွိ။ တစ္၀ိုင္းတည္းမွာပင္ ရွယ္ႏွင့္ ရိုးရိုး ကိုယ္ ႀကိဳက္ရာမွာၾကသည္။ ဘာမွျပႆနာမရွိ။

                *    *     *

    ကၽြန္ေတာ္သည္ ေန႔စဥ္ မနက္တစ္ႀကိမ္၊ ညတစ္ႀကိမ္ လက္ဖက္ရည္ဆိုင္ ပံုမွန္ထိုင္တတ္သည္။ သူငယ္ခ်င္းေတြ၊ ရပ္ကြက္ထဲကမိတ္ေဆြေတြႏွင့္ဆံုလွ်င္ ေထြရာေလးပါး စကားေျပာသည္။ တစ္ေယာက္တည္းျဖစ္ေနလွ်င္ စဥ္းစားသည္။ စိတ္ကူးႏွင့္ စာေရးၾကည့္ေနသည္။

    လက္ဖက္ရည္ဆိုင္မွာက လူစံုသည္။ စကားစံုသည္။ စရိုက္မ်ဳိးစံုကို ျမင္ရ ေတြ႕ရ၊ ေလ့လာရသည္။ တကယ့္အျဖစ္အပ်က္ ဇာတ္လမ္းေပါင္းစံုကို ၾကားရသည္။ ကၽြန္ေတာ့္၀တၳဳေတြထဲမွာ ဒါေတြကို ျပန္သံုးရသည္။ ကၽြန္ေတာ့္အတြက္ လက္ဖက္ရည္ဆိုင္ ထိုင္ျခင္းသည္ အပ်င္းေျပ၊ အနားယူအပန္းေျဖျခင္းျဖစ္သလို စာေရးဖို႔ကုန္ၾကမ္းရွာျခင္း၊ စိတ္ကူးစိတ္သန္းထုတ္ျခင္း၊ ေရးလက္စကို ေရွ႕ဆက္ဖို႔ အားေမြးျခင္းလည္းျဖစ္၏။ ကၽြန္ေတာ့္အဖို႔ေတာ့ လက္ဖက္ရည္ဆိုင္ထုိင္ရတာ အက်ဳိးရွိသည္ဟု ဆိုရမည္။ လက္ဖက္ရည္က်စိမ့္တစ္ခြက္ကို ဇိမ္ခံေသာက္ရတာ အရသာရွိသလို ေထြရာေလးပါးစကားေျပာရ၊ ေတြး ေငးရတာကလည္း စြဲမက္စရာေကာင္းသည့္ ခံစားမႈတစ္မ်ဳိးျဖစ္ေၾကာင္း လက္ဖက္ရည္သမားခ်င္းေတာ့ ကိုယ္ခ်င္းစာႏိုင္ၾကလိမ့္မည္ထင္၏။

    ဒီေနရာမွာ လက္ဖက္ရည္ေသာက္ျခင္းသည္ က်န္းမာေရးႏွင့္ညီညြတ္မႈရွိမရွိ စဥ္းစားရန္ရွိလာပါသည္။ ထိုကိစၥႏွင့္ ပတ္သက္ၿပီး မဂၢဇင္းတစ္အုပ္ထဲမွာပါေသာ က်န္းမာေရးျပႆနာအေမးအေျဖက႑တစ္ခုကို သတိရမိ၏။ ေျဖၾကားသူမွာ နာမည္ေက်ာ္ ဆရာ၀န္စာေရးဆရာႀကီးတစ္ဦးျဖစ္၏။

    ပထမေမးခြန္းမွာ လက္ဖက္ရည္၊ ေကာက္ဖီေသာက္ျခင္း၏အက်ဳိးအျပစ္မ်ားကို ေမးထားသည္။ ဆရာ၀န္ႀကီးက လက္ဖက္ေျခာက္ႏွင့္ ေကာ္ဖီမႈန္႔တို႔ထဲတြင္ ပါ၀င္ေသာ ဓာတ္သဘာ၀မ်ားအေၾကာင္းကို အရင္ရွင္းျပသည္။ ထို႔ေနာက္ လက္ဖက္ရည္၊ ေကာ္ဖီတို႔ကို အသင့္အတင့္ေသာက္လွ်င္ ကိုယ္စိတ္ႏွစ္ပါး လန္းဆန္းတက္ၾကြၿပီး အပန္းေျဖေစႏိုင္ေၾကာင္း၊ လြန္လြန္ကဲကဲ ေသာက္လွ်င္ေတာ့ ရင္တုန္ျခင္း၊ ညဘက္မ်က္စိေၾကာင္ၿပီး အိပ္ေရးပ်က္ေစျခင္း၊ အစားအေသာက္ပ်က္ျခင္း၊ ရင္ခံၿပီး အစားအေသာက္မမွန္သျဖင့္ အစာအိမ္ေရာဂါ၊ ေလနာေရာဂါတို႔ျဖစ္ႏိုင္ေၾကာင္း၊ လက္ဖက္ေျခာက္တြင္ အညံ့စားဆိုးေဆးမ်ား ထည့္ထားျခင္း၊ ႏို႔ဆီထဲတြင္ ေဆးသၾကားႏွင့္ တာရွည္ခံဓာတုပစၥည္းမ်ားလြန္ကဲစြာ ပါ၀င္ေနတာမ်ဳိးဆိုလွ်င္ အႏၱရာယ္ရွိႏိုင္ေၾကာင္း၊ လက္ဖက္ေျခာက္ႏွင့္ ေကာ္ဖီသက္သက္ေၾကာင့္ေတာ့ တိုက္ရိုက္အားျဖင့္ ေရာဂါအႏၱရာယ္ျဖစ္ပြားမႈနည္းပါးေၾကာင္း၊ ဆင္ဆင္ျခင္ျခင္ ေသာက္လွ်င္ ကန္႔ကြက္ရန္မရွိေၾကာင္း ေျဖၾကားထားသည္။

    ေနာက္ေမးခြန္းတစ္ခုကေတာ့ လက္ဖက္ရည္၊ ေကာ္ဖီကိုမေသာက္ဘဲ ျဖတ္ပစ္သင့္ပါသလားဟူ၍ျဖစ္၏။ ထိုေမးခြန္းကိုေတာ့ ဆရာ၀န္ႀကီးက တိုတိုရွင္းရွင္းပင္ေျဖပါသည္။

    "ကိုယ့္မွာ လက္ဖက္ရည္၊ ေကာ္ဖီနဲ႔မတည့္တဲ့ေရာဂါျဖစ္ေနရင္ေတာ့ ျဖတ္ရမွာေပါ့။ က်န္းမာေနတဲ့လူတစ္ေယာက္ အေနနဲ႔ကေတာ့ လက္ဖက္ရည္ေလး၊ ေကာ္ဖီေလးမွ မေသာက္ရေတာ့ဘူးဆိုရင္ (ေလာကႀကီးမွာ)ဘာလုပ္ေတာ့မွာလဲဗ်ာ"

    ထိုေျဖၾကားခ်က္ကို ေတာ္ေတာ္သေဘာက်မိ၏။ လက္ဖက္ရည္ႏွင့္ပတ္သက္၍ ေျပာတဲ့ဆိုတဲ့အခါတိုင္း ထိုစကားေလးကို ကိုးကားမိ၏။

                *    *     *

    လက္ဖက္ရည္ဆိုင္ထိုင္ျခင္းသည္ ေကာင္းသလား၊ မေကာင္းဘူးလား ဆိုေသာကိစၥမွာ ကိုယ့္အယူအဆႏွင့္ကိုယ္သာ ျဖစ္၏။ လက္ဖက္ရည္ဆိုင္ထိုင္ရသည့္အရသာကို မခံစားဖူသူမ်ားအတြက္ေတာ့ မေျပာတတ္။

    ပင္လယ္ကမ္းေျခမွာလည္း အနားမယူႏိုင္၊ အပန္းေျဖခရီးလည္း မသြားႏိုင္၊ ဟိုတယ္လည္း မတက္ႏိုင္၊ ကာရာအိုေက မွာလည္း ပန္းကံုးမစြပ္ႏိုင္၊ စားေသာက္ဆိုင္ႀကီးေတြမွာလည္း မသံုးႏိုင္၊ မျဖဳန္းႏိုင္ၾကရွာေသာ သာမန္အေျခခံလူတန္းစားေတြအဖို႔ေတာ့ လက္ဖက္ရည္ဆိုင္မ်ားကိုသာ နားခိုရာအျဖစ္ အားကိုးၾကရပါသည္။ ထို႔ေၾကာင့္ ထိုင္ပါရေစဟု ေမတၱာရပ္ခံရျခင္း ျဖစ္ပါသည္။

မင္းလူ

-------------
စိမ္းေရာင္လြင္မဂၢဇင္း

၂၀၀၀

Unicode version

"ထိုင်ပါရစေ" (မင်းလူ)
===============

"မြန်မာလူမျိုးတွေဟာ အားရင် လက်ဖက်ရည်ဆိုင်ပဲ ထိုင်နေကြတာပဲ"ဆိုသောစကားကို မကြာခဏ ကြားရသည်။ နိုင်ငံခြားသားတွေက ပြောခြင်းတော့မဟုတ်။ မြန်မာအချင်းချင်းက ပြန်ပြောခြင်းသာဖြစ်၏။ အထူးသဖြင့် အလုပ်နှင့်လက်မပြတ်အောင် လုပ်ရင်း တိုးတက်ကြီးပွားဖို့ အမြဲကြံစည်နေသူများနှင့် နိုင်ငံခြားမှာ အလုပ်သွားလုပ်ဖူးသူတချို့က ပြောကြခြင်းဖြစ်၏။

    နိုင်ငံခြားသားတွေကတော့ မြန်မာများ လက်ဖက်ရည်ဆိုင်ထိုင်ကြခြင်းနှင့်ပတ်သက်၍ ကဲ့ရဲ့ရှုံ့ချတာမျိုး သိပ်မရှိလှဘူး ထင်၏။ ရှိချင်းရှိလျှင် လက်ဖက်ရည်ဆိုင်မှာ အေးအေးဆေးဆေးထိုင်နိုင်လောက်အောင် အချိန်တွေချမ်းသာနေသော မြန်မာတွေကို အားကျခြင်း၊ မနာလိုခြင်းတို့သာ ဖြစ်နိုင်ဖို့များသည်။ သူတို့ခမျာ တစ်နေကုန် မနားမနေ အလုပ်လုပ်နေကြရှာတာမဟုတ်လား။

    လက်ဖက်ရည်ဆိုင်ထိုင်ခြင်းအလေ့အထသည် နိုင်ငံခြားယဉ်ကျေးမှုမှ ကူးစက်လာခြင်းဟု အတိအကျ စွပ်စွဲလို့မရ။ မြန်မာ့ယဉ်ကျေးမှုစစ်စစ်ရယ်လို့လည်း အခိုင်အမာမပြောနိုင်။ ဆက်နွယ်ပတ်သက်မှုတော့ရှိသည်ဟု ဆိုကောင်းဆိုနိုင်သည်။

    ရှေးအစဉ်အဆက်ကတည်းက လက်ဖက်ရည်ဆိုင်ထိုင်ခြင်းနှင့် ခပ်ဆင်ဆင်တူသော အလေ့အထတစ်ခုရှိခဲ့၏။ တောရွာများတွင် အိမ်ရှေ့တွေမှာ ကွပ်ပျစ်ကြီးတွေ ထားတတ်သည်။ ညဘက် လသာချိန်ကျလျှင် လူကြီးပိုင်း၊ လူလတ်ပိုင်းတို့သည် ကွပ်ပျစ်ပေါ်မှာထိုင်၍ လက်ဖက်၊ မြေပဲကြော်၊ ထန်းလျက်၊ ငါးခြောက်ဖုတ် စသည်တို့ကို ရေနွေးကြမ်းနှင့်မြည်းရင်း ဝိုင်းဖွဲ့စကား ပြောတတ်ကြသည်။ ဘာသာရေး၊ ဗေဒင်ယတြာ၊ လောကဓာတ်ပညာနှင့် ရပ်ရေးရွာရေးတို့ကို ဆွေးနွေးတတ်ကြသည်။ ကောင်းကင် ကြည်လင်သောညများမှာ နက္ခတ်တာရာများအကြောင်း ပြောကြသည်။

    ခပ်လှမ်းလှမ်းမှာ မိန်းမပျိုလေးတွေက ဗိုင်းငင်ရင်း၊ ဝါဖန့်ရင်း သူတို့ချင်း စကားတွတ်ထိုးချင်ထိုး၊ လူကြီးဝိုင်းကစကားကို တစေ့တစောင်း နားထောင်ချင်ထောင်၊ တလင်းပြောင်ပြောင်မှာတော့ ကလေးတွေက ထုပ်စည်းထိုးတမ်း၊ ဖန်ခုံတမ်း  ကစားနေကြသည်။

    မြန်မာတို့၏အပန်းဖြေနည်းတစ်နည်းပင်ဖြစ်၏။ ဒီလိုနဲ့ အသိပညာတွေ၊ ဗဟုသုတတွေကို ဖလှယ်ကြ လက်ဆင့်ကမ်းခဲ့ကြသည်။ ခုချိန်ထိ ဒီလိုဓလေ့မျိုးတွေ ကျေးလက်ဒေသတချို့မှာ ရှိနေသေး၏။

    မြို့ကြီးတွေမှာတော့ လူနေမှုစနစ်တွေ ပြောင်းကုန်သဖြင့် ထိုဓလေ့မှာ ခေတ်နှင့်အညီ တစ်မျိုးတစ်ဖုံ ဆန်းသစ်သွားသည်ဟု ဆိုနိုင်သည်။ လက်ဖက်ရည်ဆိုင်ထိုင်ခြင်းအလေ့အထသည် မြန်မာ့ရိုးရာလက်ဖက်ရည်ကြမ်းဝိုင်းမှ အသွင်ပြောင်း ဆင်းသက်လာလေ သလားဟု ယူဆစဉ်းစားစရာရှိပါသည်။

                *    *     *

    မြန်မာတို့သည် အိမ်နီးနားချင်းများ၊ ဆွေမျိုးများ၊ မိတ်ဆွေသူငယ်ချင်းများနှင့်ဝိုင်းဖွဲ့ပြီး ထွေရာလေးပါး စကားပြော ရသည်ကို အလွန်ခုံမင်တတ်ကြ၏။ ခုချိန်ထိလည်း အများစုက ဒီသဘောအတိုင်းရှိနေသေးသည်။ ထိုဆန္ဒကို အကောင်းဆုံး ဖြည့်စွမ်းပေးနိုင်တာက လက်ဖက်ရည်ဆိုင်များပဲဖြစ်၏။

    တကယ်တော့ ဒီလိုဓလေ့စရိုက်မျိုးသည် မြန်မာတစ်နိုင်ငံတည်းမှာရှိတာမဟုတ်။ အာရှနိုင်ငံ အတော်များများမှာရှိ၏။ အမေရိကားမှာပင် လွန်ခဲ့သောနှစ်ပေါင်းသုံးဆယ်လောက်အထိ ရှိခဲ့သေးသည်ဟု စာအုပ်တွေထဲမှာ ဖတ်ရသည်။ နောက်တော့မှ တိုးတက်ဖြစ်ပေါ်လာသော ရုပ်ဝတ္ထုပစ္စည်းတွေနောက်ကို အမီလိုက်နိုင်ရန် အလုပ်ကို မနားမနေလုပ်ရင်း ငွေကို အသည်းအသန် ရှာကြရာမှ အချိန်တွေရှားပါးကုန်ခြင်းသာဖြစ်သည်ဟု ဆို၏။

    ပြင်သစ်နိုင်ငံမှာတော့ ခုချိန်ထိ လက်ဖက်ရည်ဆိုင်ထိုင်သော အလေ့အထရှိနေတုန်းပင်ဖြစ်၏။ ပါရီမြို့တော်၏ နာမည်ကျော် ရှောင်ဇလီဇေလမ်းမကြီး၏ ပလက်ဖောင်းပေါ်တွင် လမ်းဘေးလက်ဖက်ရည်ဆိုင်ကလေးတွေရှိ၏။ ကျွန်တော်တို့ဆီကဆိုင်တွေလိုပင် ပလက်ဖောင်းပေါ်မှာ အမိုးအကာမပါဘဲ ခင်းကျင်းထားသည်။ လွတ်လွတ်လပ်လပ်ထိုင်နိုင်သည်။ စာရေးဆရာ၊ ပန်းချီဆရာ စသော အနုပညာသမားများသည် ထိုဆိုင်ကလေးများမှာ ဆုံတတ်ကြသည်။

    တချို့ဆိုင်တွေဆိုလျှင် သူတို့ဆိုင်သည် သက်တမ်းဘယ်လောက်ရှိခဲ့ပြီဖြစ်ကြောင်း၊ ဘယ်စာရေးဆရာကြီး၊ ဘယ်ပန်းချီဆရာကြီး၊ အယ်ဒီတာဆရာကြီးတို့သည် ဘယ်စားပွဲမှာ ပုံမှန်လာထိုင်လေ့ရှိကြောင်း စသည်ဖြင့် ဂုဏ်ယူတတ်ကြသည်။ ဒါကို ကဖီးဆိုင်ယဉ်ကျေးမှုဟု ခေါ်ကြကြောင်း စာအုပ်တွေထဲမှာ ဖတ်ဖူးသည်။

    "ဂျပန်တို့၊ စင်္ကာပူတို့မှာ ခုလို လက်ဖက်ရည်ဆိုင်ထိုင်ပြီး အချိန်ဖြုန်းနေတာ မတွေ့ဖူးပေါင်"

    ဟု ပြောသူကပြောသည်။ သူတို့ဆီမှာ အလုပ်ဆင်းချိန်ကျလျှင် အိမ်တန်းမပြန်နိုင်သေးဘဲ ဘီယာဆိုင်ဝင်ထိုင်ကြတာ၊ စနေနေ့တစ်ညလုံး လဲအောင်၊ ကွဲအောင်သောက်ပြီး တနင်္ဂနွေတစ်နေ့လုံး အရက်နာကျပြီး မထနိုင်ကြတာမျိုးကိုတော့ အလုပ်ချိန် အပမှာပဲဆိုပြီး ချွင်းချက်ထားလေသလားမသိ။


                *    *     *

    တချို့က မြန်မာတွေ လက်ဖက်ရည်ဆိုင်ထိုင်တာ အလဟဿအချိန်ဖြုန်းနေတာ၊ အလုပ်မလုပ်ချင်လို့ အပျင်းထူနေတာဟု စွပ်စွဲချင်သည်။ ဟုတ်သင့်သလောက်တော့ ဟုတ်ပါသည်။ လက်ဖက်ရည်ဆိုင်မှာ တစ်ချိန်လုံးလိုလိုထိုင်ပြီး အရည်မရ၊ အဖတ်မရ စကားတွေပြောလိုက်၊ ထီဂဏန်းတွေတွက်လိုက် လုပ်နေသူတွေရှိပါသည်။ အလုပ်အကိုင် မည်မည်ရရလုပ်ဖို့မကြိုးစားဘဲ ဆိုင်မှာထိုင်ပြီး အချိန်ဖြုန်းတတ်သူတွေလည်းရှိပါသည်။ ဒါတွင်မက ညနေဘက်ကျတော့ အရက်ဆိုင်ပါ ပြောင်းထိုင်တတ်သူတွေလည်း  ရှိပါသည်။ သို့ရာတွင် ဒီလိုလူမျိုးက လူနည်းစုသာဖြစ်၏။

    အများစုအတွက်တော့ လက်ဖက်ရည်ဆိုင်ထိုင်ခြင်းတွင် သူ့အကြောင်းပြချက်နှင့်သူ အသီးသီးဖြစ်နိုင်၏။

    ကျွန်တော်တို့ငယ်ငယ်တုန်းကဆိုလျှင် လူကြီးပိုင်းတွေသာ လက်ဖက်ရည်ဆိုင်ထိုင်ကြသည်။ အထူးသဖြင့် အဘိုးကြီးတွေ ဖြစ်၏။ သူတို့သည် အိမ်မှာနေရတာ အထီးကျန်ဆန်သောကြောင့်လည်းကောင်း၊ နားပူသက်သာချင်သောကြောင့်လည်းကောင်း၊ အငြီးပြေ အာရုံပြောင်းလဲမှုရစေရန်အတွက်လည်းကောင်း ထိုင်ကြခြင်းဖြစ်၏။ တချို့က သတင်းစာဖတ်သည်။ တချို့က ရေဒီယို နားထောင်၊ တချို့ကတော့ တိုင်းရေးပြည်ရေး ဘာသာရေးအကြောင်း ဆွေးနွေးကြသည်။ တချို့ကလည်း မိသားစုအရေးကိစ္စများ ရင်ဖွင့်ကြသည်။ ကျားထိုးသူ၊ စစ်တုရင်ထိုးသူများလည်းရှိ၏။

    လူငယ်တွေတော့ လက်ဖက်ရည်ဆိုင်ထိုင်လေ့မရှိ။ ဆံပင်ညှပ်ဆိုင်မှာသာ စုရပ်လုပ်လေ့ရှိ၏။ ညဘက်ကျလျှင်တော့ လမ်းထိပ်က အုတ်ခုံတို့၊ ဘုရားကုန်းတော်တို့၊ မီးကင်းတို့မှာထိုင်ပြီး ထွေရာလေးပါးပြောကြ သီချင်းဆိုကြသည်။

    ကျွန်တော်သည် ဆယ်တန်းအထိ လက်ဖက်ရည်ဆိုင် မထိုင်တတ်သေး။ ခြံထိပ်ကအုတ်ခုံမှာ ညဘက် ဂစ်တာတီး သီချင်းဆိုတာတော့ရှိနေပြီ။ တက္ကသိုလ်ရောက်တော့ ဦးချစ်လက်ဖက်ရည်ဆိုင်ဆိုတာ နာမည်ကြီးလွန်း၍ သွားထိုင်ကြည့်သည်။ ထိုအခါမှစ၍ လက်ဖက်ရည်ဆိုင်ထိုင်တတ်သောအကျင့်ကို စွဲခဲ့ရာ ခုချိန်ထိပင်ဖြစ်၏။

    ခုခေတ်မှာတော့ လူငယ်တော်တော်များများ လက်ဖက်ရည်ဆိုင်ထိုင်နေကြပြီ။ ဒီအလေ့အထက စတီရီယိုသီချင်းများ၏ အစဦးပိုင်းနှင့်အတူ ခေတ်စားလာခြင်းဖြစ်သည်ဟု ထင်ရ၏။ ကက်ဆက်ရီကော်ဒါလေးတွေ ပေါ်ဦးစက ရှားပါးပစ္စည်းမို့ လူတိုင်း မဝယ်နိုင်ကြ။ စတီရီယိုသီချင်းတွေကလည်း အချိန်ရစပြုလာပြီ။ ထိုအခါ လာဘ်မြင်သော လက်ဖက်ရည်ဆိုင်တွေက ကက်ဆက် ဝယ်ပြီး စတီရီယိုသီချင်းတွေဖွင့်ကြသည်။ လူငယ်တွေက သီချင်းနားထောင်ချင်သောကြောင့် သွားထိုင်ကြသည်။

    မှတ်မိသလောက်ဆိုလျှင် ကျွန်တော်တို့ရပ်ကွက်ထဲက ကိုခင်မောင်သန်းတို့ညီအစ်ကိုတွေက မိုးပြာကဖီးဆိုသော လက်ဖက်ရည်ဆိုင်တစ်ဆိုင်ဖွင့်သည်။ သူတို့ဆိုင်မှာ မင်းမင်းလတ်၊ ပလေးဘွိုင်းသန်းနိုင်တို့၏သီချင်းတွေ ဖွင့်ပေးသည်။ သူတို့ဆိုင်သည် မြန်မာပြည်တွင် စတီရီယိုသီချင်းတွေ ပထမဆုံးစဖွင့်သောဆိုင်တွေထဲမှာ တစ်ဆိုင်အပါအဝင်ဖြစ်ခဲ့၏။ ထို့ကြောင့် ကျွန်တော်တို့သင်္ဃန်းကျွန်းမှသာမက တောင်ဥက္ကလာ၊ သုဝဏ္ဏ၊ တာမွေဘက်မှ လူငယ်တွေတောင် လာထိုင်ကြသည်။

    နောက်ပိုင်းကျတော့ သီချင်းနားထောင်ရုံသက်သက်အတွက် မဟုတ်တော့။ ခေတ်တွေပြောင်းလာတော့ လူနေမှု ပုံစံတွေလည်း ပြောင်းလာသည်။ လူဦးရေကများလာပြီး နေရာထိုင်ခင်းက ကျဉ်းလာသည်။ အိပ်ခန်းသေးသေး၊ တိုက်ခန်းကျဉ်းကျဉ်းတွေထဲမှာ စုပြုံနေကြရသည်။ လူငယ်တွေအတွက် အနေကြုံ့သလို လူကြီးအတွက်လည်း နားအေးပါးအေးမရှိ။ ဒီကြားထဲ ဧည့်သည်လာလျှင် မဆိုင်သူက ရှောင်ပေးရ၏။ အိမ်အတွင်းခန်းထဲ ဝင်နေချင်နေ၊ အိမ်ပြင်ထွက်ချင်ထွက်၊ ဒီတော့ လူငယ်များသည် လှေကားရင်းမှာဖြစ်စေ၊ လမ်းထိပ်အုတ်ခုံမှာဖြစ်စေ၊ လက်ဖက်ရည်ဆိုင်မှာဖြစ်စေ သွားထိုင်ပြီး လွတ်လပ်မှုကို ရှာရတော့သည်။

    ထို့အတူ လူကြီးတွေအဖို့လည်း ဧည့်ခန်းကို သားသမီးမြေးမြစ်တွေက အပိုင်စီးထားလိုက်သောအခါ လွတ်ရာ ကျွတ်ရာဖြစ်သော လက်ဖက်ရည်ဆိုင်သို့ "စတေး"ရှောင်ထွက်ရလေသည်။

    လက်ဖက်ရည်ဆိုင်တွေမှာ လူကျတတ်သည့်အချိန်သည် သူ့အရပ်ဒေသကိုလိုက်၍ အမျိုးမျိုးရှိတတ်၏။ ရန်ကုန်မြို့လယ်က ဆိုင်တွေကတော့ အမြဲလိုလို လူများနေလေ့ရှိ၏။ ထို့ကြောင့် ရန်ကုန်မြို့လယ်တွင် အလုပ်မရှိ အကိုင်မရှိသူတွေ ပိုများသည်ဟု ပြောလို့ မရပါ။ မြို့လယ်ခေါင်တွင် လက်ဖက်ရည်ဆိုင်ထိုင်ခြင်းသည်လည်း အလုပ်တစ်ခုလုပ်နေခြင်းပင်ဖြစ်တတ်လေ၏။

    မြို့ထဲမှာ ရုံးခန်းတစ်နေရာရဖို့ မလွယ်လှ။ ထို့ကြောင့် သာမန်လူတို့သည် ပြောစရာ ဆိုစရာကိစ္စရှိလျှင် လက်ဖက်ရည်ဆိုင် ကိုသာ ရုံးခန်းလုပ်ကြရ၏။ လူချင်းဆုံလျှင် လက်ဖက်ရည်ဆိုင်ကိုသာ ချိန်းဆိုကြရ၏။ အလုပ်ပင်ပန်းလို့ အမောဖြေချင်လျှင် လက်ဖက်ရည်ဆိုင်မှာ ဝင်နားရ၏။ ငွေ ဆယ်ဂဏန်းအနည်းငယ်အကုန်ခံရုံဖြင့် နာရီပေါင်း အတန်ကြာထိုင် နားထောင်ခွင့်လည်းရ၊ လက်ဖက်ရည်လည်းသောက်ရ၊ ရေနွေးကြမ်းလည်း တစ်အိုးပြီးတစ်အိုး၊ ကြိုက်သလောက် သောက်လို့ရတဲ့နေရာမျိုး ကမ္ဘာမှာ မရှိသလောက်ရှားပါလိမ့်မည်။

    ဆင်ခြေဖုံးအရပ်မှာရှိသော လက်ဖက်ရည်ဆိုင်တွေကတော့ မနက်ပိုင်းနှင့် ညပိုင်းလောက်မှာသာ လူစည်ကားတတ်သည်။ နေ့လယ်ပိုင်းမှာတော့ ခြောက်ခြောက်ကပ်ကပ် ဖြိုးဖြိုးဖြောက်ဖြောက်သာဖြစ်၏။ မနက်ပိုင်းမှာ အချိန်လု၍ လက်ဖက်ရည်ဆိုင် ထိုင်ကြရ၏။ မနက်စောစောအတွက် ဝမ်းကိုဖြည့်ရင်း နေ့သစ်အတွက် အားယူကြရ၏။ ပြီးတော့ အလုပ်ခွင်သို့ အမီပြေးကြရသည်။ ညဘက်ကျတော့မှ အေးအေးဆေးဆေး အချိန်ယူထိုင်ရင်း အနားယူကြရခြင်းဖြစ်လေ၏။

    ကျွန်တော်တို့ရပ်ကွက်ထဲမှ သူငယ်ချင်းတစ်ယောက်သည် ဒဂုံမြို့သစ်တောင်ပိုင်း အစွန်အဖျားသို့ ပြောင်းရွှေ့သွားပြီးနောက် လက်ဖက်ရည်ဆိုင်ဖွင့်သည်။ သူ့ဆိုင်မှာ တစ်နေကုန် လူနှစ်ယောက်သုံးယောက်သာ ထိုင်တဲ့လူရှိ၏။ ည၈ နာရီလောက်ကျမှ ဝိုင်းတွေ ပြည့်လျှံလောက်အောင် လူစည်ကားလာသည်ဟု ဆို၏။ မနက်အစောကြီးကတည်းက အလုပ်သွားကြပြီး ညမိုးချုပ်မှ ပြန်ရောက်။ ဒီတော့မှ ထမင်းဟင်းချက်စားပြီးမှ လက်ဖက်ရည်ဆိုင်ထိုင်တဲ့လူက ထိုင်၊ ဗီဒီယိုရုံသွားတဲ့လူကသွားကြရတာကိုး။

                *    *     *

    အရက်ဆိုင်နှင့် လက်ဖက်ရည်ဆိုင်တို့တွင် လူပေါင်းစုံလာသည်ဟု ဆိုကြ၏။ တကယ်တော့ သဘောသဘာဝချင်း ထပ်တူမဟုတ်။

    အရက်ဆိုင်မှာ သူ့အလွှာအလိုက် ကွဲပြားမှုရှိနိုင်သည်။ ငွေကြေးတတ်နိုင်သူတွေက ဟိုတယ်တက်၊ ကာရာအိုကေ သွား၊ ပန်းကုံးစွပ်၊ အလယ်အလတ်သမားက ရက်စတောရင့်ထိုင်၊ စည်ဘီယာဆိုင်သွား၊ အခြေခံလူတန်းစားက ဘီအီးသောက်၊ အောက်ဆုံးလွှာတွေကတော့ တောအရက်ကိုင်။

    လက်ဖက်ရည်ဆိုင်ကျတော့ ဒီလိုမဟုတ်။ ဈေးအလွန်ကြီးသောဆိုင်အနည်းငယ်မှလွဲလျှင် အများစုမှာ ဈေးနှုန်းချင်း မတိမ်းမယိမ်းဖြစ်၏။ လူအများစု လက်လှမ်းမီနိုင်သောအခြေအနေ။ ပြီးတော့ လက်ဖက်ရည်ဆိုင်ဆိုသည်မှာ ခမ်းခမ်းနားနား ရှိမှမဟုတ်။ လွတ်လွတ်လပ်လပ် ကျယ်ကျယ်ဝန်းဝန်းရှိပြီး လက်ဖက်ရည်ကောင်းဖို့၊ မုန့်မျိုးစုံဖို့သာ အရေးကြီးသည်။ လက်ဖက်ရည်သမားစစ်စစ်တို့သည် လက်ဖက်ရည်သာ ကောင်းပါစေ ကုက္ကိုလ်ပင်ရိပ်မှာ ခွေးခြေကလေးနှင့်ထိုင်ရလည်း ကျေကျေနပ်နပ်ထိုင်မှာပါပဲ။

    လက်ဖက်ရည်ဆိုင်များမှာ လူတန်းစားခွဲခြားမှုလည်းမရှိ။ အလုပ်လက်မဲ့များ၊ လက်လုပ်လက်စားများ၊ ပျံကျဈေးသည်များ၊ ဆိုက္ကားဆရာများ၊ တက္ကစီဆရာ၊ အနုပညာသမား၊ ဝန်ထမ်းများ၊ အရာရှိများ၊ ရှေ့နေများ၊ ဆရာဝန်များ၊ ကျောင်းဆရာများ၊ လုပ်ငန်းရှင်များ၊ ပွဲစားများ စသဖြင့် လူတန်းစားပေါင်းစုံ ရောနှောထိုင်ကြသည်။ လက်ဖက်ရည်ကို ရိုးရိုးနဲ့ ရှယ်ခွဲထားတာ တစ်ခုသာပြောစရာရှိ၏။ သို့တိုင်အောင် ရှယ်သောက်သူက ရိုးရိုးသမားကို အထင်အမြင်သေးခြင်းမရှိ။ တစ်ဝိုင်းတည်းမှာပင် ရှယ်နှင့် ရိုးရိုး ကိုယ် ကြိုက်ရာမှာကြသည်။ ဘာမှပြဿနာမရှိ။

                *    *     *

    ကျွန်တော်သည် နေ့စဉ် မနက်တစ်ကြိမ်၊ ညတစ်ကြိမ် လက်ဖက်ရည်ဆိုင် ပုံမှန်ထိုင်တတ်သည်။ သူငယ်ချင်းတွေ၊ ရပ်ကွက်ထဲကမိတ်ဆွေတွေနှင့်ဆုံလျှင် ထွေရာလေးပါး စကားပြောသည်။ တစ်ယောက်တည်းဖြစ်နေလျှင် စဉ်းစားသည်။ စိတ်ကူးနှင့် စာရေးကြည့်နေသည်။

    လက်ဖက်ရည်ဆိုင်မှာက လူစုံသည်။ စကားစုံသည်။ စရိုက်မျိုးစုံကို မြင်ရ တွေ့ရ၊ လေ့လာရသည်။ တကယ့်အဖြစ်အပျက် ဇာတ်လမ်းပေါင်းစုံကို ကြားရသည်။ ကျွန်တော့်ဝတ္ထုတွေထဲမှာ ဒါတွေကို ပြန်သုံးရသည်။ ကျွန်တော့်အတွက် လက်ဖက်ရည်ဆိုင် ထိုင်ခြင်းသည် အပျင်းပြေ၊ အနားယူအပန်းဖြေခြင်းဖြစ်သလို စာရေးဖို့ကုန်ကြမ်းရှာခြင်း၊ စိတ်ကူးစိတ်သန်းထုတ်ခြင်း၊ ရေးလက်စကို ရှေ့ဆက်ဖို့ အားမွေးခြင်းလည်းဖြစ်၏။ ကျွန်တော့်အဖို့တော့ လက်ဖက်ရည်ဆိုင်ထိုင်ရတာ အကျိုးရှိသည်ဟု ဆိုရမည်။ လက်ဖက်ရည်ကျစိမ့်တစ်ခွက်ကို ဇိမ်ခံသောက်ရတာ အရသာရှိသလို ထွေရာလေးပါးစကားပြောရ၊ တွေး ငေးရတာကလည်း စွဲမက်စရာကောင်းသည့် ခံစားမှုတစ်မျိုးဖြစ်ကြောင်း လက်ဖက်ရည်သမားချင်းတော့ ကိုယ်ချင်းစာနိုင်ကြလိမ့်မည်ထင်၏။

    ဒီနေရာမှာ လက်ဖက်ရည်သောက်ခြင်းသည် ကျန်းမာရေးနှင့်ညီညွတ်မှုရှိမရှိ စဉ်းစားရန်ရှိလာပါသည်။ ထိုကိစ္စနှင့် ပတ်သက်ပြီး မဂ္ဂဇင်းတစ်အုပ်ထဲမှာပါသော ကျန်းမာရေးပြဿနာအမေးအဖြေကဏ္ဍတစ်ခုကို သတိရမိ၏။ ဖြေကြားသူမှာ နာမည်ကျော် ဆရာဝန်စာရေးဆရာကြီးတစ်ဦးဖြစ်၏။

    ပထမမေးခွန်းမှာ လက်ဖက်ရည်၊ ကောက်ဖီသောက်ခြင်း၏အကျိုးအပြစ်များကို မေးထားသည်။ ဆရာဝန်ကြီးက လက်ဖက်ခြောက်နှင့် ကော်ဖီမှုန့်တို့ထဲတွင် ပါဝင်သော ဓာတ်သဘာဝများအကြောင်းကို အရင်ရှင်းပြသည်။ ထို့နောက် လက်ဖက်ရည်၊ ကော်ဖီတို့ကို အသင့်အတင့်သောက်လျှင် ကိုယ်စိတ်နှစ်ပါး လန်းဆန်းတက်ကြွပြီး အပန်းဖြေစေနိုင်ကြောင်း၊ လွန်လွန်ကဲကဲ သောက်လျှင်တော့ ရင်တုန်ခြင်း၊ ညဘက်မျက်စိကြောင်ပြီး အိပ်ရေးပျက်စေခြင်း၊ အစားအသောက်ပျက်ခြင်း၊ ရင်ခံပြီး အစားအသောက်မမှန်သဖြင့် အစာအိမ်ရောဂါ၊ လေနာရောဂါတို့ဖြစ်နိုင်ကြောင်း၊ လက်ဖက်ခြောက်တွင် အညံ့စားဆိုးဆေးများ ထည့်ထားခြင်း၊ နို့ဆီထဲတွင် ဆေးသကြားနှင့် တာရှည်ခံဓာတုပစ္စည်းများလွန်ကဲစွာ ပါဝင်နေတာမျိုးဆိုလျှင် အန္တရာယ်ရှိနိုင်ကြောင်း၊ လက်ဖက်ခြောက်နှင့် ကော်ဖီသက်သက်ကြောင့်တော့ တိုက်ရိုက်အားဖြင့် ရောဂါအန္တရာယ်ဖြစ်ပွားမှုနည်းပါးကြောင်း၊ ဆင်ဆင်ခြင်ခြင် သောက်လျှင် ကန့်ကွက်ရန်မရှိကြောင်း ဖြေကြားထားသည်။

    နောက်မေးခွန်းတစ်ခုကတော့ လက်ဖက်ရည်၊ ကော်ဖီကိုမသောက်ဘဲ ဖြတ်ပစ်သင့်ပါသလားဟူ၍ဖြစ်၏။ ထိုမေးခွန်းကိုတော့ ဆရာဝန်ကြီးက တိုတိုရှင်းရှင်းပင်ဖြေပါသည်။

    "ကိုယ့်မှာ လက်ဖက်ရည်၊ ကော်ဖီနဲ့မတည့်တဲ့ရောဂါဖြစ်နေရင်တော့ ဖြတ်ရမှာပေါ့။ ကျန်းမာနေတဲ့လူတစ်ယောက် အနေနဲ့ကတော့ လက်ဖက်ရည်လေး၊ ကော်ဖီလေးမှ မသောက်ရတော့ဘူးဆိုရင် (လောကကြီးမှာ)ဘာလုပ်တော့မှာလဲဗျာ"

    ထိုဖြေကြားချက်ကို တော်တော်သဘောကျမိ၏။ လက်ဖက်ရည်နှင့်ပတ်သက်၍ ပြောတဲ့ဆိုတဲ့အခါတိုင်း ထိုစကားလေးကို ကိုးကားမိ၏။

                *    *     *

    လက်ဖက်ရည်ဆိုင်ထိုင်ခြင်းသည် ကောင်းသလား၊ မကောင်းဘူးလား ဆိုသောကိစ္စမှာ ကိုယ့်အယူအဆနှင့်ကိုယ်သာ ဖြစ်၏။ လက်ဖက်ရည်ဆိုင်ထိုင်ရသည့်အရသာကို မခံစားဖူသူများအတွက်တော့ မပြောတတ်။

    ပင်လယ်ကမ်းခြေမှာလည်း အနားမယူနိုင်၊ အပန်းဖြေခရီးလည်း မသွားနိုင်၊ ဟိုတယ်လည်း မတက်နိုင်၊ ကာရာအိုကေ မှာလည်း ပန်းကုံးမစွပ်နိုင်၊ စားသောက်ဆိုင်ကြီးတွေမှာလည်း မသုံးနိုင်၊ မဖြုန်းနိုင်ကြရှာသော သာမန်အခြေခံလူတန်းစားတွေအဖို့တော့ လက်ဖက်ရည်ဆိုင်များကိုသာ နားခိုရာအဖြစ် အားကိုးကြရပါသည်။ ထို့ကြောင့် ထိုင်ပါရစေဟု မေတ္တာရပ်ခံရခြင်း ဖြစ်ပါသည်။

မင်းလူ

-------------
စိမ်းရောင်လွင်မဂ္ဂဇင်း

၂၀၀၀

No comments:

Post a Comment