Zawgyi version
" အခုမွႏွေျမာၾကသလား ေမာင္ဗလေက်ာမွာ ဒဏ္ရာေတြနဲ႔ "
#မင္းလူ
ကိုသုေမာင္ ကြယ္လြန္ျခင္း တစ္လျပည့္ ဆြမ္းေကၽြးပြဲသို႔ ဆရာဦးေနမ်ိဳး တက္ေရာက္ ခ်ီးျမႇင့္သည္။ ဆရာက ကၽြန္ေတာ့္ကို စာရြက္တစ္ရြက္ လွမ္းေပးသည္။ ဖတ္ၾကည့္ေတာ့ ကိုသုေမာင္ အမွတ္တရ စာအုပ္ထုတ္မည္။ ေမာင္ဗလအလြမ္းေျပဟု အမည္ေပးထားသည္။ ထိုစာအုပ္အတြက္ စာမူတစ္ပုဒ္ ေရးသားေပးရန္ ဟူ၍ ျဖစ္သည္။
ေတြးၾကည့္လွ်င္ အေတာ္ ခြက်ေသာကိစၥ ျဖစ္၏။ ကၽြန္ေတာ္က ကိုသုေမာင္ရဲ႕ ညီအရင္း ေခါက္ေခါက္ႀကီးေလ။ တကယ္ဆို ကၽြန္ေတာ္က ဆရာဦးေနမ်ိဳးကို စာမူခ်ီးျမႇင့္ဖို႔ ေတာင္းခံရမွာ မဟုတ္လား။
ေနာက္တစ္ခ်က္ကေတာ့ ဒီစာအုပ္သည္ ကိုသုေမာင္ကို ဂုဏ္ျပဳေသာ စာအုပ္ျဖစ္သည္။ ညီျဖစ္သူက အစ္ကိုျဖစ္သူ ဘယ္ေလာက္ ေတာ္ေၾကာင္း၊ ဘယ္ေလာက္ သေဘာထား ျပည့္ဝေၾကာင္း ခ်ီးက်ဴး ေရးသားဖို႔ ဆိုတာ အေတာ္ ဝန္ေလးစရာႀကီး ျဖစ္၏။
တကယ္ေတာ့ သူ ဘယ္ေနရာမွာ ဘယ္ေလာက္ေတာ္တယ္ ဆိုတာ ကၽြန္ေတာ္ အသိဆုံး ျဖစ္၏။ သူမ်ားေတြ မသိတဲ့ အေသးစိတ္ “ေတာ္ခ်က္” ကေလးေတြေတာင္ သိေနေသးသည္။ ထို႔အတူ သူ ဘယ္ေနရာေတြမွာ ဘယ္ေလာက္ ညံ့တယ္ ဆိုတာလည္း ကၽြန္ေတာ္ သိတာပဲ။
ဒါျဖင့္ သူ႔ဆိုးကြက္ ညံ့ကြက္ေတြကို ထုတ္ႏုတ္ၿပီး ေရးရမလား၊ မျဖစ္ႏုိင္။ သြားေလသူ တစ္ေယာက္ အားနည္းခ်က္ေတြကို တတ္ႏုိင္သမွ် ဖုံးဖိေပးရျခင္းသည္ ျမန္မာတို႔၏ ႐ုိးရာယဥ္ေက်းမႈ ဓေလ့ထုံးစံလို ျဖစ္ေနသည္။
အထူးသျဖင့္ ကြယ္လြန္ၿပီးခါစ အခ်ိန္မွာ ပို၍ ဆင္ျခင္ရသည္။ အလြန္ဆုံး ဂ႐ုဏာေဒါေသာသာ ျဖစ္ရမည္။ ထိုအခ်က္သည္ ကၽြန္ေတာ္တို႔လို စာေရးဆရာေတြ အတြက္ ေစာင့္ထိန္းအပ္ေသာ က်င့္ဝတ္လည္း ျဖစ္၏။
ထို႔ေၾကာင့္ ဒီစာအုပ္မွာ ဝင္မေရးေတာ့ပါဘူးဟု ဆုံးျဖတ္လိုက္၏။ (ဝမ္းနည္းမွတ္တမ္း စာအုပ္မွာေတာင္ ကၽြန္ေတာ္ ဘာတစ္ခုမွ မေရးခဲ့။)
သို႔ရာတြင္ ...
တစ္ညေနတြင္ ဖိုးေသာၾကာ ကၽြန္ေတာ့္ဆီ ေရာက္လာၿပီး ...
“ဘဘ ဦးေနမ်ိဳး ဆုံးၿပီ”
ဟု သူ႔ထုံးစံအတိုင္း ျပဴးျပဴးပ်ာပ်ာ လာေျပာသည္။ ထို႔ေနာက္ ...
“ေန႔လယ္ကပဲ သူ႔ဆီ ဖုန္းဆက္ေသးတယ္။ သူမွာထားတဲ့ ဓာတ္ပုံေတြ လာပို႔ရမလား ေမးေတာ့ ေနဦး၊ မင္းလူဆီက စာမူရေတာ့မွ တစ္ခါတည္း ယူလာခဲ့လို႔ေတာင္ ေျပာေနေသးတယ္”
ဆရာဦးေနမ်ိဳးႏွင့္ ေနာက္ဆုံး ရရွိလိုက္ေသာ အဆက္အသြယ္ပင္ ျဖစ္၏။ ဒီထဲမွာ အေရးႀကီးေသာ မက္ေဆ့ခ်္တစ္ခု ပါေနသည္။ “မင္းလူဆီက စာမူ”။ ဆရာ၏ ေနာက္ဆုံးဆႏၵထဲမွာ တစ္ခုအပါအဝင္ ျဖစ္ေနသည္။
ထို႔ေၾကာင့္ ဒီစာကို ကၽြန္ေတာ္ ေရးပါေတာ့မည္။
* * *
ဘာေရးလွ်င္ ေကာင္းမလဲ စဥ္းစားလိုက္ေသာအခါ အေၾကာင္းအရာ အခ်က္အလက္ေပါင္း မ်ားစြာသည္ ေခါင္းထဲသို႔ တိုးဝင္ ေရာက္ရွိလာသည္။ မိုးေတြ သဲသဲမဲမဲ ရြာေနတဲ့ ၾကားမွာ ဖန္ခြက္ကေလး တစ္လုံးနဲ႔ ေရလိုက္ခံရ သလိုပါပဲ။ မိုးေရစက္ေတြ သိန္းနဲ႔ သန္းနဲ႔ခ်ီၿပီး သြန္ခ်ေနပါလ်က္ ကိုယ့္ဖန္ခြက္ထဲကို တိုက္တိုက္ဆိုင္ဆိုင္ က်ဆင္း လာသေလာက္သာ ခံယူရရွိႏုိင္သည္။
ဖ်တ္ခနဲ ဖ်တ္ခနဲ ေပၚလာေသာ အေတြး အပိုင္းအစေတြထဲက ျမင္ကြင္းတစ္ခုကို ဖမ္းဆုပ္လိုက္မိ၏။ ရက္လည္ေသာေန႔က ျဖစ္၏။ အ႐ုဏ္ဆြမ္း စားၿပီးေနာက္ ဆရာေတာ္က ေမတၱာပို႔ တရားခ်ီးျမႇင့္သည္။ ထို႔ေနာက္ ေရစက္ခ်သည္။ ဆရာေတာ္က ဦးေဆာင္ၿပီး အမွ်ေဝခိုင္းသည္။
“ဦးသုေမာင္ႏွင့္တကြ ၾကားၾကားသမွ် အမွ် ... အမွ် ... အမွ်”
ဒုတိယ အႀကိမ္ အမွ်ေဝရာတြင္ မေအးဘုံ (သုဇနီး) က
“ ဦးဗလႏွင့္တကြ ၾကားၾကားသမွ် ...”
ဟု နာမည္ရင္းကို ေျပာင္း၍ ရြတ္ဆိုသည္။ တတိယ အႀကိမ္မွာေတာ့ မေအးဘုံသည္ တစ္စုံတစ္ခုကို သတိရသြားဟန္ တူ၏။ အသံကို ျမႇင့္ၿပီး အက်ယ္ႀကီး ေအာ္၍ အမွ်ေဝလိုက္ေလသည္။
ဟုတ္တာေပါ့။ ကိုသုေမာင္က နားနည္းနည္း ေလးတာကိုး။ မၾကားရင္ ဘယ့္ႏွယ္ လုပ္မလဲ။ နင့္ခနဲ ျဖစ္သြားရင္းကပင္ မခ်ိျပံဳး ျပံဳးလိုက္မိသည္။ တစ္ဆက္တည္းမွာပဲ ငါ့အလွည့္က်ရင္ေတာ့ မိန္းမက အ႐ုဏ္ဆြမ္းေကၽြးမွာ မဟုတ္ဘူး၊ ငါက ဆယ့္တစ္နာရီ၊ ဆယ့္ႏွစ္နာရီေလာက္က်မွ အိပ္ရာက ထတတ္တာေလဟု ေတြးျဖစ္ေအာင္ ေတြးလိုက္မိပါေသးသည္။
ခုလို အေရးထဲမွာေတာင္ ကတ္ကတ္သတ္သတ္ ၾကံဖန္ ေတြးတတ္တဲ့ ကၽြန္ေတာ္၏ စ႐ုိက္သဘာဝႏွင့္ ကိုက္ညီေသာ အေၾကာင္းအရာမ်ိဳးကို ေရးတာပဲ ေကာင္းလိမ့္မည္ ထင္သည္။
ေနာက္တစ္ေၾကာင္းကေတာ့ ...
သူ႔အေၾကာင္း ေရးၾကသူ အမ်ားစုသည္ ဝမ္းနည္းေၾကာင္း အမွတ္တရ စာမ်ိဳးကိုသာ ေရးၾကလိမ့္မည္။ စာတစ္အုပ္လုံး အလြမ္းသံေတြကသာ လႊမ္းမိုးေနလိမ့္မည္။ ဒီလိုကိစၥမ်ိဳးမွာ ဘယ္သူကမွ ေပါ့ပ်က္ပ်က္ ေရးရက္ၾကမယ္ မထင္။ သင့္လည္း မသင့္ေတာ္။
ထို႔ေၾကာင့္ လူရင္းျဖစ္ေသာ ကၽြန္ေတာ္ကပဲ သူ႔ရဲ႕ စာဖတ္ပရိသတ္ေတြ အလြမ္းေျပလို ေျပျငား၊ သူ႔မိတ္ေဆြ အေပါင္းအသင္းေတြ စိတ္ေျဖစရာ ရလိုရျငား ဆိုၿပီး ကၽြန္ေတာ္ သူ႔ ကို စခဲ့ေနာက္ခဲ့ ေထ့ခဲ့ေငါ့ခဲ့တာေလးေတြပဲ အမွတ္တရ ေရးလိုက္ရပါသည္။
* * *
ကၽြန္ေတာ္ တကၠသိုလ္ ေရာက္ခါစတုန္းက ျဖစ္၏။ တစ္ညမွာ ကၽြန္ေတာ္ တစ္ေရးႏုိးေတာ့ စာေရးစားပြဲမွာ ငိုင္ေတြေတြႀကီး ထိုင္ေနေသာ ကိုဗလကို ျမင္လိုက္ရသည္။ သူသည္ တစ္စုံတစ္ေယာက္ေၾကာင့္ အေတာ္ အထိနာေနပုံ ရသည္။
((သူ၏ အေစာပိုင္းကာလ စာေရးဆရာ ေယာင္ေယာင္၊ အယ္ဒီတာ ေယာင္ေယာင္ ထုတ္ေဝသူ ေယာင္ေယာင္ ဘဝမွာ ဒီလို မၾကာခဏ ခံရဖူးသည္။ ထို႔ေၾကာင့္ ဒီေခါင္းစဥ္ကို ေပးခဲ့ျခင္းလည္း ျဖစ္၏။)
သူသည္ စာႏွစ္ေၾကာင္း သုံးေၾကာင္းကို ခ်ေရးသည္။ ထို႔ေနာက္ နံရံကို ေငးၾကည့္ေန ျပန္သည္။ ကၽြန္ေတာ္ ျပန္ၿပီး အိပ္ေပ်ာ္မသြားခင္ သူ၏ သက္ျပင္းရွည္ႀကီး ခ်သံကို ၾကားလိုက္ရသည္ ထင္၏။
မနက္ ကၽြန္ေတာ္ အိပ္ရာကႏုိးေတာ့ သူ အိပ္ေနၿပီ။ အေတာ္ညဥ့္နက္မွ အိပ္ရာဝင္ပုံရသည္။ ေခါင္းအုံးကို ရင္ဘတ္ေအာက္မွာ ခံၿပီ ေမွာက္ခုံႀကီး အိပ္ေနသည္။
စာေရးစားပြဲေပၚမွာ ေရးလက္စကဗ်ာ တစ္ပုဒ္ကို ေတြ႕ရ၏။
“ေမာင့္ရင္ကို ခြဲမယ္မွန္းတယ္လား
ပန္းလက္ႏွင့္ရြယ္။
ရင္ကိုခြဲ႐ုံနဲ႔
အသည္းေတြ႕ရင္ေတာ့
ေကာင္းလွေပါ့ သခင္ရယ္
ျငင္းဖူးတယ္ ရွိလို႔လား”
ကၽြန္ေတာ္၏ ေပါက္ကရ ဖ်က္လိုဖ်က္ဆီး လုပ္လိုေသာ ဉာဥ္သည္ တားဆီးလို႔ မရေအာင္ ေပၚေပါက္လာသည္။
ထိုစဥ္က ေၾကးအိုးျပဳတ္ ေခတ္စားကာစ ျဖစ္၏။ တ႐ုတ္တန္း ၁၉ လမ္းမွာ တကူးတက သြားစားၾကရသည္။ ထို ေၾကးအိုးျပဳတ္ထဲမွာ ထည့္တာ ဝက္အသည္းအစစ္ မဟုတ္။ ရန္ကုန္ ေဆး႐ုံႀကီး ရင္ခြဲတိုက္ကရတဲ့ လူ႔အသည္းေတြတဲ့ ဆိုေသာ ေကာလဟလကလည္း ထြက္ေပၚေနခ်ိန္။
ထို႔ေၾကာင့္ ...
“ေၾကးအိုးျပဳတ္ ေသာက္မယ္မွန္းတယ္လား
ဆယ့္ကိုးလမ္းဝယ္။
ေၾကးအိုးကိုဆြဲ႐ုံနဲ႔
လူ႔အသည္းေတြ႕ရင္ေတာ့
ေကာင္းလွေပါ့ သခင္ရယ္
စားဖူးတယ္ အရွိသား”
ဟု သူ႔ကဗ်ာေအာက္မွာ ထပ္ေရးၿပီး ထားခဲ့သည္။
ကၽြန္ေတာ္ ေက်ာင္းက ျပန္လာေတာ့ စားပြဲေပၚမွာ စာရြက္က ရွိေနတုန္း။ ေအာက္ဆုံးမွာ စာလုံး အႀကီးႀကီးႏွင့္ “-ီး ” ဟု ေရးထားတာ ေတြ႕ရသည္။
ဘာပဲျဖစ္ျဖစ္ ... ကၽြန္ေတာ့္ကဗ်ာကို ဖတ္ၿပီးေနာက္ သူ ရႊင္ရႊင္ပ်ပ် ျပန္ျဖစ္လာတာကေတာ့ အမွန္ပဲ။
* * *
ၿမိဳ႕ထဲက မုတ္ဆိတ္ လက္ဖက္ရည္ဆိုင္မွာ ဆုံသည္။ မင္းကို ငါလိုက္ပို႔မယ္ဟု ေျပာၿပီး သူ၏ ၁၉၃၈ ေမာ္ဒယ္ မာစီဒီး ကားေဟာင္းကေလးျဖင့္ တင္ေခၚလာသည္။ ထူးထူးျခားျခား ခပ္ျဖည္းျဖည္း ေမာင္းေနသည္။
“ငါ့သီခ်င္းေခြ ထြက္ၿပီကြ၊ နားေထာင္ၾကည့္”
ဆိုၿပီး ကားကက္ဆက္ထဲကို အေခြထိုး ထည့္ၿပီး ဖြင့္လိုက္သည္။ သူဆိုထားတာက ေတာ္ေတာ္ ေကာင္းပါသည္။ အမ်ားစုက ေခတ္ေဟာင္း သီခ်င္းေတြ ျပန္ဆိုထားတာ။ သီခ်င္းသစ္ေတြလို႔ ေျပာႏုိင္တာကေတာ့ ပန္းေတြနဲ႔ေဝ၊ ခ်စ္မိုးႀကီး ... ၿပီးေတာ့ ...
“လယ္ေတာကျပန္ ... ပန္ခ်င္တယ္၊ ခေရဖူး ... ဆိုလို႔ ...”
ပန္းဦးပန္မယ့္သူ သီခ်င္းသံ ထြက္လာသည္။ သီခ်င္း ဆုံးသြားေတာ့ ကၽြန္ေတာ္က-
“ဒီသီခ်င္းကေတာ့ မူရင္းအသံကို မီတယ္”
ဟု ေျပာလိုက္သည္။ ဒီသီခ်င္းကို သီဆိုသူ မူလအဆိုေတာ္ကလည္း ကိုသုေမာင္ ကိုယ္တိုင္ပဲေလ။
“မင္းက အဲဒီအတိုင္းပဲ”
ဟု ေျပာသည္။ သူ နည္းနည္း ငုပ္သြားဟန္တူသည္။ လီဗာကို ဖိနင္းလိုက္၏။ ကား အရွိန္က ေဝါခနဲ ထိုးတက္သြားသည္။
“အင္ဂ်င္ကေတာ့ ေကာင္းသားပဲ”
ဟု ကၽြန္ေတာ္က ေျပာလိုက္ေသးသည္။ သူ ဘာမွ ျပန္မေျပာေတာ့ဘဲ ကားကိုသာ အျမန္ ေမာင္းေနသည္။ ကၽြန္ေတာ့္အိမ္ေရွ႕ ေရာက္လို႔ ကားေပၚက ဆင္းၿပီးေနာက္ ခါတိုင္းလို လက္ေတြဘာေတြ မျပေတာ့ဘဲ ဝူးခနဲ ေမာင္းထြက္သြားသည္။ ခပ္လွမ္းလွမ္းမွာ ရွိေသာ ကိုဝဏၰ အိမ္ေရွ႕မွာ ကၽြီခနဲ ထိုးရပ္လိုက္ ျပန္သည္။ ကိုဝဏၰကိုလည္း သူ႔အေခြ ဖြင့္ျပလိမ့္ဦးမည္ ထင္သည္။
ညက်ေတာ့ ကိုသုေမာင္ ကၽြန္ေတာ့္ဆီ ဖုန္းဆက္သည္။
“ကိုဝဏၰကလည္း မင္းေျပာသလိုပဲ ေျပာတယ္ကြ၊ လခြီး”
ဟု ေျပာၿပီး ဖုန္းခ်သြားသည္။
* * *
သုဇနီး မေအးဘုံသည္ ကၽြန္ေတာ္တို႔ ျခံထိပ္မွာ မုန႔္ဟင္းခါးဆိုင္ ဖြင့္ဖူးသည္။ ဒါကလည္း ကိုသုေမာင္ ထြင္တာဟု ကၽြန္ေတာ္ ထင္သည္။ သူက ဆရာ ေသာ္တာေဆြကို အလြန္ အားက်သည္။ ဆရာ့ဇနီး အန္တီေမက မုန႔္ဟင္းခါးဆိုင္ ဖြင့္ခဲ့ဖူးသည္။ ထို႔ေၾကာင့္ သူကလည္း မေအးဘုံကို မုန႔္ဟင္းခါး ေရာင္းခိုင္းျခင္း ျဖစ္ႏုိင္သည္။ ၾကာၾကာလည္း မဖြင့္ျဖစ္ပါ။ ပင္ပန္းတာနဲ႔ မကာမိလို႔ ႏွစ္ပတ္ သုံးပတ္လား အၾကာမွာ ဆက္မလုပ္ျဖစ္ေတာ့ဟု ဆို၏။
ဒီအေၾကာင္း ကိုသုေမာင္ကပဲ ေဆာင္းပါး ေရးလိုက္လို႔လား၊ ဂ်ာနယ္ေတြထဲမွာ သတင္း ပါလာလို႔လား မမွတ္မိေတာ့။ လူသိမ်ားသြား ေလသည္။ တစ္ရက္မွာ ဆရာဝင္းၿငိမ္းက ကၽြန္ေတာ့္ဆီ ဖုန္းဆက္ၿပီး ...
“ကိုဝဏၰက မခ်ိဳရီကို စတိုးဆိုင္ ဖြင့္ခိုင္းတယ္၊ ကို႐ူပကေတာ့ မေဝကို လက္ဖက္ရည္ဆိုင္မွာ ေကာင္တာ ထိုင္ခိုင္းတယ္၊ အခုလည္း ကိုသုေမာင္က မေအးဘုံကို မုန႔္ဟင္းခါး ေရာင္းခိုင္းျပန္ၿပီ၊ ကိုမင္းလူကေကာ မရွန္ကို ဘာေရာင္းခိုင္းဦးမွာလဲ”
ဟု လွမ္းေနာက္သည္။ ကၽြန္ေတာ္က ...
“ဟာဗ်ာ ... ကၽြန္ေတာ္ ခ်စ္လို႔ယူထားတဲ့ မိန္းမပါ အစ္ကိုရ၊ ခိုင္းစားဖို႔ မဟုတ္ဘူး”
လို႔ ျပန္ေျပာေတာ့ အစ္ကိုဝင္းၿငိမ္းက ရယ္ေနသည္။ ဒီအေၾကာင္း ကိုသုေမာင္ကို ျပန္ေျပာျပဟန္ တူသည္။ ေလးငါးရက္ ၾကာေတာ့ ဆရာဝင္းၿငိမ္း ဖုန္းဆက္ျပန္သည္။
“ဒါနဲ႔ ကိုမင္းလူတို႔ အမ်ိဳးထဲမွာ ဦးဘိုးေငြ ဆိုတာ ရွိလား”
ဟု ေမးသည္။
“ရွိတယ္၊ ကၽြန္ေတာ္တို႔ အဘိုးေလးပဲ”
“သူက ဘယ္လို ပုဂၢိဳလ္မ်ိဳးလဲ”
“မိန္းမကို အရမ္းခ်စ္တယ္၊ ေၾကာက္လည္း သိပ္ေၾကာက္ရတယ္၊ အဝတ္အစားေတြေတာင္ ကိုယ္တိုင္ ေလွ်ာ္ေပးရတယ္လို႔ ၾကားဖူးတာပဲ၊ ေနပါဦး၊ အစ္ကိုက အဲဒါဘာလို႔ ေမးတာလဲ”
ဆရာဝင္းၿငိမ္းက ရယ္ၿပီး
“ကိုသုေမာင္က ခင္ဗ်ားကို အလကားပါဗ်ာ၊ ဒီေကာင္က ဦးဘိုးေငြ ပါလို႔ ေျပာသြားလို႔ေလ”
* * *
အေမသည္ မ်က္စိ ေရတိမ္ေရာဂါ ျဖစ္ဖူးသည္။ အသက္ႀကီးလာေတာ့ တျဖည္းျဖည္း မႈန္ဝါးလာတာ မ်က္စိတစ္ဖက္က မျမင္ရသေလာက္ ျဖစ္သြား၏။ ကိုသုေမာင္က မ်က္စိအထူးကု ဆရာဝန္ႀကီး ေဒါက္တာရဲႏုိင္ဆီ ေခၚသြားၿပီး ျပေပးသည္။ ဆရာႀကီးက အေမ့မ်က္စိကို ခြဲစိတ္ၿပီး အိုင္အိုအယ္လ္ေခၚ မွန္ဘီလူးအတု ထည့္ေပးလိုက္သည္။ အသားက်ေလာက္တဲ့ အခါ ...
“အေမ မ်က္လုံး ဘယ္လိုေနသလဲ”
ဟု ကိုသုေမာင္က ေမးေတာ့ အေမက-
“သိပ္ေကာင္းတယ္ သားေရ၊ ေဟာဟို တိုင္ကပ္နာရီက စကၠန႔္တံေလး သြားေနတာေတာင္ ျမင္ရတယ္”
ကိုသုေမာင္က သေဘာက်သြားသည္။ ကၽြန္ေတာ္က “ဒါေတာ့ အေမက ပိုလြန္းသည္” ဟု ထင္သည္။ ထို႔ေၾကာင့္ တစ္ရက္မွာ ကၽြန္ေတာ္ ထမင္းစားေနရင္းက ...
“ဘယ္ႏွစ္နာရီထိုးၿပီလဲ အေမ”
ဟု လွမ္းေမးလိုက္သည္။ အေမ ပက္လက္ကုလားထိုင္နဲ႔ ထိုင္ေနေသာ ေနရာ၏ ေရွ႕တည့္တည့္ အေပၚဘက္ ဆယ္ေပအကြာေလာက္မွာ တိုင္ကပ္နာရီ ရွိသည္။ အေမက သိပ္ပါးနပ္တာ။ ကၽြန္ေတာ္က သူ႔ကို အလစ္အငိုက္ဖမ္းၿပီး ျပႆနာရွာဖို႔ ႀကိဳးစားတယ္ဆိုတာ ရိပ္မိသည္။ ထို႔ေၾကာင့္ ပုတီးစိပ္ေနသလိုလို၊ အိပ္ငိုက္ေနသလိုလို လုပ္ရင္း မၾကားခ်င္ေယာင္ ေဆာင္ေနလိုက္သည္။
ကၽြန္ေတာ္က အသံကို ျမႇင့္ၿပီး ထပ္ေမးသည္။ တိုက္တိုက္ဆိုင္ဆိုင္ ထိုအခိုက္မွာပဲ ဘုန္းႀကီးေက်ာင္းက ေလးနာရီသံေခ်ာင္း ေခါက္သံ ထြက္ေပၚလာသည္။ အေမက ...
“ေလးနာရီေပါ့ကြယ္”
ဟု ေျပာၿပီး သူ အသာစီးရတဲ့အခါ လုပ္ေနက်အတိုင္း ေခါင္းငုံ႔ၿပီး အသံမထြက္ဘဲ ဟက္ဟက္ပက္ပက္ ရယ္ေနေလသည္။ ဘာပဲျဖစ္ျဖစ္ အေမသည္ သူႀကိဳက္ႏွစ္သက္ေသာ ႐ုပ္ျမင္သံၾကားကို ၾကည္ၾကည္လင္လင္ ျပတ္ျပတ္သားသား ၾကည့္ႏုိင္သြားတာေတာ့ အမွန္ပဲ ျဖစ္၏။
ကိုသုေမာင္က ဒီကိစၥကို အလြန္ေက်နပ္ ဂုဏ္ယူေနသည္။ သူ႔ထုံးစံအတိုင္း ေဆာင္းပါးထဲ ထည့္ေရးသည္။ အေမ့ကို မ်က္စိခြဲေပးရတဲ့ ကုသိုလ္အက်ိဳးဆက္ေၾကာင့္ ခုခ်ိန္အထိ သူ႔မ်က္စိမွာ အေဝးၾကည့္ မမႈန္ေသးဟု ႂကြားလိုက္ေသးသည္။
ကၽြန္ေတာ္က အျပင္ထြက္လွ်င္ အေဝး အနီးပါ ၾကည့္လို႔ရေသာ ဘိုင္ဖိုကယ္မ်က္မွန္ တပ္ရသည္။ ဒါကိုျမင္ေသာ သူငယ္ခ်င္းေတြက-
“ကိုဗလႀကီးက အေမညိဳကို မ်က္စိခြဲေပးလို႔ မ်က္စိမမႈန္ဘူးလို႔ ေျပာတယ္၊ မင္းက်ေတာ့ေကာ ...”
ဟု ေမးၾကသည္။ ကၽြန္ေတာ္က-
“ငါက နားေတာ့ မေလးဘူးကြ”
ဟု ျပန္ေျပာသည္။ သူငယ္ခ်င္းေတြက ဒီအေၾကာင္း သူ႔ကို ျပန္ေျပာျပေတာ့ သူက-
“ဒါနဲ႔ ေနစမ္းပါဦးကြ၊ ဟိုလူ႔ကို ရိလိုက္၊ ဒီလူ႔ကို ေငါ့လိုက္နဲ႔ ဒီေလာက္ေတာင္ ေပကပ္ကပ္ ဂ်စ္ကန္ကန္ႏုိင္တဲ့ အေကာင္ကို မင္းတို႔က ဘာျဖစ္လို႔ မေပါင္းဘဲ မေနႏုိင္ေအာင္ ျဖစ္ေနရတာလဲ”
ဟု အင္ဒါ႐ုိက္နည္းနဲ႔ ကၽြန္ေတာ္ကို ျပန္တြယ္သြားေၾကာင္း သိရ၏။
* * *
ကိုသုေမာင္ ေဆး႐ုံတက္ၿပီး အရက္ျဖတ္တယ္ဆိုတာ ပိုက္ဆံတတ္ႏုိင္တဲ့လူေတြ ႏုိင္ငံျခားကို ေဈးဝယ္ထြက္သလိုပဲ၊ ကၽြန္ေတာ္တို႔ အဖို႔ေတာ့ ႐ုိးေနၿပီ။ စင္ကာပူလား၊ ဘန္ေကာက္လား၊ မေလးရွားလား ေမးဖို႔ပဲ ရွိသည္။ ခုလည္း ကိုသုေမာင္ သုခကမၻာ ေဆးခန္းမွာ တက္ေနျပန္ၿပီတဲ့။
ေန႔လယ္ဘက္မွာေတာ့ မေအးဘုံသည္ ဒဂုံဂ်စ္ကားကို ကိုယ္တိုင္ေမာင္းၿပီး ထြက္သြားသည္။ ဒါလည္း ထူးဆန္းေသာ ျမင္ကြင္းမဟုတ္။ ေနာက္သုံးေလးရက္ ၾကာလွ်င္ မေအးဘုံက ကားကိုေမာင္း၊ ကိုသုေမာင္က ေဘးမွာ ငူငူငိုင္ငိုင္ႀကီး ထိုင္ၿပီး ေဆး႐ုံက ျပန္လာၾကလိမ့္မည္။ ေနာက္ရက္အနည္းငယ္ ၾကာေတာ့ သူ ဘာမွမျဖစ္ခဲ့သလို ပုံစံျဖင့္ ကို႐ူပ လက္ဖက္ရည္ဆိုင္မွာ လာထိုင္ၿပီး ေနာက္လား ေျပာင္လား လုပ္ေနလိမ့္မည္။ ဒီလိုပဲ ထင္ခဲ့သည္။
“ကိုဗလဟာ ေဆး႐ုံေတြလွည့္ၿပီး တက္လိုက္ ဆင္းလိုက္၊ သူ႔အိမ္ကလည္း ေဆး႐ုံမွာ လိုက္ေစာင့္၊ ထမင္းသြားပို႔၊ အိမ္ကို ဆရာဝန္ပင့္ၿပီး ေဆးသြင္းေပးရနဲ႔ အေတြ႕အၾကံဳ၊ ေတာ္ေတာ္ မ်ားေနၿပီ၊ မေအးဘုံအေနနဲ႔ အဲဒီအေၾကာင္းေတြကို စာအုပ္တစ္အုပ္ ေရးရင္ ေကာင္းမယ္၊ စာအုပ္နာမည္ကိုလည္း ‘ဘုံ ဘဝမွာျဖင့္’ လို႔ ေပးသင့္တယ္”
ဟု ကၽြန္ေတာ္က ေနာက္ေနေသးသည္။ အမွန္ကေတာ့ ထိုအခ်ိန္တြင္ ကိုသုေမာင္သည္ ေဆးခန္းက ခုတင္ေပၚမွာ သတိလစ္ ေမ့ေျမာေနခဲ့ၿပီ ျဖစ္သည္။
* * *
စေမြးကာစတုန္းက အလြန္ အငိုသန္သည္။ အသံကလည္း ေတာ္ေတာ္ျပဲသည္။ သူ ဝါးခနဲ ငိုခ်လိုက္လွ်င္ တျခားးကေလးေတြပါ လန႔္ႏုိးၾကၿပီး တအဲ့အဲ့ ငိုၾကေတာ့သည္။ ထို႔ေၾကာင့္ သူ႔ကို ေဆး႐ုံအခန္းေထာင့္ ခပ္ေဝးေဝးမွာ တစ္ေယာက္တည္း ထားရသည္ဟု ဆိုသည္။
သူ အဆိုေတာ္ ျဖစ္လာေတာ့လည္း အသံက အလြန္ေအာင္သည္။ သူ႔အသံကို တစ္ႏုိင္ငံလုံးသာမက ႏုိင္ငံျခားကေတာင္ ၾကားရသည္။
ခုလည္း သူ၏ အသက္ရွဴသံမွာ ျပင္းလြန္းလွသည္။ သီးသန႔္ခန္းထဲမွာ မဟုတ္ဘဲ ေဟာခန္းထဲမွာသာ ဆိုလွ်င္ တျခားလူနာေတြ လန႔္ႏုိးကုန္မွာပဲ။
သူသည္ တစ္ေနကုန္ ပင္ပင္ပန္းပန္း အလုပ္လုပ္လာခဲ့ရလို႔ ေျခကုန္လက္ပမ္းက်ၿပီး ႏွစ္ႏွစ္ၿခိဳက္ၿခိဳက္ အိပ္ေပ်ာ္ေနသူ တစ္ေယာက္လို တေခါေခါ ေဟာက္သံ ေပးေနသည္။ ဟုတ္တာေပါ့။ သူသည္လည္း လူပ်ိဳေပါက္ အရြယ္မွစၿပီး မနားမေန အလုပ္လုပ္လာခဲ့ရတာ အနားယူခ်င္ ရွာေတာ့မွာေပါ့။
ခု သူ႔ထံမွာ ၾကားေနရတာ ပန္းဦးပန္မယ့္သူ မဟုတ္၊ ခ်စ္မိုးႀကီး မဟုတ္။ ပန္းေတြနဲ႔ေဝ မဟုတ္။ သူ၏ျပင္းထန္လွေသာ အသက္ရွဴသံသည္ လုံးဝ သာယာနာေပ်ာ္ဖြယ္ မရွိ။ သို႔ရာတြင္ ထိုအသံ ရပ္ဆိုင္း တိတ္ဆိတ္သြားမွာကို တစ္ႏုိင္ငံလုံးက စိုးရိမ္တႀကီး ေစာင့္ၾကည့္ ေနၾကသည္ဟု ထင္ရ၏။
သူ၏အသံကို ၁၆-၅-၂၀၁၀၊ ည ၉ နာရီ ၁၅ မိနစ္အထိ ၾကားခြင့္ ရလိုက္ၾကသည္။
* * *
ေလာကႀကီးကို စတင္ႏႈတ္ဆက္တဲ့ အေနနဲ႔ ဝါးခနဲ ေအာ္ငိုလိုက္ေသာ ေမြးကင္းစ ကေလးငယ္ တစ္ေယာက္ရဲ႕ အသံကလြဲလွ်င္ ဘယ္လို ငိုသံမ်ိဳးမွ သာသာယာယာ ရွိလိမ့္မည္ မထင္။ သူတစ္ပါး၏ ငိုေႂကြးသံကို နားေထာင္လို႔ ေကာင္းတယ္ထင္လွ်င္ ထိုသူသည္ ကိုယ္တိုင္ မငိုဖူးသူသာ ျဖစ္ရမည္။
ရက္လည္ညတြင္ ကၽြန္ေတာ္ အိပ္လို႔ မေပ်ာ္သျဖင့္ ကဗ်ာေလးတစ္ပုဒ္ ေရးျဖစ္ပါသည္။
သုဥ္းဘဝ
----------
ငိုတဲ့အခါ
အသံသာဖို႔ မလြယ္ပါ။
လြမ္းတဲ့အခါ
ကာရန္ရွာလို႔ မရပါ။
ေသတဲ့အခါ
အမူအရာေကာင္းဖို႔
မလိုပါ။
မင္းလူ
(ေမာင္ဗလအလြမ္းေျပ စာစု)
Unicode version
" အခုမှနှမြောကြသလား မောင်ဗလကျောမှာ ဒဏ်ရာတွေနဲ့ "
#မင်းလူ
ကိုသုမောင် ကွယ်လွန်ခြင်း တစ်လပြည့် ဆွမ်းကျွေးပွဲသို့ ဆရာဦးနေမျိုး တက်ရောက် ချီးမြှင့်သည်။ ဆရာက ကျွန်တော့်ကို စာရွက်တစ်ရွက် လှမ်းပေးသည်။ ဖတ်ကြည့်တော့ ကိုသုမောင် အမှတ်တရ စာအုပ်ထုတ်မည်။ မောင်ဗလအလွမ်းပြေဟု အမည်ပေးထားသည်။ ထိုစာအုပ်အတွက် စာမူတစ်ပုဒ် ရေးသားပေးရန် ဟူ၍ ဖြစ်သည်။
တွေးကြည့်လျှင် အတော် ခွကျသောကိစ္စ ဖြစ်၏။ ကျွန်တော်က ကိုသုမောင်ရဲ့ ညီအရင်း ခေါက်ခေါက်ကြီးလေ။ တကယ်ဆို ကျွန်တော်က ဆရာဦးနေမျိုးကို စာမူချီးမြှင့်ဖို့ တောင်းခံရမှာ မဟုတ်လား။
နောက်တစ်ချက်ကတော့ ဒီစာအုပ်သည် ကိုသုမောင်ကို ဂုဏ်ပြုသော စာအုပ်ဖြစ်သည်။ ညီဖြစ်သူက အစ်ကိုဖြစ်သူ ဘယ်လောက် တော်ကြောင်း၊ ဘယ်လောက် သဘောထား ပြည့်ဝကြောင်း ချီးကျူး ရေးသားဖို့ ဆိုတာ အတော် ဝန်လေးစရာကြီး ဖြစ်၏။
တကယ်တော့ သူ ဘယ်နေရာမှာ ဘယ်လောက်တော်တယ် ဆိုတာ ကျွန်တော် အသိဆုံး ဖြစ်၏။ သူများတွေ မသိတဲ့ အသေးစိတ် “တော်ချက်” ကလေးတွေတောင် သိနေသေးသည်။ ထို့အတူ သူ ဘယ်နေရာတွေမှာ ဘယ်လောက် ညံ့တယ် ဆိုတာလည်း ကျွန်တော် သိတာပဲ။
ဒါဖြင့် သူ့ဆိုးကွက် ညံ့ကွက်တွေကို ထုတ်နုတ်ပြီး ရေးရမလား၊ မဖြစ်နိုင်။ သွားလေသူ တစ်ယောက် အားနည်းချက်တွေကို တတ်နိုင်သမျှ ဖုံးဖိပေးရခြင်းသည် မြန်မာတို့၏ ရိုးရာယဉ်ကျေးမှု ဓလေ့ထုံးစံလို ဖြစ်နေသည်။
အထူးသဖြင့် ကွယ်လွန်ပြီးခါစ အချိန်မှာ ပို၍ ဆင်ခြင်ရသည်။ အလွန်ဆုံး ဂရုဏာဒေါသောသာ ဖြစ်ရမည်။ ထိုအချက်သည် ကျွန်တော်တို့လို စာရေးဆရာတွေ အတွက် စောင့်ထိန်းအပ်သော ကျင့်ဝတ်လည်း ဖြစ်၏။
ထို့ကြောင့် ဒီစာအုပ်မှာ ဝင်မရေးတော့ပါဘူးဟု ဆုံးဖြတ်လိုက်၏။ (ဝမ်းနည်းမှတ်တမ်း စာအုပ်မှာတောင် ကျွန်တော် ဘာတစ်ခုမှ မရေးခဲ့။)
သို့ရာတွင် ...
တစ်ညနေတွင် ဖိုးသောကြာ ကျွန်တော့်ဆီ ရောက်လာပြီး ...
“ဘဘ ဦးနေမျိုး ဆုံးပြီ”
ဟု သူ့ထုံးစံအတိုင်း ပြူးပြူးပျာပျာ လာပြောသည်။ ထို့နောက် ...
“နေ့လယ်ကပဲ သူ့ဆီ ဖုန်းဆက်သေးတယ်။ သူမှာထားတဲ့ ဓာတ်ပုံတွေ လာပို့ရမလား မေးတော့ နေဦး၊ မင်းလူဆီက စာမူရတော့မှ တစ်ခါတည်း ယူလာခဲ့လို့တောင် ပြောနေသေးတယ်”
ဆရာဦးနေမျိုးနှင့် နောက်ဆုံး ရရှိလိုက်သော အဆက်အသွယ်ပင် ဖြစ်၏။ ဒီထဲမှာ အရေးကြီးသော မက်ဆေ့ချ်တစ်ခု ပါနေသည်။ “မင်းလူဆီက စာမူ”။ ဆရာ၏ နောက်ဆုံးဆန္ဒထဲမှာ တစ်ခုအပါအဝင် ဖြစ်နေသည်။
ထို့ကြောင့် ဒီစာကို ကျွန်တော် ရေးပါတော့မည်။
* * *
ဘာရေးလျှင် ကောင်းမလဲ စဉ်းစားလိုက်သောအခါ အကြောင်းအရာ အချက်အလက်ပေါင်း များစွာသည် ခေါင်းထဲသို့ တိုးဝင် ရောက်ရှိလာသည်။ မိုးတွေ သဲသဲမဲမဲ ရွာနေတဲ့ ကြားမှာ ဖန်ခွက်ကလေး တစ်လုံးနဲ့ ရေလိုက်ခံရ သလိုပါပဲ။ မိုးရေစက်တွေ သိန်းနဲ့ သန်းနဲ့ချီပြီး သွန်ချနေပါလျက် ကိုယ့်ဖန်ခွက်ထဲကို တိုက်တိုက်ဆိုင်ဆိုင် ကျဆင်း လာသလောက်သာ ခံယူရရှိနိုင်သည်။
ဖျတ်ခနဲ ဖျတ်ခနဲ ပေါ်လာသော အတွေး အပိုင်းအစတွေထဲက မြင်ကွင်းတစ်ခုကို ဖမ်းဆုပ်လိုက်မိ၏။ ရက်လည်သောနေ့က ဖြစ်၏။ အရုဏ်ဆွမ်း စားပြီးနောက် ဆရာတော်က မေတ္တာပို့ တရားချီးမြှင့်သည်။ ထို့နောက် ရေစက်ချသည်။ ဆရာတော်က ဦးဆောင်ပြီး အမျှဝေခိုင်းသည်။
“ဦးသုမောင်နှင့်တကွ ကြားကြားသမျှ အမျှ ... အမျှ ... အမျှ”
ဒုတိယ အကြိမ် အမျှဝေရာတွင် မအေးဘုံ (သုဇနီး) က
“ ဦးဗလနှင့်တကွ ကြားကြားသမျှ ...”
ဟု နာမည်ရင်းကို ပြောင်း၍ ရွတ်ဆိုသည်။ တတိယ အကြိမ်မှာတော့ မအေးဘုံသည် တစ်စုံတစ်ခုကို သတိရသွားဟန် တူ၏။ အသံကို မြှင့်ပြီး အကျယ်ကြီး အော်၍ အမျှဝေလိုက်လေသည်။
ဟုတ်တာပေါ့။ ကိုသုမောင်က နားနည်းနည်း လေးတာကိုး။ မကြားရင် ဘယ့်နှယ် လုပ်မလဲ။ နင့်ခနဲ ဖြစ်သွားရင်းကပင် မချိပြုံး ပြုံးလိုက်မိသည်။ တစ်ဆက်တည်းမှာပဲ ငါ့အလှည့်ကျရင်တော့ မိန်းမက အရုဏ်ဆွမ်းကျွေးမှာ မဟုတ်ဘူး၊ ငါက ဆယ့်တစ်နာရီ၊ ဆယ့်နှစ်နာရီလောက်ကျမှ အိပ်ရာက ထတတ်တာလေဟု တွေးဖြစ်အောင် တွေးလိုက်မိပါသေးသည်။
ခုလို အရေးထဲမှာတောင် ကတ်ကတ်သတ်သတ် ကြံဖန် တွေးတတ်တဲ့ ကျွန်တော်၏ စရိုက်သဘာဝနှင့် ကိုက်ညီသော အကြောင်းအရာမျိုးကို ရေးတာပဲ ကောင်းလိမ့်မည် ထင်သည်။
နောက်တစ်ကြောင်းကတော့ ...
သူ့အကြောင်း ရေးကြသူ အများစုသည် ဝမ်းနည်းကြောင်း အမှတ်တရ စာမျိုးကိုသာ ရေးကြလိမ့်မည်။ စာတစ်အုပ်လုံး အလွမ်းသံတွေကသာ လွှမ်းမိုးနေလိမ့်မည်။ ဒီလိုကိစ္စမျိုးမှာ ဘယ်သူကမှ ပေါ့ပျက်ပျက် ရေးရက်ကြမယ် မထင်။ သင့်လည်း မသင့်တော်။
ထို့ကြောင့် လူရင်းဖြစ်သော ကျွန်တော်ကပဲ သူ့ရဲ့ စာဖတ်ပရိသတ်တွေ အလွမ်းပြေလို ပြေငြား၊ သူ့မိတ်ဆွေ အပေါင်းအသင်းတွေ စိတ်ဖြေစရာ ရလိုရငြား ဆိုပြီး ကျွန်တော် သူ့ ကို စခဲ့နောက်ခဲ့ ထေ့ခဲ့ငေါ့ခဲ့တာလေးတွေပဲ အမှတ်တရ ရေးလိုက်ရပါသည်။
* * *
ကျွန်တော် တက္ကသိုလ် ရောက်ခါစတုန်းက ဖြစ်၏။ တစ်ညမှာ ကျွန်တော် တစ်ရေးနိုးတော့ စာရေးစားပွဲမှာ ငိုင်တွေတွေကြီး ထိုင်နေသော ကိုဗလကို မြင်လိုက်ရသည်။ သူသည် တစ်စုံတစ်ယောက်ကြောင့် အတော် အထိနာနေပုံ ရသည်။
((သူ၏ အစောပိုင်းကာလ စာရေးဆရာ ယောင်ယောင်၊ အယ်ဒီတာ ယောင်ယောင် ထုတ်ဝေသူ ယောင်ယောင် ဘဝမှာ ဒီလို မကြာခဏ ခံရဖူးသည်။ ထို့ကြောင့် ဒီခေါင်းစဉ်ကို ပေးခဲ့ခြင်းလည်း ဖြစ်၏။)
သူသည် စာနှစ်ကြောင်း သုံးကြောင်းကို ချရေးသည်။ ထို့နောက် နံရံကို ငေးကြည့်နေ ပြန်သည်။ ကျွန်တော် ပြန်ပြီး အိပ်ပျော်မသွားခင် သူ၏ သက်ပြင်းရှည်ကြီး ချသံကို ကြားလိုက်ရသည် ထင်၏။
မနက် ကျွန်တော် အိပ်ရာကနိုးတော့ သူ အိပ်နေပြီ။ အတော်ညဥ့်နက်မှ အိပ်ရာဝင်ပုံရသည်။ ခေါင်းအုံးကို ရင်ဘတ်အောက်မှာ ခံပြီ မှောက်ခုံကြီး အိပ်နေသည်။
စာရေးစားပွဲပေါ်မှာ ရေးလက်စကဗျာ တစ်ပုဒ်ကို တွေ့ရ၏။
“မောင့်ရင်ကို ခွဲမယ်မှန်းတယ်လား
ပန်းလက်နှင့်ရွယ်။
ရင်ကိုခွဲရုံနဲ့
အသည်းတွေ့ရင်တော့
ကောင်းလှပေါ့ သခင်ရယ်
ငြင်းဖူးတယ် ရှိလို့လား”
ကျွန်တော်၏ ပေါက်ကရ ဖျက်လိုဖျက်ဆီး လုပ်လိုသော ဉာဉ်သည် တားဆီးလို့ မရအောင် ပေါ်ပေါက်လာသည်။
ထိုစဉ်က ကြေးအိုးပြုတ် ခေတ်စားကာစ ဖြစ်၏။ တရုတ်တန်း ၁၉ လမ်းမှာ တကူးတက သွားစားကြရသည်။ ထို ကြေးအိုးပြုတ်ထဲမှာ ထည့်တာ ဝက်အသည်းအစစ် မဟုတ်။ ရန်ကုန် ဆေးရုံကြီး ရင်ခွဲတိုက်ကရတဲ့ လူ့အသည်းတွေတဲ့ ဆိုသော ကောလဟလကလည်း ထွက်ပေါ်နေချိန်။
ထို့ကြောင့် ...
“ကြေးအိုးပြုတ် သောက်မယ်မှန်းတယ်လား
ဆယ့်ကိုးလမ်းဝယ်။
ကြေးအိုးကိုဆွဲရုံနဲ့
လူ့အသည်းတွေ့ရင်တော့
ကောင်းလှပေါ့ သခင်ရယ်
စားဖူးတယ် အရှိသား”
ဟု သူ့ကဗျာအောက်မှာ ထပ်ရေးပြီး ထားခဲ့သည်။
ကျွန်တော် ကျောင်းက ပြန်လာတော့ စားပွဲပေါ်မှာ စာရွက်က ရှိနေတုန်း။ အောက်ဆုံးမှာ စာလုံး အကြီးကြီးနှင့် “-ီး ” ဟု ရေးထားတာ တွေ့ရသည်။
ဘာပဲဖြစ်ဖြစ် ... ကျွန်တော့်ကဗျာကို ဖတ်ပြီးနောက် သူ ရွှင်ရွှင်ပျပျ ပြန်ဖြစ်လာတာကတော့ အမှန်ပဲ။
* * *
မြို့ထဲက မုတ်ဆိတ် လက်ဖက်ရည်ဆိုင်မှာ ဆုံသည်။ မင်းကို ငါလိုက်ပို့မယ်ဟု ပြောပြီး သူ၏ ၁၉၃၈ မော်ဒယ် မာစီဒီး ကားဟောင်းကလေးဖြင့် တင်ခေါ်လာသည်။ ထူးထူးခြားခြား ခပ်ဖြည်းဖြည်း မောင်းနေသည်။
“ငါ့သီချင်းခွေ ထွက်ပြီကွ၊ နားထောင်ကြည့်”
ဆိုပြီး ကားကက်ဆက်ထဲကို အခွေထိုး ထည့်ပြီး ဖွင့်လိုက်သည်။ သူဆိုထားတာက တော်တော် ကောင်းပါသည်။ အများစုက ခေတ်ဟောင်း သီချင်းတွေ ပြန်ဆိုထားတာ။ သီချင်းသစ်တွေလို့ ပြောနိုင်တာကတော့ ပန်းတွေနဲ့ဝေ၊ ချစ်မိုးကြီး ... ပြီးတော့ ...
“လယ်တောကပြန် ... ပန်ချင်တယ်၊ ခရေဖူး ... ဆိုလို့ ...”
ပန်းဦးပန်မယ့်သူ သီချင်းသံ ထွက်လာသည်။ သီချင်း ဆုံးသွားတော့ ကျွန်တော်က-
“ဒီသီချင်းကတော့ မူရင်းအသံကို မီတယ်”
ဟု ပြောလိုက်သည်။ ဒီသီချင်းကို သီဆိုသူ မူလအဆိုတော်ကလည်း ကိုသုမောင် ကိုယ်တိုင်ပဲလေ။
“မင်းက အဲဒီအတိုင်းပဲ”
ဟု ပြောသည်။ သူ နည်းနည်း ငုပ်သွားဟန်တူသည်။ လီဗာကို ဖိနင်းလိုက်၏။ ကား အရှိန်က ဝေါခနဲ ထိုးတက်သွားသည်။
“အင်ဂျင်ကတော့ ကောင်းသားပဲ”
ဟု ကျွန်တော်က ပြောလိုက်သေးသည်။ သူ ဘာမှ ပြန်မပြောတော့ဘဲ ကားကိုသာ အမြန် မောင်းနေသည်။ ကျွန်တော့်အိမ်ရှေ့ ရောက်လို့ ကားပေါ်က ဆင်းပြီးနောက် ခါတိုင်းလို လက်တွေဘာတွေ မပြတော့ဘဲ ဝူးခနဲ မောင်းထွက်သွားသည်။ ခပ်လှမ်းလှမ်းမှာ ရှိသော ကိုဝဏ္ဏ အိမ်ရှေ့မှာ ကျွီခနဲ ထိုးရပ်လိုက် ပြန်သည်။ ကိုဝဏ္ဏကိုလည်း သူ့အခွေ ဖွင့်ပြလိမ့်ဦးမည် ထင်သည်။
ညကျတော့ ကိုသုမောင် ကျွန်တော့်ဆီ ဖုန်းဆက်သည်။
“ကိုဝဏ္ဏကလည်း မင်းပြောသလိုပဲ ပြောတယ်ကွ၊ လခွီး”
ဟု ပြောပြီး ဖုန်းချသွားသည်။
* * *
သုဇနီး မအေးဘုံသည် ကျွန်တော်တို့ ခြံထိပ်မှာ မုန့်ဟင်းခါးဆိုင် ဖွင့်ဖူးသည်။ ဒါကလည်း ကိုသုမောင် ထွင်တာဟု ကျွန်တော် ထင်သည်။ သူက ဆရာ သော်တာဆွေကို အလွန် အားကျသည်။ ဆရာ့ဇနီး အန်တီမေက မုန့်ဟင်းခါးဆိုင် ဖွင့်ခဲ့ဖူးသည်။ ထို့ကြောင့် သူကလည်း မအေးဘုံကို မုန့်ဟင်းခါး ရောင်းခိုင်းခြင်း ဖြစ်နိုင်သည်။ ကြာကြာလည်း မဖွင့်ဖြစ်ပါ။ ပင်ပန်းတာနဲ့ မကာမိလို့ နှစ်ပတ် သုံးပတ်လား အကြာမှာ ဆက်မလုပ်ဖြစ်တော့ဟု ဆို၏။
ဒီအကြောင်း ကိုသုမောင်ကပဲ ဆောင်းပါး ရေးလိုက်လို့လား၊ ဂျာနယ်တွေထဲမှာ သတင်း ပါလာလို့လား မမှတ်မိတော့။ လူသိများသွား လေသည်။ တစ်ရက်မှာ ဆရာဝင်းငြိမ်းက ကျွန်တော့်ဆီ ဖုန်းဆက်ပြီး ...
“ကိုဝဏ္ဏက မချိုရီကို စတိုးဆိုင် ဖွင့်ခိုင်းတယ်၊ ကိုရူပကတော့ မဝေကို လက်ဖက်ရည်ဆိုင်မှာ ကောင်တာ ထိုင်ခိုင်းတယ်၊ အခုလည်း ကိုသုမောင်က မအေးဘုံကို မုန့်ဟင်းခါး ရောင်းခိုင်းပြန်ပြီ၊ ကိုမင်းလူကကော မရှန်ကို ဘာရောင်းခိုင်းဦးမှာလဲ”
ဟု လှမ်းနောက်သည်။ ကျွန်တော်က ...
“ဟာဗျာ ... ကျွန်တော် ချစ်လို့ယူထားတဲ့ မိန်းမပါ အစ်ကိုရ၊ ခိုင်းစားဖို့ မဟုတ်ဘူး”
လို့ ပြန်ပြောတော့ အစ်ကိုဝင်းငြိမ်းက ရယ်နေသည်။ ဒီအကြောင်း ကိုသုမောင်ကို ပြန်ပြောပြဟန် တူသည်။ လေးငါးရက် ကြာတော့ ဆရာဝင်းငြိမ်း ဖုန်းဆက်ပြန်သည်။
“ဒါနဲ့ ကိုမင်းလူတို့ အမျိုးထဲမှာ ဦးဘိုးငွေ ဆိုတာ ရှိလား”
ဟု မေးသည်။
“ရှိတယ်၊ ကျွန်တော်တို့ အဘိုးလေးပဲ”
“သူက ဘယ်လို ပုဂ္ဂိုလ်မျိုးလဲ”
“မိန်းမကို အရမ်းချစ်တယ်၊ ကြောက်လည်း သိပ်ကြောက်ရတယ်၊ အဝတ်အစားတွေတောင် ကိုယ်တိုင် လျှော်ပေးရတယ်လို့ ကြားဖူးတာပဲ၊ နေပါဦး၊ အစ်ကိုက အဲဒါဘာလို့ မေးတာလဲ”
ဆရာဝင်းငြိမ်းက ရယ်ပြီး
“ကိုသုမောင်က ခင်ဗျားကို အလကားပါဗျာ၊ ဒီကောင်က ဦးဘိုးငွေ ပါလို့ ပြောသွားလို့လေ”
* * *
အမေသည် မျက်စိ ရေတိမ်ရောဂါ ဖြစ်ဖူးသည်။ အသက်ကြီးလာတော့ တဖြည်းဖြည်း မှုန်ဝါးလာတာ မျက်စိတစ်ဖက်က မမြင်ရသလောက် ဖြစ်သွား၏။ ကိုသုမောင်က မျက်စိအထူးကု ဆရာဝန်ကြီး ဒေါက်တာရဲနိုင်ဆီ ခေါ်သွားပြီး ပြပေးသည်။ ဆရာကြီးက အမေ့မျက်စိကို ခွဲစိတ်ပြီး အိုင်အိုအယ်လ်ခေါ် မှန်ဘီလူးအတု ထည့်ပေးလိုက်သည်။ အသားကျလောက်တဲ့ အခါ ...
“အမေ မျက်လုံး ဘယ်လိုနေသလဲ”
ဟု ကိုသုမောင်က မေးတော့ အမေက-
“သိပ်ကောင်းတယ် သားရေ၊ ဟောဟို တိုင်ကပ်နာရီက စက္ကန့်တံလေး သွားနေတာတောင် မြင်ရတယ်”
ကိုသုမောင်က သဘောကျသွားသည်။ ကျွန်တော်က “ဒါတော့ အမေက ပိုလွန်းသည်” ဟု ထင်သည်။ ထို့ကြောင့် တစ်ရက်မှာ ကျွန်တော် ထမင်းစားနေရင်းက ...
“ဘယ်နှစ်နာရီထိုးပြီလဲ အမေ”
ဟု လှမ်းမေးလိုက်သည်။ အမေ ပက်လက်ကုလားထိုင်နဲ့ ထိုင်နေသော နေရာ၏ ရှေ့တည့်တည့် အပေါ်ဘက် ဆယ်ပေအကွာလောက်မှာ တိုင်ကပ်နာရီ ရှိသည်။ အမေက သိပ်ပါးနပ်တာ။ ကျွန်တော်က သူ့ကို အလစ်အငိုက်ဖမ်းပြီး ပြဿနာရှာဖို့ ကြိုးစားတယ်ဆိုတာ ရိပ်မိသည်။ ထို့ကြောင့် ပုတီးစိပ်နေသလိုလို၊ အိပ်ငိုက်နေသလိုလို လုပ်ရင်း မကြားချင်ယောင် ဆောင်နေလိုက်သည်။
ကျွန်တော်က အသံကို မြှင့်ပြီး ထပ်မေးသည်။ တိုက်တိုက်ဆိုင်ဆိုင် ထိုအခိုက်မှာပဲ ဘုန်းကြီးကျောင်းက လေးနာရီသံချောင်း ခေါက်သံ ထွက်ပေါ်လာသည်။ အမေက ...
“လေးနာရီပေါ့ကွယ်”
ဟု ပြောပြီး သူ အသာစီးရတဲ့အခါ လုပ်နေကျအတိုင်း ခေါင်းငုံ့ပြီး အသံမထွက်ဘဲ ဟက်ဟက်ပက်ပက် ရယ်နေလေသည်။ ဘာပဲဖြစ်ဖြစ် အမေသည် သူကြိုက်နှစ်သက်သော ရုပ်မြင်သံကြားကို ကြည်ကြည်လင်လင် ပြတ်ပြတ်သားသား ကြည့်နိုင်သွားတာတော့ အမှန်ပဲ ဖြစ်၏။
ကိုသုမောင်က ဒီကိစ္စကို အလွန်ကျေနပ် ဂုဏ်ယူနေသည်။ သူ့ထုံးစံအတိုင်း ဆောင်းပါးထဲ ထည့်ရေးသည်။ အမေ့ကို မျက်စိခွဲပေးရတဲ့ ကုသိုလ်အကျိုးဆက်ကြောင့် ခုချိန်အထိ သူ့မျက်စိမှာ အဝေးကြည့် မမှုန်သေးဟု ကြွားလိုက်သေးသည်။
ကျွန်တော်က အပြင်ထွက်လျှင် အဝေး အနီးပါ ကြည့်လို့ရသော ဘိုင်ဖိုကယ်မျက်မှန် တပ်ရသည်။ ဒါကိုမြင်သော သူငယ်ချင်းတွေက-
“ကိုဗလကြီးက အမေညိုကို မျက်စိခွဲပေးလို့ မျက်စိမမှုန်ဘူးလို့ ပြောတယ်၊ မင်းကျတော့ကော ...”
ဟု မေးကြသည်။ ကျွန်တော်က-
“ငါက နားတော့ မလေးဘူးကွ”
ဟု ပြန်ပြောသည်။ သူငယ်ချင်းတွေက ဒီအကြောင်း သူ့ကို ပြန်ပြောပြတော့ သူက-
“ဒါနဲ့ နေစမ်းပါဦးကွ၊ ဟိုလူ့ကို ရိလိုက်၊ ဒီလူ့ကို ငေါ့လိုက်နဲ့ ဒီလောက်တောင် ပေကပ်ကပ် ဂျစ်ကန်ကန်နိုင်တဲ့ အကောင်ကို မင်းတို့က ဘာဖြစ်လို့ မပေါင်းဘဲ မနေနိုင်အောင် ဖြစ်နေရတာလဲ”
ဟု အင်ဒါရိုက်နည်းနဲ့ ကျွန်တော်ကို ပြန်တွယ်သွားကြောင်း သိရ၏။
* * *
ကိုသုမောင် ဆေးရုံတက်ပြီး အရက်ဖြတ်တယ်ဆိုတာ ပိုက်ဆံတတ်နိုင်တဲ့လူတွေ နိုင်ငံခြားကို ဈေးဝယ်ထွက်သလိုပဲ၊ ကျွန်တော်တို့ အဖို့တော့ ရိုးနေပြီ။ စင်ကာပူလား၊ ဘန်ကောက်လား၊ မလေးရှားလား မေးဖို့ပဲ ရှိသည်။ ခုလည်း ကိုသုမောင် သုခကမ္ဘာ ဆေးခန်းမှာ တက်နေပြန်ပြီတဲ့။
နေ့လယ်ဘက်မှာတော့ မအေးဘုံသည် ဒဂုံဂျစ်ကားကို ကိုယ်တိုင်မောင်းပြီး ထွက်သွားသည်။ ဒါလည်း ထူးဆန်းသော မြင်ကွင်းမဟုတ်။ နောက်သုံးလေးရက် ကြာလျှင် မအေးဘုံက ကားကိုမောင်း၊ ကိုသုမောင်က ဘေးမှာ ငူငူငိုင်ငိုင်ကြီး ထိုင်ပြီး ဆေးရုံက ပြန်လာကြလိမ့်မည်။ နောက်ရက်အနည်းငယ် ကြာတော့ သူ ဘာမှမဖြစ်ခဲ့သလို ပုံစံဖြင့် ကိုရူပ လက်ဖက်ရည်ဆိုင်မှာ လာထိုင်ပြီး နောက်လား ပြောင်လား လုပ်နေလိမ့်မည်။ ဒီလိုပဲ ထင်ခဲ့သည်။
“ကိုဗလဟာ ဆေးရုံတွေလှည့်ပြီး တက်လိုက် ဆင်းလိုက်၊ သူ့အိမ်ကလည်း ဆေးရုံမှာ လိုက်စောင့်၊ ထမင်းသွားပို့၊ အိမ်ကို ဆရာဝန်ပင့်ပြီး ဆေးသွင်းပေးရနဲ့ အတွေ့အကြုံ၊ တော်တော် များနေပြီ၊ မအေးဘုံအနေနဲ့ အဲဒီအကြောင်းတွေကို စာအုပ်တစ်အုပ် ရေးရင် ကောင်းမယ်၊ စာအုပ်နာမည်ကိုလည်း ‘ဘုံ ဘဝမှာဖြင့်’ လို့ ပေးသင့်တယ်”
ဟု ကျွန်တော်က နောက်နေသေးသည်။ အမှန်ကတော့ ထိုအချိန်တွင် ကိုသုမောင်သည် ဆေးခန်းက ခုတင်ပေါ်မှာ သတိလစ် မေ့မြောနေခဲ့ပြီ ဖြစ်သည်။
* * *
စမွေးကာစတုန်းက အလွန် အငိုသန်သည်။ အသံကလည်း တော်တော်ပြဲသည်။ သူ ဝါးခနဲ ငိုချလိုက်လျှင် တခြားးကလေးတွေပါ လန့်နိုးကြပြီး တအဲ့အဲ့ ငိုကြတော့သည်။ ထို့ကြောင့် သူ့ကို ဆေးရုံအခန်းထောင့် ခပ်ဝေးဝေးမှာ တစ်ယောက်တည်း ထားရသည်ဟု ဆိုသည်။
သူ အဆိုတော် ဖြစ်လာတော့လည်း အသံက အလွန်အောင်သည်။ သူ့အသံကို တစ်နိုင်ငံလုံးသာမက နိုင်ငံခြားကတောင် ကြားရသည်။
ခုလည်း သူ၏ အသက်ရှူသံမှာ ပြင်းလွန်းလှသည်။ သီးသန့်ခန်းထဲမှာ မဟုတ်ဘဲ ဟောခန်းထဲမှာသာ ဆိုလျှင် တခြားလူနာတွေ လန့်နိုးကုန်မှာပဲ။
သူသည် တစ်နေကုန် ပင်ပင်ပန်းပန်း အလုပ်လုပ်လာခဲ့ရလို့ ခြေကုန်လက်ပမ်းကျပြီး နှစ်နှစ်ခြိုက်ခြိုက် အိပ်ပျော်နေသူ တစ်ယောက်လို တခေါခေါ ဟောက်သံ ပေးနေသည်။ ဟုတ်တာပေါ့။ သူသည်လည်း လူပျိုပေါက် အရွယ်မှစပြီး မနားမနေ အလုပ်လုပ်လာခဲ့ရတာ အနားယူချင် ရှာတော့မှာပေါ့။
ခု သူ့ထံမှာ ကြားနေရတာ ပန်းဦးပန်မယ့်သူ မဟုတ်၊ ချစ်မိုးကြီး မဟုတ်။ ပန်းတွေနဲ့ဝေ မဟုတ်။ သူ၏ပြင်းထန်လှသော အသက်ရှူသံသည် လုံးဝ သာယာနာပျော်ဖွယ် မရှိ။ သို့ရာတွင် ထိုအသံ ရပ်ဆိုင်း တိတ်ဆိတ်သွားမှာကို တစ်နိုင်ငံလုံးက စိုးရိမ်တကြီး စောင့်ကြည့် နေကြသည်ဟု ထင်ရ၏။
သူ၏အသံကို ၁၆-၅-၂၀၁၀၊ ည ၉ နာရီ ၁၅ မိနစ်အထိ ကြားခွင့် ရလိုက်ကြသည်။
* * *
လောကကြီးကို စတင်နှုတ်ဆက်တဲ့ အနေနဲ့ ဝါးခနဲ အော်ငိုလိုက်သော မွေးကင်းစ ကလေးငယ် တစ်ယောက်ရဲ့ အသံကလွဲလျှင် ဘယ်လို ငိုသံမျိုးမှ သာသာယာယာ ရှိလိမ့်မည် မထင်။ သူတစ်ပါး၏ ငိုကြွေးသံကို နားထောင်လို့ ကောင်းတယ်ထင်လျှင် ထိုသူသည် ကိုယ်တိုင် မငိုဖူးသူသာ ဖြစ်ရမည်။
ရက်လည်ညတွင် ကျွန်တော် အိပ်လို့ မပျော်သဖြင့် ကဗျာလေးတစ်ပုဒ် ရေးဖြစ်ပါသည်။
သုဉ်းဘဝ
----------
ငိုတဲ့အခါ
အသံသာဖို့ မလွယ်ပါ။
လွမ်းတဲ့အခါ
ကာရန်ရှာလို့ မရပါ။
သေတဲ့အခါ
အမူအရာကောင်းဖို့
မလိုပါ။
မင်းလူ
(မောင်ဗလအလွမ်းပြေ စာစု)
No comments:
Post a Comment