Apr 5, 2017

ေရႊရင္ေအးဖို႔လြမ္းမိသည္

Zawgyi version

#ေရႊရင္ေအးဖို႔လြမ္းမိသည္
(ဝတၳဳတို)
ေရးသူ-မၾကည္ျပာ(သခ်ၤာ)

“မပူေပါင္ေနာက္ဆီကခ်မ္းေရာ့ထင့္၊ အျဖဴေစာင္ေခါက္ထည္ၾကမ္းကိုလ၊ လႊမ္းတဲ့လိ္ု႔လႊားကာျခံဳ၊ ပါး မွာငံုတဲ့နုဝါကြမ္း၊ ေအးအိတ္ကိုလွ်ိဳ၊ ေဆးလိပ္တိုနားမွာထိုးပါလို႔၊ ေတာင္ရိုးမွာဘာသာေပ်ာ္ၾက၊ အမိုးေခၚဖိုး ေစာ္ကဲတို႔မွာ ကြမ္းအငူနွင္းျမဴမွမစဲခင္က တဲဖ်က္တဲ့လမ္း”

အညာေဆာင္းကို အထက္ပါအတိုင္း စာဖြဲ႔ၾကေသာ္လည္း အမွန္တြင္မူ စာဖြဲ႔ထားသည္ထက္ ေအး လွပါသည္။ အညာေစာင္ဆိုသည္မွာ ဖ်င္ၾကမ္းျဖင့္ယက္လုပ္ထားေသာေၾကာင့္ ထူထူထဲထဲရွိျပီးအေႏြးဓာတ္ ကိုပိုမိုေပးနိုင္စြမ္းရွိသည္။ အညာသူ၊ အညာသားတို႔သည္ ေဆာင္းကာလ၏ နံနက္နွင့္ညမ်ား၌ ျခံဝင္းမ်ားအ တြင္း သစ္ရြက္ေျခာက္မ်ားကိုမီးရိႈ႕လ်က္ မီးမျပတ္ေအာင္ဖိုကာ ကေလးမ်ားက အေႏြးထည္ဝတ္၍လည္း ေကာင္း၊ လူၾကီးမ်ားသည္ အညာေစာင္ကို ပတ္ျခံဳ၍လညး္ေကာင္း မီးလံႈၾကသည္။ ယခုခ်ိန္ဆိုပါက အညာ ေက်းလက္မ်ားတြင္ ေဆာင္းတြင္းနံနက္ခင္း၏ မႈန္ပ်ပ်ျမင္ကြင္း၌ ျမင့္မားလြင့္ကားေနသည့္ ထန္းပင္တို႔၏ ယိမ္းႏြဲ႔ေနျခင္းနွင့္အတူ အညာေဆာင္း၏အရိုးခိုက္ေအာင္ ေအးစိမ့္မႈကို အမႈမထားနိုင္ဘဲ ထန္းလုပ္သားမိ သားစုမ်ားသည္ ထန္းလုပ္ငန္းလုပ္ကိုင္ရန္ ျပင္ဆင္လုပ္ကိုင္ေနၾကပါျပီ။

‘ေသာက္လိုက္ရင္ခ်ိဳ၊ ျမိဳလိုက္ရင္ခါး’ ‘ထန္း…ပင္က်ရည္၊ ခ်ိဳတျမျမ ခါးသေလေလ’ ဟူသည့္ထန္း ရည္ၾကိဳက္သူမ်ားအတြက္ ရည္ရြယ္ေရးဖြဲ႔ခဲ့ေသာစာသည္ ေရွးေရွးကပင္ရွိခဲ့သည္ေၾကာင့္ ထန္းရည္ဆိုသည္

မွာ ေရွးရိုးစဥ္ဆက္ကတည္းကပင္ ေသာက္သံုးခဲ့မွန္း ေပၚလြင္လွေပသည္။ ထန္းရည္တြင္ အခ်ိဳနွင့္အခါးနွစ္

မ်ိဳးရွိမွန္းသိေသာ္လည္း အခ်ိဳပင္နွင့္အခါးပင္သီးသန္႔ရွိသည္ဟု ထင္ခဲ့သည္မွာ ယခုအခ်ိ္န္ဝယ္ ျပန္ေတြးရင္း

ျပံဳးမိရေသးသည္။

ထန္းပင္တိုင္းသည္ ထန္းရည္ခ်ိဳကိုသာရရွိျပီး ထန္းရည္ခါးရရွိရန္ ျပဳျပင္ယူရသည္။ ထန္းရည္ခါးရ ရန္ ‘အလင္’ကိုထည့္ရကာ အလင္ရရန္မိေက်ာင္းပင္၏ အေခါက္ကိုအသံုးျပဳရပါသည္။ ‘ဝါဆိုလေျပာင္း မိ ေက်ာင္းေဖြးေဖြးမိုးေအးေအး’ဟူေသာစာဆိုတြင္ပါသည္မွာ ျမစ္ေခ်ာင္းမ်ားတြင္ေနေသာ မိေက်ာင္းကိုေျပာ ျခင္းမဟုတ္ဘဲ မိေက်ာင္းပန္းကိုေျပာျခင္းျဖစ္သည္။ စာတြင္ပါသည့္အတိုင္း မိေက်ာင္းပင္သည္ သစ္ပင္ၾကီး မ်ားတြင္ကပ္၍ေပါက္ေသာ ႏြယ္ပင္မ်ိဳးျဖစ္ကာ ဝါဆိုလမိုးနွင့္အတူ မိေက်ာင္းပန္းမ်ားေဖြးေဖြးလႈပ္ေအာင္ပြင့္ သည္ကိုတင္စားျခင္းျဖစ္သည္။

ေတာင္တြင္းစာဆိုဦးေက်ာ့သည္ မိေက်ာင္းပန္းကို ကဗ်ာဖြဲ႔ရာ၌ “ခေမာင္းပင္၊ လက္ေမာင္းလိမ္ လည္တင္လို႔၊ ၾကိမ္ႏြယ္သြင္တစ္မည္ရွိေပငဲ့၊ေလနွင္ရာေငြစင္အိကဲ့သို႔၊နွစ္အေျခေခတ္ေရထိျပန္ေတာ့၊ေခ်ာင္ ငူမွာေတာင္သူတို႔သိရန္ဖို႔၊ဆန္းေပြဘိေတာင္းတဲ့မွ၊ပန္းေငြမိေက်ာင္း”ဟုေရးဖြဲ႔ခဲ့သည္။ အမွန္တြင္မူမိေက်ာင္း

ပန္းသည္ ျဖဴေဖြးေနသည္မဟုတ္ပါ။ အပြင့္၏နႈတ္ခမ္းသားတြင္ ခရမ္းေရာင္ေဖ်ာ့ေဖ်ာ့အနားသတ္ထားေသာ္

လည္း ေနေရာင္တြင္ၾကည့္ပါက ခရမ္းေရာင္ကိုမျမင္ရေတာ့ဘဲ မိုးစက္မ်ားနွင့္ေရာကာ ေငြေရာင္ေပါက္သြား

ရျခင္းပင္။ မိေက်ာင္းပင္ကိုလူသိနည္းၾကသည္။ သို႔ေသာ္ ျမန္မာ့ရိုးရာေသာက္စရာဟု ေျပာ၍ရေသာ ထန္း ရည္ခါးျပဳလုပ္ရန္အတြက္ မိေက်ာင္းပင္ကိုသံုးရသည့္အေၾကာင္း သိသင့္လွသည္။

    မိေက်ာင္းပင္၏အေခါက္အား ျပဳျပင္ထားသည့္ အလင္အနည္းငယ္ကို ျမဴအိုးတြင္ထည့္ျပီးထန္းရည္

ခံရသည္။ နံနက္ေစာေစာျမဴအိုးခ်ိတ္ထားပါက ညေနတြင္ေစာင္း၌ျမဴအိုးခ်သည့္အခါ အလင္၏အရွိန္ျဖင့္ ျမဴအိုးနႈတ္ခမ္းထက္သို႔မို႔ေမာက္ကာ အျမဴပ္မ်ားတက္လာသည္ကို ေခါင္းေပါင္းေထာင္သည္ဟုေခၚၾကျပီး ထိုအေျခအေနသည္ ထန္းရည္ခါးေသာက္သံုးရန္ အေကာင္းဆံုးအေျခအေနကို ေရာက္မွန္းသိရကာ အျမႈပ္ကုန္ပါက ေသာက္၍ရပါျပီ။ အျမႈပ္ကေလးမ်ား တေဖါက္ေဖါက္နွင့္ေပါက္ေနျခင္းသည္ ပုစြန္ဆိတ္က

ေလးမ်ား ခုန္ျခင္းနွင့္တူလွသျဖင့္ ပုစြန္ဆိတ္ခုန္သည္ဟုလည္း ေျပာၾကျပန္သည္။ အျမႈပ္ကုန္မွ ေသာက္ရ

မည္ျဖစ္ေသာေၾကာင့္ အျမႈပ္ကုန္ရန္ၾကာေနပါက ဝင္းနွံပင္မွထြက္သည့္ ဝင္းနွွွွွံညြန္႔တစ္ညြန္႔၊ နွစ္ညြန္႔ခန္႔ ထည့္ေပးပါက ခဏတာအခ်ိန္အတြင္း အျမႈပ္ရပ္ကာေသာက္နိုင္ပါျပီ။ အရသာသည္ကား ခါးသက္သက္ျဖစ္ သြားျပီး ရီေဝေဝမူးယစ္ယစ္ျဖစ္ေစပါေတာ့သည္။

    အလင္ကို နွစ္ေပါက္ေအာင္ ပြားထားနိုင္သည္။ ထန္းရည္ကို တစ္ညသိပ္သာထားနိုင္ျပီး ထိုထက္ ေက်ာ္ပါက ခ်ဥ္သြားပါသည္။ ထန္းရည္ေသာက္သည့္အခါ ဝမ္းသြားသည္ဆိုျခင္းမွာ ထန္းရည္အခ်ဥ္ေပါက္

သြားျခင္းေၾကာင့္ျဖစ္သည္။ အမွန္တြင္ ထန္းရည္သည္လည္း သူ႔အာနိသင္နွင့္သူရွိေပသည္။ တန္ေဆး၊ လြန္ ေဘးဆိုသကဲ့သို႔ အလြန္အကၽြံေသာက္သံုးပါက အိေျႏၵပ်က္ျပားကာ ေဘးျဖစ္ေစသည္။ ထန္းရည္ခါးပင္က်

ရည္စစ္စစ္သည္ ယခုကာလေဆာင္းရာသီတြင္ ေပၚဦးေပၚဖ်ားျဖစ္ေလသည္။

ထန္းရည္ခ်ဥ္သြားျခင္း၊ျပာသြားျခင္းျဖစ္ပါက ထန္းရည္ေကာင္းသည္ဟု ေျပာ၍မရေတာ့ဘဲထန္းရည္

မေကာင္းပါက ထန္းလ်က္ေကာင္းေကာင္းလည္းမရေတာ့ပါ။ ထန္းရည္ခ်ိဳေကာင္းေကာင္းရရန္ ေဖာက္ျပီး သား စားမည့္ထံုးကိုထည့္ရသည္။ ေဖာက္ထံုးမႈန္႔ကို ျမဴအိုးတြင္းျဖဴးထည့္ျပီးမွ ထန္းရည္ခံၾကသကဲ့သို႔ ထန္း

လက္ကိုထိပ္ဖြာေအာင္ထုထားျပီး ေရေဖ်ာ္ထားေသာေဖာက္ထံုးအိုးတြင္နွစ္၍ ျမဴအိုးအတြင္း၌ထံုးရည္တို႔ကာ

ထန္းရည္ခံျခင္းလည္းရွိၾကသည္။ ထံုးကိုမသံုးလိုပါက မိေခ်ာင္းေခါက္ကို ပါးပါးလွီးထည့္ျခင္းလည္းရွိပါေသး

သည္။ ထိုနည္းမ်ားျဖင့္ ထန္းရည္ခ်ိဳေကာင္းေကာင္းရရန္ ျပဳလုပ္ရသည္။ ထန္းလ်က္ေကာင္း၊ မေကာင္းကို စားၾကည့္လ်င္သိနိုင္ျပီး ထန္းရည္ေကာင္းျဖင့္ လုပ္ေသာထန္းလ်က္သည္ ရွတတခ်ိဳျမျမျဖင့္စား၍ေကာင္းလွ

သည္။ ထန္းရည္ညံ့ပါက စီးထန္းထန္းျဖင့္ စားမေကာင္းလွပါ။ ထန္းဖိုဦးထန္းလ်က္ဆိုသည္မွာ ယခုအခ်ိန္ရ

သည့္ထန္းရည္ခ်ိဳကို ျပဳလုပ္ျခင္းျဖစ္ျပီး ကိုယ္ခႏၶာအတြက္ အပူအေအးမွ်တေစသည့္ ေဆးဘက္ဝင္ထန္း လ်က္ဟု သတ္မွတ္ၾကသည္။ ယခုေခတ္ကာလတြင္မူ ထန္းသမားအခ်ိဳ႕သည္ ပင္က်ရည္ခံစဥ္ကပင္ ဆန္္ေဆးရည္ထည့္ထားေသာေၾကာင့္ ထန္းရည္စစ္စစ္ေသာက္ရရန္မွာ ခဲယဥ္းသြားပါျပီ။

ထန္းရည္အခ်ိဳ၏အသံုးဝင္ပံုကို ေျပာျပရေပဦးမည္။ ေဆာင္းကာလတြင္က်ေသာ ထန္းရည္ခ်ိဳစစ္စစ္

သည္ ဝမ္းတြင္းကိုေအးေစသည္။ ခံတြင္းကိုရွင္းေစျပီး မ်က္စိ္ၾကည္လင္ေစသည္။ ေဆာင္းကာလ၏အေအး

ဓာတ္သည္ ခႏၶာကိုယ္ျပင္ပကိုသာ ခိုက္ခိုက္တုန္ေအာင္ ေအးေစေသာ္လည္း ကိုယ္တြင္းမွာကား အပူတို႔ ေအာင္းေနေလသည္။ ထိုအပူတို႔သည္ခႏၶာကိုယ္တြင္း၌ခိုေနရာမွ ျပင္ပသို႔ကန္ထြက္သည့္အခါ လည္ေခ်ာင္း

ကိုျဖတ္ထြက္လာသျဖင့္ လည္ေခ်ာင္းနာျခင္း၊ ပါးစပ္မွထြက္ျခင္းေၾကာင့္နႈတ္ခမ္းကြဲျခင္း၊ လွ်ာကြဲျခင္း၊ အာ ေခါင္မ်ားကြဲျခင္းတို႔ျဖစ္ရသည္။ ထိုသို႔ခံစားရျခင္းမွ ေပ်ာက္ကင္းေစရန္ ေက်းလက္ေနလူၾကီးသူမမ်ားသည္ နံနက္ေစာေစာစာအျဖစ္ ထမင္းၾကမ္းကို ထန္းရည္ခ်ိဳျဖင့္ ဆမ္းစားၾကသည္။

    “အေမၾကီးကဘာလို႔ မင္းၾကမ္း(ထမင္းၾကမ္း)နဲ႔ ထေရဂ်ိဳ(ထန္းရည္ခ်ိဳ)ေတြ ေရာစားေနတာလည္း”

    “မွတ္ထားကေလးရဲ႕၊ ခုလိုေပၚဦးေပၚဖ်ားထေရဂ်ိဳ(ထနး္ရည္ခ်ိဳ)က သည္ရာသီမွာ ဝမ္းတြင္းအပူ ေၾကာင့္ျဖစ္တတ္တဲ့ အပူနာေတြေပ်ာက္ေအာင္ကုေပးလို႔ ေရႊရင္ေအးလို႔ေခၚတယ္”

    ထိုစဥ္က ထန္းရည္ခ်ိဳျဖင့္ ေရာဂါသက္သာေစသည္ဆိုျခင္းကို နားမလည္ခဲ့ပါ။ ကေလးမ်ားသည္ မ ၾကိဳက္ေသာ္လည္း လူၾကီးမ်ားတိုက္သျဖင့္ေသာက္ရသည္သာ။ ထိုေရႊရင္ေအးေသာက္ျခင္းေၾကာင့္ ကေလး မ်ားသည္ အာေခါင္စပ္ျခင္း၊ နႈတ္ခမ္းကြဲျခင္း၊ အေရျပားပတ္ၾကားအက္ျခင္း စသည္တို႔ျဖစ္သည္ဟု မၾကားခဲ့ သည္ကိုေတာ့သတိရမိပါသည္။ထန္းရည္ေရွာင္ၾကသူတို႔သည္ကား အပူနာသက္သာေစရန္အတြက္ ေရေႏြး

ကိုအေအးခံထားသည့္ ေရက်က္ေအးေသာက္ျခင္းျဖင့္ ေရာဂါကင္းေဝးေစျခင္းမွာ ယေန႔ထက္တိုင္ျဖစ္သည္။

မီးဖိုနံေဘးရွိ ေျမေျပာင္ေျပာင္ေပၚတြင္ တင္ပုလင္ခ်ိတ္ထိုင္ကာ ေရခဲတမွ်ေအးစက္ေနသည့္ ညဘက္က က်န္ေသာ ထမင္းၾကမ္းခဲေပၚသို႔ ထန္းရည္ခ်ိဳရနံ႔ေမႊးေမႊးကိုဆမ္းျပီး ဇြန္းျဖင့္ျခစ္ကာျခစ္ကာ အရည္ေဖ်ာ္ ေသာက္ရင္း၊ ေရေႏြးၾကမ္းခြက္ကို တဖူးဖူးမႈတ္ေသာက္ရင္းျဖင့္ စားခဲ့ပံုကိုျမင္ေယာင္လာကာ လတ္လတ္

ဆတ္ဆတ္ထန္းရည္ယန႔ံကို နွာဝ၌ရေနသကဲ့သို႔ပင္ ခံစားမိပါေတာ့သည္။

    ေက်းရြာမ်ား၌ပင္မဟုတ္ပါ။ ျမိဳ႕ေပၚေနသူမ်ားပါ ေပၚဦးေပၚဖ်ားထန္းရည္ခ်ိဳကို ၾကိဳက္နွစ္သက္ ၾကသျဖင့္ ေက်းရြာမ်ားမွ ေစ်းေရာင္းသူမ်ားက ျမိဳ႕ေပၚသို႔သြားေရာင္းၾကသည္။ အမ်ိဳးသားမ်ားသည္ ထန္း ရည္ခ်ိဳနွင့္အခါးနွစ္မ်ိဳးကို သဲေသာက္ေရအိုးတစ္လံုးစီတြင္ထည့္ျပီး ဆိုင္းထမ္းျဖင့္ထမ္းေရာင္းၾကသကဲ့သို႔ အမ်ိဳးသမီးမ်ားသည္လည္း သဲအိုးတြင္း၌ထန္းရည္ခ်ိဳထည့္၊ သဲအိုးေပၚ၌ျမဴအိုးကိုတင္၊ ျမဴအိုးတြင္း၌ဖန္ခြက္ အေသးထည့္လ်က္ တစ္ခြက္တစ္မတ္(နွစ္ဆယ့္ငါးျပား)ျဖင့္ ေရာင္းၾကသည္။ တစ္ျမဴလ်င္ ေငြနွစ္က်ပ္သာရ သျဖင့္ တစ္ခြက္ခ်င္းေရာင္းပါက ေရာင္းသူအတြက္အျမတ္ပိုရသည္။ သဲအိုးတစ္အိုးသည္ ျမဴအိုးေလးလံုးစာ ဆန္႔ျပီး ထိုသဲတစ္အိုးစာထန္းရည္ကို ထန္းလ်က္ခ်က္ပါက ထန္းလ်က္တစ္ပိသာရသည္။ ယခုကာလတြင္ အမ်ိဳးသမီး အမ်ိဳးသားတို႔၏ ထန္းရည္ခ်ိဳေရာင္းေသာ အသံစာစာမ်ားကို ျမိဳ႕ေပၚ၌ၾကားၾကရေပမည္။

    “ထေရဂ်ိဳဗ်ိဳး(ထန္းရည္ခ်ိဳ)---ထေရဂ်ိဳ၊ ထေရဂ်ိဳ။ ပင္က်ရည္အခါးေလးလည္းပါသဗ်”

    “ သည္ဘက္က ထန္း…ရည္…ခ်ိဳ…”

    ထန္းရည္ခါးကို အသြင္ေျပာင္းျပီး အသံုးျပဳနိုင္ပါေသးသည္။ အလင္ထည့္ထားေသာထန္းရည္ခါးကို

ဖန္ပုလင္းတြင္သို႔ထည့္၍ လံုေအာင္ပိတ္ျပီးအနည္ထိုင္ေစကာ တစ္လခန္႔ၾကာေသာ္ ေနာက္ထပ္ဖန္ပုလင္း အတြင္းသို႔ အနည္မ်ားမပါေအာင္ေစာင္းထည့္၍ တစ္လခန္႔ထပ္ထားရသည္။ စုစုေပါင္းနွစ္လခန္႔ၾကာေသာ္

သဘာဝရွာလကာရည္စစ္စစ္ရျပီျဖစ္သည္။ ခြက္တစ္ခုတြင္ ရွာလကာရည္ထည့္၍ ၾကက္သြန္နီအကြင္းလိုက္ လွီးထည့္၊ ျခံတြင္းမွမိုးေမွ်ာ္ငရုပ္သီးကိုခူးကာ ပါးပါးလွီးထည့္ျပီးထမင္းစားပြဲေပၚတင္ထားပါက အလြန္ထမင္း ျမိန္ေစသည့္ အခ်ဥ္တစ္ခြက္ကိုရပါျပီ။ ထိုမွ်မကေသး အသား၊ ငါးတို႔မခ်က္မီ ထိုရွာလကာရည္ျဖင့္နယ္ျပီး နွပ္ထားေသာ္ ညွီနံ႔ေပ်ာက္ကင္းေစသည့္အျပင္ အသားအျမန္နူးေစေၾကာင္း သတင္းေကာင္းပါးခ်င္ပါေသး သည္။

    ခ်မ္းေအးေသာေဆာင္းကာလသည္ ျမိဳ႕ေနလူတန္းစားမ်ားအဖို႔ ခံစားခ်က္မဲ့ၾကသည္ကို နားလည္ နိုင္ပါသည္။ ေက်းလက္ေတာရြာ၌ ေနခဲ့ဖူးသူမ်ားသည္ကား ဇာတိခ်က္ျမႈပ္နွင့္ မည္မွ်ေဝးသည္ျဖစ္ေစ၊ မိမိ တို႔ေဒသ၏ အေငြ႔အသက္မ်ားကို တိုက္ဆိုင္စြာခံစားမိေလတိုင္း ေမြးရပ္ေျမကိုလြမ္းၾကသည္သာ။ အထူးသ ျဖင့္ အရိုးခိုက္ေအာင္ေအး၍ အပူနာထိုးလာပါက ေရႊရင္ေအးေစမည့္ ထမင္းၾကမ္းခဲနွင့္ထန္းရည္ခ်ိဳ အားရ

ပါးရစားေနပံုအားျမင္ေယာင္ကာ ထန္းရည္ခ်ိဳန႔ံေမႊးေမႊးကို ေယာင္ယမ္းရႈရိႈက္ရင္း သြားရည္လည္ေနသည္ နွင့္တစ္ျပိဳင္တည္း လမ္းမထက္မွဟစ္ေအာ္သြားသည့္အသံကိုပါ ၾကားေယာင္လာျပီးေယာင္ယမ္းကာအေျပး

ထြက္ၾကည့္မိသည္ကိုျဖင့္ ပိုသည္ဟုဆိုလ်င္လည္း ဆိုၾကပါေစေတာ့ဟူ၍သာ။

“ေဟာသည္မယ္ ထေရဂ်ိဳ(ထန္းရည္ခ်ိဳ)ပါ----ေတာ့္”

မၾကည္ျပာ(သခ်ၤာ)

Unicode version

#ရွှေရင်အေးဖို့လွမ်းမိသည်
(ဝတ္ထုတို)
ရေးသူ-မကြည်ပြာ(သချၤာ)

“မပူပေါင်နောက်ဆီကချမ်းရော့ထင့်၊ အဖြူစောင်ခေါက်ထည်ကြမ်းကိုလ၊ လွှမ်းတဲ့လို့လွှားကာခြုံ၊ ပါး မှာငုံတဲ့နုဝါကွမ်း၊ အေးအိတ်ကိုလျှို၊ ဆေးလိပ်တိုနားမှာထိုးပါလို့၊ တောင်ရိုးမှာဘာသာပျော်ကြ၊ အမိုးခေါ်ဖိုး စော်ကဲတို့မှာ ကွမ်းအငူနှင်းမြူမှမစဲခင်က တဲဖျက်တဲ့လမ်း”

အညာဆောင်းကို အထက်ပါအတိုင်း စာဖွဲ့ကြသော်လည်း အမှန်တွင်မူ စာဖွဲ့ထားသည်ထက် အေး လှပါသည်။ အညာစောင်ဆိုသည်မှာ ဖျင်ကြမ်းဖြင့်ယက်လုပ်ထားသောကြောင့် ထူထူထဲထဲရှိပြီးအနွေးဓာတ် ကိုပိုမိုပေးနိုင်စွမ်းရှိသည်။ အညာသူ၊ အညာသားတို့သည် ဆောင်းကာလ၏ နံနက်နှင့်ညများ၌ ခြံဝင်းများအ တွင်း သစ်ရွက်ခြောက်များကိုမီးရှို့လျက် မီးမပြတ်အောင်ဖိုကာ ကလေးများက အနွေးထည်ဝတ်၍လည်း ကောင်း၊ လူကြီးများသည် အညာစောင်ကို ပတ်ခြုံ၍လည်းကောင်း မီးလှုံကြသည်။ ယခုချိန်ဆိုပါက အညာ ကျေးလက်များတွင် ဆောင်းတွင်းနံနက်ခင်း၏ မှုန်ပျပျမြင်ကွင်း၌ မြင့်မားလွင့်ကားနေသည့် ထန်းပင်တို့၏ ယိမ်းနွဲ့နေခြင်းနှင့်အတူ အညာဆောင်း၏အရိုးခိုက်အောင် အေးစိမ့်မှုကို အမှုမထားနိုင်ဘဲ ထန်းလုပ်သားမိ သားစုများသည် ထန်းလုပ်ငန်းလုပ်ကိုင်ရန် ပြင်ဆင်လုပ်ကိုင်နေကြပါပြီ။

‘သောက်လိုက်ရင်ချို၊ မြိုလိုက်ရင်ခါး’ ‘ထန်း…ပင်ကျရည်၊ ချိုတမြမြ ခါးသလေလေ’ ဟူသည့်ထန်း ရည်ကြိုက်သူများအတွက် ရည်ရွယ်ရေးဖွဲ့ခဲ့သောစာသည် ရှေးရှေးကပင်ရှိခဲ့သည်ကြောင့် ထန်းရည်ဆိုသည်

မှာ ရှေးရိုးစဉ်ဆက်ကတည်းကပင် သောက်သုံးခဲ့မှန်း ပေါ်လွင်လှပေသည်။ ထန်းရည်တွင် အချိုနှင့်အခါးနှစ်

မျိုးရှိမှန်းသိသော်လည်း အချိုပင်နှင့်အခါးပင်သီးသန့်ရှိသည်ဟု ထင်ခဲ့သည်မှာ ယခုအချိန်ဝယ် ပြန်တွေးရင်း

ပြုံးမိရသေးသည်။

ထန်းပင်တိုင်းသည် ထန်းရည်ချိုကိုသာရရှိပြီး ထန်းရည်ခါးရရှိရန် ပြုပြင်ယူရသည်။ ထန်းရည်ခါးရ ရန် ‘အလင်’ကိုထည့်ရကာ အလင်ရရန်မိကျောင်းပင်၏ အခေါက်ကိုအသုံးပြုရပါသည်။ ‘ဝါဆိုလပြောင်း မိ ကျောင်းဖွေးဖွေးမိုးအေးအေး’ဟူသောစာဆိုတွင်ပါသည်မှာ မြစ်ချောင်းများတွင်နေသော မိကျောင်းကိုပြော ခြင်းမဟုတ်ဘဲ မိကျောင်းပန်းကိုပြောခြင်းဖြစ်သည်။ စာတွင်ပါသည့်အတိုင်း မိကျောင်းပင်သည် သစ်ပင်ကြီး များတွင်ကပ်၍ပေါက်သော နွယ်ပင်မျိုးဖြစ်ကာ ဝါဆိုလမိုးနှင့်အတူ မိကျောင်းပန်းများဖွေးဖွေးလှုပ်အောင်ပွင့် သည်ကိုတင်စားခြင်းဖြစ်သည်။

တောင်တွင်းစာဆိုဦးကျော့သည် မိကျောင်းပန်းကို ကဗျာဖွဲ့ရာ၌ “ခမောင်းပင်၊ လက်မောင်းလိမ် လည်တင်လို့၊ ကြိမ်နွယ်သွင်တစ်မည်ရှိပေငဲ့၊လေနှင်ရာငွေစင်အိကဲ့သို့၊နှစ်အခြေခေတ်ရေထိပြန်တော့၊ချောင် ငူမှာတောင်သူတို့သိရန်ဖို့၊ဆန်းပွေဘိတောင်းတဲ့မှ၊ပန်းငွေမိကျောင်း”ဟုရေးဖွဲ့ခဲ့သည်။ အမှန်တွင်မူမိကျောင်း

ပန်းသည် ဖြူဖွေးနေသည်မဟုတ်ပါ။ အပွင့်၏နှုတ်ခမ်းသားတွင် ခရမ်းရောင်ဖျော့ဖျော့အနားသတ်ထားသော်

လည်း နေရောင်တွင်ကြည့်ပါက ခရမ်းရောင်ကိုမမြင်ရတော့ဘဲ မိုးစက်များနှင့်ရောကာ ငွေရောင်ပေါက်သွား

ရခြင်းပင်။ မိကျောင်းပင်ကိုလူသိနည်းကြသည်။ သို့သော် မြန်မာ့ရိုးရာသောက်စရာဟု ပြော၍ရသော ထန်း ရည်ခါးပြုလုပ်ရန်အတွက် မိကျောင်းပင်ကိုသုံးရသည့်အကြောင်း သိသင့်လှသည်။

    မိကျောင်းပင်၏အခေါက်အား ပြုပြင်ထားသည့် အလင်အနည်းငယ်ကို မြူအိုးတွင်ထည့်ပြီးထန်းရည်

ခံရသည်။ နံနက်စောစောမြူအိုးချိတ်ထားပါက ညနေတွင်စောင်း၌မြူအိုးချသည့်အခါ အလင်၏အရှိန်ဖြင့် မြူအိုးနှုတ်ခမ်းထက်သို့မို့မောက်ကာ အမြူပ်များတက်လာသည်ကို ခေါင်းပေါင်းထောင်သည်ဟုခေါ်ကြပြီး ထိုအခြေအနေသည် ထန်းရည်ခါးသောက်သုံးရန် အကောင်းဆုံးအခြေအနေကို ရောက်မှန်းသိရကာ အမြှုပ်ကုန်ပါက သောက်၍ရပါပြီ။ အမြှုပ်ကလေးများ တဖေါက်ဖေါက်နှင့်ပေါက်နေခြင်းသည် ပုစွန်ဆိတ်က

လေးများ ခုန်ခြင်းနှင့်တူလှသဖြင့် ပုစွန်ဆိတ်ခုန်သည်ဟုလည်း ပြောကြပြန်သည်။ အမြှုပ်ကုန်မှ သောက်ရ

မည်ဖြစ်သောကြောင့် အမြှုပ်ကုန်ရန်ကြာနေပါက ဝင်းနှံပင်မှထွက်သည့် ဝင်းနှှှှှံညွန့်တစ်ညွန့်၊ နှစ်ညွန့်ခန့် ထည့်ပေးပါက ခဏတာအချိန်အတွင်း အမြှုပ်ရပ်ကာသောက်နိုင်ပါပြီ။ အရသာသည်ကား ခါးသက်သက်ဖြစ် သွားပြီး ရီဝေဝေမူးယစ်ယစ်ဖြစ်စေပါတော့သည်။

    အလင်ကို နှစ်ပေါက်အောင် ပွားထားနိုင်သည်။ ထန်းရည်ကို တစ်ညသိပ်သာထားနိုင်ပြီး ထိုထက် ကျော်ပါက ချဉ်သွားပါသည်။ ထန်းရည်သောက်သည့်အခါ ဝမ်းသွားသည်ဆိုခြင်းမှာ ထန်းရည်အချဉ်ပေါက်

သွားခြင်းကြောင့်ဖြစ်သည်။ အမှန်တွင် ထန်းရည်သည်လည်း သူ့အာနိသင်နှင့်သူရှိပေသည်။ တန်ဆေး၊ လွန် ဘေးဆိုသကဲ့သို့ အလွန်အကျွံသောက်သုံးပါက အိနြေ္ဒပျက်ပြားကာ ဘေးဖြစ်စေသည်။ ထန်းရည်ခါးပင်ကျ

ရည်စစ်စစ်သည် ယခုကာလဆောင်းရာသီတွင် ပေါ်ဦးပေါ်ဖျားဖြစ်လေသည်။

ထန်းရည်ချဉ်သွားခြင်း၊ပြာသွားခြင်းဖြစ်ပါက ထန်းရည်ကောင်းသည်ဟု ပြော၍မရတော့ဘဲထန်းရည်

မကောင်းပါက ထန်းလျက်ကောင်းကောင်းလည်းမရတော့ပါ။ ထန်းရည်ချိုကောင်းကောင်းရရန် ဖောက်ပြီး သား စားမည့်ထုံးကိုထည့်ရသည်။ ဖောက်ထုံးမှုန့်ကို မြူအိုးတွင်းဖြူးထည့်ပြီးမှ ထန်းရည်ခံကြသကဲ့သို့ ထန်း

လက်ကိုထိပ်ဖွာအောင်ထုထားပြီး ရေဖျော်ထားသောဖောက်ထုံးအိုးတွင်နှစ်၍ မြူအိုးအတွင်း၌ထုံးရည်တို့ကာ

ထန်းရည်ခံခြင်းလည်းရှိကြသည်။ ထုံးကိုမသုံးလိုပါက မိချောင်းခေါက်ကို ပါးပါးလှီးထည့်ခြင်းလည်းရှိပါသေး

သည်။ ထိုနည်းများဖြင့် ထန်းရည်ချိုကောင်းကောင်းရရန် ပြုလုပ်ရသည်။ ထန်းလျက်ကောင်း၊ မကောင်းကို စားကြည့်လျင်သိနိုင်ပြီး ထန်းရည်ကောင်းဖြင့် လုပ်သောထန်းလျက်သည် ရှတတချိုမြမြဖြင့်စား၍ကောင်းလှ

သည်။ ထန်းရည်ညံ့ပါက စီးထန်းထန်းဖြင့် စားမကောင်းလှပါ။ ထန်းဖိုဦးထန်းလျက်ဆိုသည်မှာ ယခုအချိန်ရ

သည့်ထန်းရည်ချိုကို ပြုလုပ်ခြင်းဖြစ်ပြီး ကိုယ်ခန္ဓာအတွက် အပူအအေးမျှတစေသည့် ဆေးဘက်ဝင်ထန်း လျက်ဟု သတ်မှတ်ကြသည်။ ယခုခေတ်ကာလတွင်မူ ထန်းသမားအချို့သည် ပင်ကျရည်ခံစဉ်ကပင် ဆန်ဆေးရည်ထည့်ထားသောကြောင့် ထန်းရည်စစ်စစ်သောက်ရရန်မှာ ခဲယဉ်းသွားပါပြီ။

ထန်းရည်အချို၏အသုံးဝင်ပုံကို ပြောပြရပေဦးမည်။ ဆောင်းကာလတွင်ကျသော ထန်းရည်ချိုစစ်စစ်

သည် ဝမ်းတွင်းကိုအေးစေသည်။ ခံတွင်းကိုရှင်းစေပြီး မျက်စိကြည်လင်စေသည်။ ဆောင်းကာလ၏အအေး

ဓာတ်သည် ခန္ဓာကိုယ်ပြင်ပကိုသာ ခိုက်ခိုက်တုန်အောင် အေးစေသော်လည်း ကိုယ်တွင်းမှာကား အပူတို့ အောင်းနေလေသည်။ ထိုအပူတို့သည်ခန္ဓာကိုယ်တွင်း၌ခိုနေရာမှ ပြင်ပသို့ကန်ထွက်သည့်အခါ လည်ချောင်း

ကိုဖြတ်ထွက်လာသဖြင့် လည်ချောင်းနာခြင်း၊ ပါးစပ်မှထွက်ခြင်းကြောင့်နှုတ်ခမ်းကွဲခြင်း၊ လျှာကွဲခြင်း၊ အာ ခေါင်များကွဲခြင်းတို့ဖြစ်ရသည်။ ထိုသို့ခံစားရခြင်းမှ ပျောက်ကင်းစေရန် ကျေးလက်နေလူကြီးသူမများသည် နံနက်စောစောစာအဖြစ် ထမင်းကြမ်းကို ထန်းရည်ချိုဖြင့် ဆမ်းစားကြသည်။

    “အမေကြီးကဘာလို့ မင်းကြမ်း(ထမင်းကြမ်း)နဲ့ ထရေဂျို(ထန်းရည်ချို)တွေ ရောစားနေတာလည်း”

    “မှတ်ထားကလေးရဲ့၊ ခုလိုပေါ်ဦးပေါ်ဖျားထရေဂျို(ထန်းရည်ချို)က သည်ရာသီမှာ ဝမ်းတွင်းအပူ ကြောင့်ဖြစ်တတ်တဲ့ အပူနာတွေပျောက်အောင်ကုပေးလို့ ရွှေရင်အေးလို့ခေါ်တယ်”

    ထိုစဉ်က ထန်းရည်ချိုဖြင့် ရောဂါသက်သာစေသည်ဆိုခြင်းကို နားမလည်ခဲ့ပါ။ ကလေးများသည် မ ကြိုက်သော်လည်း လူကြီးများတိုက်သဖြင့်သောက်ရသည်သာ။ ထိုရွှေရင်အေးသောက်ခြင်းကြောင့် ကလေး များသည် အာခေါင်စပ်ခြင်း၊ နှုတ်ခမ်းကွဲခြင်း၊ အရေပြားပတ်ကြားအက်ခြင်း စသည်တို့ဖြစ်သည်ဟု မကြားခဲ့ သည်ကိုတော့သတိရမိပါသည်။ထန်းရည်ရှောင်ကြသူတို့သည်ကား အပူနာသက်သာစေရန်အတွက် ရေနွေး

ကိုအအေးခံထားသည့် ရေကျက်အေးသောက်ခြင်းဖြင့် ရောဂါကင်းဝေးစေခြင်းမှာ ယနေ့ထက်တိုင်ဖြစ်သည်။

မီးဖိုနံဘေးရှိ မြေပြောင်ပြောင်ပေါ်တွင် တင်ပုလင်ချိတ်ထိုင်ကာ ရေခဲတမျှအေးစက်နေသည့် ညဘက်က ကျန်သော ထမင်းကြမ်းခဲပေါ်သို့ ထန်းရည်ချိုရနံ့မွှေးမွှေးကိုဆမ်းပြီး ဇွန်းဖြင့်ခြစ်ကာခြစ်ကာ အရည်ဖျော် သောက်ရင်း၊ ရေနွေးကြမ်းခွက်ကို တဖူးဖူးမှုတ်သောက်ရင်းဖြင့် စားခဲ့ပုံကိုမြင်ယောင်လာကာ လတ်လတ်

ဆတ်ဆတ်ထန်းရည်ယနံ့ကို နှာဝ၌ရနေသကဲ့သို့ပင် ခံစားမိပါတော့သည်။

    ကျေးရွာများ၌ပင်မဟုတ်ပါ။ မြို့ပေါ်နေသူများပါ ပေါ်ဦးပေါ်ဖျားထန်းရည်ချိုကို ကြိုက်နှစ်သက် ကြသဖြင့် ကျေးရွာများမှ ဈေးရောင်းသူများက မြို့ပေါ်သို့သွားရောင်းကြသည်။ အမျိုးသားများသည် ထန်း ရည်ချိုနှင့်အခါးနှစ်မျိုးကို သဲသောက်ရေအိုးတစ်လုံးစီတွင်ထည့်ပြီး ဆိုင်းထမ်းဖြင့်ထမ်းရောင်းကြသကဲ့သို့ အမျိုးသမီးများသည်လည်း သဲအိုးတွင်း၌ထန်းရည်ချိုထည့်၊ သဲအိုးပေါ်၌မြူအိုးကိုတင်၊ မြူအိုးတွင်း၌ဖန်ခွက် အသေးထည့်လျက် တစ်ခွက်တစ်မတ်(နှစ်ဆယ့်ငါးပြား)ဖြင့် ရောင်းကြသည်။ တစ်မြူလျင် ငွေနှစ်ကျပ်သာရ သဖြင့် တစ်ခွက်ချင်းရောင်းပါက ရောင်းသူအတွက်အမြတ်ပိုရသည်။ သဲအိုးတစ်အိုးသည် မြူအိုးလေးလုံးစာ ဆန့်ပြီး ထိုသဲတစ်အိုးစာထန်းရည်ကို ထန်းလျက်ချက်ပါက ထန်းလျက်တစ်ပိသာရသည်။ ယခုကာလတွင် အမျိုးသမီး အမျိုးသားတို့၏ ထန်းရည်ချိုရောင်းသော အသံစာစာများကို မြို့ပေါ်၌ကြားကြရပေမည်။

    “ထရေဂျိုဗျိုး(ထန်းရည်ချို)---ထရေဂျို၊ ထရေဂျို။ ပင်ကျရည်အခါးလေးလည်းပါသဗျ”

    “ သည်ဘက်က ထန်း…ရည်…ချို…”

    ထန်းရည်ခါးကို အသွင်ပြောင်းပြီး အသုံးပြုနိုင်ပါသေးသည်။ အလင်ထည့်ထားသောထန်းရည်ခါးကို

ဖန်ပုလင်းတွင်သို့ထည့်၍ လုံအောင်ပိတ်ပြီးအနည်ထိုင်စေကာ တစ်လခန့်ကြာသော် နောက်ထပ်ဖန်ပုလင်း အတွင်းသို့ အနည်များမပါအောင်စောင်းထည့်၍ တစ်လခန့်ထပ်ထားရသည်။ စုစုပေါင်းနှစ်လခန့်ကြာသော်

သဘာဝရှာလကာရည်စစ်စစ်ရပြီဖြစ်သည်။ ခွက်တစ်ခုတွင် ရှာလကာရည်ထည့်၍ ကြက်သွန်နီအကွင်းလိုက် လှီးထည့်၊ ခြံတွင်းမှမိုးမျှော်ငရုပ်သီးကိုခူးကာ ပါးပါးလှီးထည့်ပြီးထမင်းစားပွဲပေါ်တင်ထားပါက အလွန်ထမင်း မြိန်စေသည့် အချဉ်တစ်ခွက်ကိုရပါပြီ။ ထိုမျှမကသေး အသား၊ ငါးတို့မချက်မီ ထိုရှာလကာရည်ဖြင့်နယ်ပြီး နှပ်ထားသော် ညှီနံ့ပျောက်ကင်းစေသည့်အပြင် အသားအမြန်နူးစေကြောင်း သတင်းကောင်းပါးချင်ပါသေး သည်။

    ချမ်းအေးသောဆောင်းကာလသည် မြို့နေလူတန်းစားများအဖို့ ခံစားချက်မဲ့ကြသည်ကို နားလည် နိုင်ပါသည်။ ကျေးလက်တောရွာ၌ နေခဲ့ဖူးသူများသည်ကား ဇာတိချက်မြှုပ်နှင့် မည်မျှဝေးသည်ဖြစ်စေ၊ မိမိ တို့ဒေသ၏ အငွေ့အသက်များကို တိုက်ဆိုင်စွာခံစားမိလေတိုင်း မွေးရပ်မြေကိုလွမ်းကြသည်သာ။ အထူးသ ဖြင့် အရိုးခိုက်အောင်အေး၍ အပူနာထိုးလာပါက ရွှေရင်အေးစေမည့် ထမင်းကြမ်းခဲနှင့်ထန်းရည်ချို အားရ

ပါးရစားနေပုံအားမြင်ယောင်ကာ ထန်းရည်ချိုနံ့မွှေးမွှေးကို ယောင်ယမ်းရှုရှိုက်ရင်း သွားရည်လည်နေသည် နှင့်တစ်ပြိုင်တည်း လမ်းမထက်မှဟစ်အော်သွားသည့်အသံကိုပါ ကြားယောင်လာပြီးယောင်ယမ်းကာအပြေး

ထွက်ကြည့်မိသည်ကိုဖြင့် ပိုသည်ဟုဆိုလျင်လည်း ဆိုကြပါစေတော့ဟူ၍သာ။

“ဟောသည်မယ် ထရေဂျို(ထန်းရည်ချို)ပါ----တော့်”

မကြည်ပြာ(သချၤာ)

No comments:

Post a Comment