Zawgyi Version
မုန်လာဥ (ရွာစားစိန်တင်ဟန်)
-----------------------------
-----------------------------
မန္တလေးမြို့၏ လမ်း-၈၀ နှင့် ၂၈-လမ်းဒေါင့်မှာ လင်းရောင်ခြည်ကဖေး ရှိသည်။
ထိုဆိုင်၌ ဦးလေးငြိမ်း အမြဲထိုင်ခဲ့သော နေရာသည် ဆိုင်၏ အတွင်းဖက်
ချောင်ကျကျ စနေထောင့် စားပွဲတွင် ထိုင်လေ့ရှိသည်။ အင်္ကျီ ဖြူဖြူဆွတ်ဆွတ်
လက်တိုကို လုံချည်က မန်ကျည်းစေ့ကွက်နုပ်၊ ဖိနပ်က မော်လမြိုင်
ရှေ့ထိုးဖိနပ်၊ အိတ်ကပ်ထဲမှာ နဂါးဆေးလိပ် ဆယ်ပြားတန် အသေးဆုံး လေးလိပ်
ပါသည်။ သုံးထောင့်ချွန်း လေးထောင့်အိတ်ကပ် အရွယ်သာသာ စာရွက်ဖြူဖြူလွလွလေး
တစ်ရွက် အိတ်ထဲမှာ ထည့်ထားသည်။ ခဲတံက ဖော့ဖျက်နေရာ ဖော့တုံး သေးသေးလေးကို
အပ်ချည်ကြိုးနဲ့ ချည်ထားသည်။ ပါးစပ်က ကွမ်းစားရင်း မြုံ့ရင်းက
ဝေးလံသည်ခေါင်သော နေရာဆီ ငေးနေတတ်သည်။ စကားပြောရင်လည်း ချောချောမွေ့မွေ့
ထွက်မလာတတ်ပါ၊ အတုံးအတစ်တွေ ပါတတ်သည်။ သို့ပေမယ့် သူ့စကားကို နားထောင်ပြီး
ဖြုတ်ကြည့်သည် မရ။
မှာထားသော လက်ဖက်ရည်တွေက အပေါ်ရည်လေးတွေ တင်းပြီး
အေးစက်နေသည့် အချိန်ထိ မသောက်ဖြစ်သေးသည်က များသည်။ ဦးလေးငြိမ်းသည်
မျိုးချစ်စိတ် အလွန်ထက်သန်သူ ဖြစ်သည်။ ဤအကြောင်းကို အောက်ပါ
သီချင်းပိုဒ်ကလေးက သက်သေပြနေသည်။ အမျိုးသားနေ့ အောင်ပွဲ ကကြသော ကျောင်းသူ
ကျောင်းသားကလေးများ သီဆိုကြစေရန် ရေးထားသည်။
“ပျား ပန်းခတ်သည့်သွင်
ဝတ်ရည်သုံးကြရွှင်ရွှင် ကျောင်းတော်ဗဟို ကြည်ညိုသောမိခင်၊ ထွန်းပြောင်စေမည့်
အမျိုးသားနေ့ မမေ့အပ်သည်ပင် တန်ဆောင်ဆီမီးသို့ အောင်ပြီး သဘင်ဆင်ယင်”
အမျိုးသားကျောင်းတွေ ပေါ်ပေါက်လာရခြင်း၊ အမျိုးသားနေ့ဟု
ဖြစ်ပေါ်လာရခြင်းတို့သည် သူ့ကျွန်ဘဝမှ အင်အားကြီးမား ပြင်းထန်လှသော
သမိုင်းမှတ်တိုင်ကြီး တစ်ခု ဖြစ်၏။ အမျိုးသားရေးကို အလွန် အလေးထားသော
ဦးလေးငြိမ်းက အထက်ပါသီချင်းမျိုးတွေ ထွက်လာရသည်မှာ သူ့ဘဝ၏ မြင့်မြတ်လှသော
အကြောင်းအရာတွေပင် ဖြစ်သည်။
သူသည် အတွေးတွေ နက်နက်ရှိုင်းရှိုင်း
တွေးနေလေ့ ရှိသော်လည်း ပတ်ဝန်းကျင်ကို မမေ့၊ ကျွန်တော်နှင့် လက်ဖက်ရည်ဆိုင်
ထိုင်နေစဉ် ဆိုင်ရှေ့ ကျောက်လမ်းပေါ်က ရေစည်လှည်း ဆွဲသွားသည်။ ရေစည်က
အသံထွက်လာသည်။ ဒေဒေ ... ဒေဒေ ...၊ ဒေဒေ ... ဒေဒေ ... ဦးလေးငြိမ်းက
ပြုံးလိုက်ရင်း အရေးတကြီး ကျွန်တော့်ကို ပြောသည်။ “အဲဒီ ရေစည်သံ
သုံးပေါက်ကိုက်တယ် သုံးပေါက်ကိုက်တယ်” ရေစည်လှည်း၏ အသံသည် သုံးပေါက်
ရောက်နေသည်ကို ပြောခြင်းဖြစ်၏။ သူ့သဘောကျလို့ သူ့ဆန္ဒရှိလို့သာ ပြောသည်၊
တစ်ခါတလေ မိုးချုပ်၍ ဆိုင်သိမ်းသွားသည့်ထိ ပြန်သာ လာရသည်၊ စကားတစ်ခွန်းမှ
မပြောဖြစ်ကြပါ။
ဦးလေးငြိမ်းသည် မိသားစု များသည်။ စားဝတ်နေရေး
မည်သို့ ရှိကြသည် မသိ၊ ဦးလေးငြိမ်း၏ မိဘများကတော့ ပစ္စည်းဥစ္စာ တော်တော်
ပြည့်စုံသည်ဟု သိရသည်။ တချို့ကမူ “ဆရာငြိမ်းသည် သူ့မိဘပစ္စည်း
ထိုင်သုံးနေသည်” တချို့ကြပြန်တော့ “ဆရာငြိမ်းသည် သူ့အိမ်အတွက် ဘာမျှ
မပူတဲ့လူ” ဟု ဆိုကြပြန်သည်။ မည်သို့ပင် ဖြစ်စေ မိသားစု၏ စားဝတ်နေရေးသည်
ဦးလေးငြိမ်းမှာ တာဝန်အရှိဆုံးဟု ကျွန်တော်ကလည်း မြင်မိသည်။ စားဝတ်နေရေး
မပြေလည်လျှင် ဦးလေးငြိမ်းသည် မိသားစုတာဝန် ပေါ့လျော့ ပျက်ကွက်သောသူဟု
ကျွန်တော် မြင်မိသည်။ ထိုအကြောင်းကို တစ်နေ့တွင် ပြောဖြစ်ကြသည်။
“ကျွန်တော်က တစ်ကောင်ကြွက်သာသာ စားဝတ်နေရေး ပူစရာ မလိုဘူး၊ ဦးလေးငြိမ်းက” ၊ စကားကို ကျွန်တော်က ဖြတ်ထားလိုက်တော့ သူက
“မောင်ရင် ဘာပြောချင်တာလဲ ရှင်းရှင်း ပြောပါ”
“ဦးလေးငြိမ်းက မိသားစုကြီးတယ်၊ လစဉ်ဝင်ငွေ ဘယ်လို ရှိမလဲ မသိဘူး”
“ကျုပ်ဝင်ငွေကိစ္စ မောင်ရင်က ဘာလို့ သိချင်တာလဲ”
“ဦးလေးငြိမ်းက မိသားစုကြီးတယ်၊ လစဉ်ဝင်ငွေ ဘယ်လို ရှိမလဲ မသိဘူး”
“ကျုပ်ဝင်ငွေကိစ္စ မောင်ရင်က ဘာလို့ သိချင်တာလဲ”
ကျွန်တော်က အောင့်မထားနိုင် ပြောချင်တာများကို အားသွန်၍ ပြောချလိုက်မိသည်။
“ဦးလေးငြိမ်းက သီချင်းရေးတယ် ဆိုပေမယ့် ကိုယ်ရေးချင်မှ ရေးတာ၊
ရေးပြန်တော့လည်း တစ်လ ဘယ်နှစ်ပုဒ်ဆိုတာ မရှိဘူး၊ တစ်ပုဒ် ဘယ်လောက် ရမလဲ
ဆိုတာလည်း အတိအကျ မရှိဘူး။ အဲဒီလို မသေချာပေမယ့် စားဝတ်နေရေးကတော့ နေ့စဉ်
မစားမဖြစ် မသုံးမဖြစ်တာတွေ ရှိမယ်။ ဒီတာဝန်တွေ အားလုံးဟာ ဦးလေးငြိမ်း
တာဝန်ပဲ။ သီချင်းရေးဆရာ ဆိုတဲ့ ဘဝပီတိလေး မကြည့်သင့်ဘူး။ မိသားစု
အားလုံးရဲ့ စားဝတ်နေရေးကို အလေးမထားရင် တာဝန်မကျေတဲ့သူပဲ ဖြစ်မှာပေါ့” ၊
ပြောအပ်သည် မပြောအပ်သည် မသိ၊ ကျွန်တော်က ရင်ထဲမှာ ရှိသမျှ တောက်လျှောက်
ပြောချလိုက်ခြင်း ဖြစ်သည်။
ကျွန်တော် ပြောစကားများကို နားထောင်ပြီး
ချက်ခြင်း မတုံ့ပြန်၊ မျက်စိမျဉ်း တည့်တည့်ဆီလောက် မျှော်၍ ငေးနေရှာ၏။
ထို့နောက် သူ့ရှေ့မှာ ရှိသော အပေါ်ရည် တင်းနေသည့် လက်ဖက်ရည်ကို ဖျတ်ခနဲယူ၍
မော့ချလိုက်သည်။ သူ့လှုပ်ရှားပုံကို ကြည့်၍ တစ်ခုခုတော့ ထူးခြားတော့မည်ဟု
ထင်လိုက်သည်။ မဲ့ပြုံးလေးတစ်ချက် ပြုံးလိုက်ရင်းက ကျွန်တော့်ကို
မေးခွန်းများ စမေးတော့သည်။
“မောင်ရင် အလောင်းမင်းတရားကြီး ဦးအောင်ဇေယျ ဆိုတာ သိတယ်နော်”
“ဟုတ်ကဲ့ သိပါတယ်” ၊ ကျွန်တော်က သိတယ်ဟု ဆိုလိုက်သည်နှင့် တစ်ပြိုင်နက်၊
သူက အိတ်ကပ်ထဲမှ စာရွက်ကလေး တစ်ရွက် ထုတ်ကာ စားပွဲပေါ် ဖြန့်ချတဲ့လိုက်ပြီး၊
ဆက်၍ ခဲတံကို နှိုက်ယူလိုက်ကာ ပါးစပ်မှ တိုးတိုးလေး “ဦးအောင်ဇေယျကို သိတဲ့”
ဟုဆိုလိုက်ပြီး စာရွက်ပေါ်တွင် “သိ” တစ်လုံး ရေးလိုက်၏။
“အလောင်းမင်းတရားကြီး မူးမြစ်ကို ဆည်တော်မူစဉ်က ဆရာနှုံး ရေးသော ‘ကျောက်ဘွဲ့ဘုန်းတန်းကြိုး’ လို့ ဆိုတာ ရလား”
“ဟုတ်ကဲ့ ရပါတယ်” ၊ စာရွက်ပေါ်တွင် “ရ” တစ်လုံး ရေးလိုက်ပြန်၏။
“မူးမြစ်ကို ရောက်ဖူးသလား”
“ဟုတ်ကဲ့ ရောက်ဖူးပါတယ်” ၊ စာရွက်ပေါ်တွင် “ရောက်ဖူး” ဟု ရေးပြန်လေ၏။
“မူးမြစ် ဘယ်က စသလဲ သိလား”
“မသိပါဘူး” ၊ စာရွက်ပေါ်တွင် “မသိ” ဟု ရေးလိုက်၏။
“မူးမြစ် ဘယ်မှာ ဆုံးသလဲ သိသလား”
“မသိပါဘူး” ၊ စာရွက်ပေါ်တွင် “မသိ” ဟု ရေးလိုက်ပြန်၏။
“မူးမြစ် အကျယ်အဝန်း ဘယ်လောက် ရှိသလဲ သိလား”
“မသိပါဘူး”
“အင်း - မောင်ရင် မသိတာတွေ တော်တော် များနေပြီ” ဟု ပြောရင်း စာရွက်ပေါ်၌ “မသိ” တစ်လုံး ထပ်ရေးလိုက်၏။
“မူးမြစ်မှာ ဘယ်ခါ ရေများသလဲ၊ ဘယ်ခါ ရေနည်းသလဲ သိသလား”
“မသိပါဘူး” ထုံးစံအတိုင်း “မသိ” ဟု ရေးလိုက်၏။
“ယူဂိုဆလပ် မုန်လာဥ မြင်ဘူးသလား”
“ဗျာ” ကျွန်တော်က လန့်၍ အံ့အားသင့်သွား၏။ ထိုအချိန်က ကျွန်တော်တို့
နိုင်ငံတွင် ယူဂိုဆလပ် ဟူသော အသုံးအနှုန်းများ သိပ်မရှိသေး၍
အံ့အားသင့်သွားခြင်း ဖြစ်၏။
“ယူဂိုဆလပ် မုန်လာဥဟာ တစ်ဥကို တစ်ပိဿာခွဲ နှစ်ပိဿာ ရှိတယ်၊ အဲဒါ မြင်ဖူးသလား သိသလား”
“ဟင့်အင်း”
“အော် - မောင်ရင်က သိလည်း မသိ မြင်ဖူးကြားဖူးဟန်ပင် မရှိဘူး ထင်တယ်” ဟုပြောရင်း စာရွက်ကလေးပေါ်တွင် “မသိ ” တစ်လုံး တိုးသွားလေ၏။
“မရှိတာထက် ဘာခက်သလဲ” ၊ “မသိတာ ခက်ပါတယ်” ၊ “အင်း - ကျုပ်က မသိ
အများကြီးလူနဲ့ စကားပြောနေရတာပဲ” ဟု နှုတ်မှ ရွတ်ဆိုလိုက်သဖြင့်
ကျွန်တော့်မှာ ခေါင်းမဖော်ဝံ့တော့ပေ။ ထို့နောက် ဦးလေးငြိမ်းက စိတ်ပါလက်ပါ
အားပါးတရ တောက်လျှောက်ကြီး ပြောနေတော့သည်။
“အလောင်းမင်းတရားကြီးရဲ့
မူးမြစ်ဟာ မိုင်အများကြီး ရှည်တယ်။ မူးမြစ်ကမ်းနံဘေးက ဆင်ခြေလျောလေး
ဖြစ်နေတယ်။ တစ်ဖက်တစ်ဖက် အကျဉ်းဆုံး နေရာကိုပဲ နှစ်ဖျာရာစာ သာသာလောက်
ကျယ်တယ်။ ယူဂိုဆလပ် နိုင်ငံက မုန်လာဥက သိပ်အထွက်ရဲတယ်။ တစ်ဥတစ်ဥ
နှစ်ပိဿာနီးနီး ရှိတာတွေတောင် ပါတယ်။ အဲဒီ မုန်လာဥမျိုးကို ယူပြီး
မူးမြစ်ကမ်းဘေးမှာ စိုက်မယ်။ သဲနှုံးမြေနုမို့ မြေဆီအား ကောင်းတယ်၊
မြစ်ကမ်းနံဘေးမို့ ရေလောင်းစရာ မလိုဘူး။ ကျွဲ၊ နွားတွေလည်း အခင်း ဝင်စားမှာ
ပူစရာ မလိုဘူး။ သီးနှံစိုက်ပျိုး စရိတ် အများကြီး အကုန်အကျ သက်သာပြီး
တစ်နှစ်တစ်နှစ် မုန်လာဥ တန်ချိန် သန်းနဲ့ချီ ထွက်မယ်။ ဒါ ကျုပ်ခေါင်းထဲမှာ
ရှိတဲ့ စီးပွါးရေးစီမံကိန်း တစ်ခုပဲ ဖြစ်တယ်။ မောင်ရင် ပိုက်ဆံ လိုချင်ရင်
ငွေလိုချင်ရင်တော့ ကျုပ်ပြောတဲ့ မုန်လာဥ စီမံကိန်းကို လိုက်နာပြီး စိုက်ပါ။
ကျုပ်ကတော့ မစိုက်အားဘူး၊ သီချင်းလေးတွေ အများကြီး ရေးအုံးမယ်”
---------
ရွာစားစိန်တင်ဟန်
၂-၅-၉၅
ရွာစားစိန်တင်ဟန်
၂-၅-၉၅
(သန်းအောင်ခိုင် စုစည်းသော “မြို့မငြိမ်း နှင့် သူ့အနုပညာ” ... စာအုပ်မှ)
Unicode Version
No comments:
Post a Comment