၂၁.၃.၂၀၁၇
ကမ္ဘာ့ကဗျာနေ့ အမှတ်တရ
ကျွန်တော့် ကဗျာ ၁၀၀ လိုင်းပေါ်စုစည်းတင်ပေးလိုက်ပါတယ်။
100#ကွယ်လွန်သူ၏ ဆန္ဒ
ကျွန်တော်သေသွားသည်။
ကျွန်တော်မသေခင်
ကျွန်တော့်အပေါ် လူတစ်ချို့ထွေးခဲ့သော တံတွေးများအားလုံး
ကျွန်တော်နှင့်တစ်ပါတည်း လျက်စုပ်မြိုချသည်။
နှောင်းလူတွေအမြင်မှာ
ထိုသူတို့ တံတွေးထွေးတတ်မှန်း
ကျွန်တော့်ကြောင့်
မသိရှိစေရ။
လွန်းဆက်နိုးမြတ်
31 July 2016
99#အဆွေးသမား
ငါဟာ
ခလုတ်တစ်ချက်တိုက်မိရုံနဲ့
တစ်စစီကျကွဲရမယ့် အကောင်ပါ။
တံစက်မြိတ်အောက်တည့်တည့်ရပ်ရင်း
မိုးစက်တွေကို လက်ဝါးဖြန့်ခံယူလိုက်တော့
ငါ့လက်ဟာ ကျိုးကြေမွသွားပေါ့။
လွန်းဆက်နိုးမြတ်
28 July 2016 at 22:38
98#ဂရီဂိုဆမ်ဆာ
မနက်လင်းတော့
ငါဟာ ဧရာမခြတောင်ပို့ကြီးဖြစ်နေ။
ငါ့အနီးဆုံးမှာ အိပ်ပျော်နေတဲ့
သုံးနှစ်အရွယ် ငါ့သား
အရင်ဆုံး စားပစ်လိုက်ပေါ့။
လွန်းဆက်နိုးမြတ်
2 August 2016
97#ကျွန်တော့်မိုဗီဒစ်
ဘဝပေး မတူဘူး။
အသက်ရှူပုံ မတူဘူး။
ပါရမီအခံ မတူဘူး။
ကျွန်တော်က
တစ်ဘဝလုံးလုံး
ပင်လယ်ထဲ ဝေလငါးတစ်ကောင်တစ်လေလေးတောင် မမြင်ဖူးသေး
နုံချာပုံတွေ မတူဘူး။
လွန်းဆက်နိုးမြတ်
31 July 2016
96#တောင်ကုန်းပေါ်က အိမ်
ရွာပုံကိုက သွေးအေးစိတ္တဇသမားလို
မျှင်းမျှင်းပြီး သတ်နေတဲ့ မိုး။
လှမ်းထားတဲ့အတိုင်း ကြိုးတန်းပေါ် အဝတ်တွေ ရေတစ်စက်စက်။
ဟောင်းလောင်းပွင့် တံခါးမကြီးအတိုင်း
ဧည့်ခန်းထဲ
မိုးရေစက်တွေ ခေတ်မီပရိဘောဂတွေ။
နံရံပေါ် ဖွင့်လက်စရုပ်မြင်သံကြားအပြားကြီး။
အတွင်းမှာ အခန်း ၂ ခန်း။
ပထမအခန်း တံခါးပိတ်ထား။ ဒုတိယအခန်း တံခါးခပ်ဟဟ။
ဟ ထားတဲ့ အခန်းထဲ ကုတင်တစ်လုံး။
ကုတင်ပေါ် အိပ်ရာတစ်ခင်းလုံး သွေးတွေ မြင်မကောင်း။
ကုတင်ပေါ် ဝတ်လစ်စလစ် သက်မဲ့မိန်းမတစ်ယောက်။
တစ်ကိုယ်လုံးအနှံ့ဓားခြစ်ရာတွေ။
နည်းနည်းရွဲ့ပြီး ပွင့်နေတဲ့ ပါးစပ်။
အံ့သြနာကျင်စွာ ဖွင့်ထားတဲ့ မျက်လုံးနှစ်လုံး။
မျက်လုံးနှစ်လုံးထဲမှာ
ဒီကဗျာကို ဖတ်နေတဲ့ သင်။
လွန်းဆက်နိုးမြတ်
4 August 2016
95#မြက်တောကြီးထဲ
တစ်ခါတုန်းက ဧရာမမြက်တောကြီးရှိတယ်။
မြက်တောကြီးထဲမှာ ကဗျာဆရာနေထိုင်တယ်။
ကဗျာဆရာရဲ့ လက်ရာမွန်ကဗျာတွေဟာ
မြက်တောကြီးထဲမှာ ရေးဖွဲ့ခဲ့တာပေါ့။
အသက်ထက်ဆုံးရေးဖွဲ့ခဲ့တာပေါ့။
ကဗျာဆရာသေဆုံးသွားတော့
ဧရာမမြက်တောကြီးလည်း ပျောက်ကွယ်သွားတယ်။
ဧရာမမြက်တောကြီးနဲ့အတူ
ကဗျာဆရာရဲ့ လက်ရာမွန်ကဗျာတွေလည်း
တိတ်တဆိတ်ပျောက်ဆုံးသွားရဲ့။
ဧရာမမြက်တောကြီးဟာ
ကဗျာဆရာရဲ့ လျှာပေါ်မှာ
ပေါက်ရောက်နေခဲ့တာ။
လွန်းဆက်နိုးမြတ်
5 August 2016
94#လှုပ်ရှားတက်ကြွသူလေးဖတ်ဖို့ ကဗျာ
အခန်းထဲတောင် ရောက်နေပြီ
လူ့အခွင့်အရေးအကြောင်းတွေ ပြောတုန်းပဲလား။
မှန်းစမ်းပါဦး။
မင့် တင်ပါးတွေကိုင်ကြည့်ပါရစေဦး။
လွန်းဆက်နိုးမြတ်
4 August 2016
93#တရားဟောဆရာ
စောက်ဘုရားထက်
လူရည်ပိုလည်နေတဲ့ အကောင်တွေ အကောင်မတွေအတွက်
တရားဆက်ဟောရဦးမယ်ဗျ။
လွန်းဆက်နိုးမြတ်
3 August 2016
92#ခဲသလဲတုံးတွေ
ကိန်းခန်းကြီးတဲ့ ဘုန်းကြီးကျောင်းတစ်ကျောင်းက
ဖြန့်ခင်းထား စောက်ကော်ဇောတွေလို
မင်းနဲ့ လိင်မှုဘဝတည်ဆောက်ရတာ
ပြေပြစ်တယ်လို့ ထင်မှတ်စရာပဲ။
ငါတို့ လက်လှမ်းမမှီတဲ့
စောက်ကော်ဇောတွေရဲ့ အောက်ဘက်မှာက
အမျိုးအမည်မသိ ခဲသလဲတုံးတွေ။
ငါတို့ရဲ့ လိင်မှုဘဝကို
တတိတိတိုက်စား ခဲသလဲတုံးတွေ။
ဒါကို ငါသိ။
ပြီးတော့ မင်းသိ။
လွန်းဆက်နိုးမြတ်
2 August 2016
91#မျှတတဲ့ ဘုရားသခင်
ဘုရားသခင်ဟာ သိပ်ကို မြင့်မြတ်မျှတတယ်။
ဒါကြောင့်ပဲ
ဂန္ဒီနဲ့ ဂျွန်လင်နိုတို့ကို သတ်ဖို့
စောက်ရူးတွေ လွှတ်ပေးခဲ့တာပေါ့။
လွန်းဆက်နိုးမြတ်
7 August 2016
90#နှင်းဆီဒေသနာ
ရုတ်တရက်ကြီး
နှင်းဆီပွင့်ဖတ်တွေနဲ့ လိင်ဆက်ဆံချင်လာမိ။
သို့ပေမယ့်
အဆုံးသတ်မှာ ကျေနပ်မှုပေးနိုင်တာက
အရေပြားထဲ စူးနစ်စိုက်ထင်လက်စ
နှင်းဆီဆူးတွေပ။
လွန်းဆက်နိုးမြတ်
6 August 2016
89#ငြီးငွေ့သူတစ်ဦးရဲ့ မှတ်စု
တစ်နေကုန်တစ်နေခမ်း
ပြတင်းတံခါးဖွင့်ပြီး စောက်အဓိပ္ပါယ်မဲ့ လောကကို
ငါငေးတယ်။
ငလျင်ကြီးတစ်ခါလောက်တော့
သိမ့်သိမ့်တုန်အောင်
လှုပ်ပစ်လိုက်စမ်းကွာ။
ငါ့ခန္ဓာကိုယ်
လေထဲ မြောက်တက် နံရံနဲ့ သွားရိုက်ဆောင့်တဲ့ထိ။
ဒါမှမဟုတ်
ငါ့ဦးခေါင်းပေါ် သစ်သားဒိုင်းမြားတန်းတွေ
ကျိုးပဲ့ကျတဲ့ထိ။
လွန်းဆက်နိုးမြတ်
6 August 2016
88#နောက်ဆုံးလက်ဆောင်
ရွှေကြုပ်နဲ့ ထည့်ပြီး ပို့လိုက်တယ်။
ဒါဟာ စစ်မှန်သော နှုတ်ဆက်အနမ်း
ငါ့ လိင်တံက ထွက်တဲ့ ရနံ့။
လွန်းဆက်နိုးမြတ်
6 August 2016
87#ဥယျာဉ်တော်ရဲ့ သစ်သီး
ဘာကိုမှ ငဲ့ကွက်နေမှာ မဟုတ်ဘူး။
မင့် လျှာကို စတင်ငုံစုပ်လိုက်ဖို့ကို။
ခေါင်းဖြတ်စက်က
ဓားကို ဆွဲချလိုက်သကဲ့သို့။
လွန်းဆက်နိုးမြတ်
8 August 2016
86#အလှဖန်တီးရှင် သုံးယောက်
ထာဝရဘုရားသခင်ဆိုတာ
အခြားတစ်ဖက်က စာမျက်နှာ
အဲဒီ့အစား
အလှဖန်တီးရှင် သုံးယောက်။
အငြင်းသန်ပြီး
အားနည်းချက်ရှာတတ်သူတွေ ထောက်ပြလေ့ရှိသလို
စကြဝဠာနဲ့ ကမ္ဘာမြေကြီးကို
ခြောက်ရက်နဲ့ ဖန်တီးခဲ့တာဟာ ဘယ်နည်းနဲ့မှ မဖြစ်နိုင်ဘူး
ဆိုတာ
မဟုတ်ဘူး။
သူတို့က အလှဖန်တီးရှင် သုံးယောက်လေ
တစ်ယောက်ကို နှစ်ရက်နှုန်း။
အလင်းဖြစ်စေ၊ အမှောင်ဖြစ်စေ၊
အသွေးဖြစ်စေ၊ အသားဖြစ်စေ၊
နေ့ဖြစ်စေ၊ ညဖြစ်စေ။
ခုနစ်ရက်မြောက်သော နေ့မှာ
အလှဖန်တီးရှင် သုံးယောက်
အနားယူတယ်။
တစ်ချိန်လုံး အနားယူတယ်။
လိင်တူဆက်ဆံတဲ့ အလှဖန်တီးရှင် သုံးယောက်။
လွန်းဆက်နိုးမြတ်
9 August 2016
85#စောက်မိုးက တအီအီရွာနေတော့
စောက်မိုးက တအီအီရွာနေတော့
အခုနေ
ဂုန်နီအိတ်ခပ်စုတ်စုတ်တစ်လုံးပေါ် တက်ခွေပြီး
ဟိုဝဲကျော်မရဲ့ ဖိနပ်သည်းကြိုးတစ်ဖက်ကို
တမြုံ့မြံ့သာ ဝါးနေချင်တော့တာပဲ။
လွန်းဆက်နိုးမြတ်
11 August 2016
84#အောင်မြင်သော အရေးအသားတစ်ခုပေါ်ပေါက်လာပုံ။
စိတ်ကူးတည်ဆောက်ထားတဲ့ အရာကို
ရဲရဲကြီး ချက်ချင်းလက်ငင်း ချရေးပစ်လိုက်ဖို့သာ အဓိကပါ။
ချမရေးခင်
အဘက်ဘက်ကနေ သုံးသပ်ရှုမြင်သတ္တိမွေးရတဲ့
ဆယ်နှစ်တာ အချိန်ကာလကတော့
သီးခြားကဏ္ဍပေါ့လေ။
လွန်းဆက်နိုးမြတ်
10 August 2016
83#သစ်ပင်ရွှေ့စိုက်ခြင်း
ဒုတိယနေရာက
ပထမနေရာထက် သက်တောင့်သက်သာ ပိုဖြစ်ရမှာပေါ့။
ချိုမြိန်တဲ့ သစ်သီးတွေ
အလျင်အမြန်ခူးဆွတ်နိုင်ဖို့ဆိုရင်တော့
လမ်းခုလတ်မှာ
မင့် အဆီအနှစ်တွေထဲ ကိုယ့်လိင်တံ ကျွတ်လွတ်မသွားဖို့က
အရေးကြီးရဲ့။
လွန်းဆက်နိုးမြတ်
10 August 2016
82#အမေရိကန်ဆယ်ကျော်သက် လက်စ်ဘီယန်မလေးသို့ အိတ်ဖွင့်ပေးစာ
ကိုယ့်အသက်နည်းနည်းကြီးရင့်သွားလို့ပေါ့။
မဟုတ်လို့ကတော့ကွာ။
ကိုယ်က အမျိုးသမီးတစ်ယောက်အဖြစ် မမွေးဖွားခဲ့ဘူး။
ခုနေခါ ကိုယ်အမျိုးသမီးတစ်ယောက်ဖြစ်ခဲ့ရင် အကောင်းသား
ရှိသေးတယ်။
ကိုယ်က လိင်တူဆက်ဆံရတာ မနှစ်သက်ပြန်ဘူး
တကယ်လို့ ကိုယ်သာ လိင်တူကို နှစ်သက်ခဲ့ရင်ပေါ့။
နောက်ပြီး
ကိုယ်က အမေရိကန်နိုင်ငံသား ဖြစ်မနေဘူး။
ကိုယ်အမေရိကန်နိုင်ငံသားဖြစ်ချင်သပ။
ဒါဆိုရင်တော့
ကိုယ် မင်းနဲ့ သေချာပေါက်
ချစ်ပွဲတွေ အလီလီနွှဲမိမှာပါပဲကွယ်။
လွန်းဆက်နိုးမြတ်
10 August 2016
81#အရသာရှိသော နေ့စွဲများ
ငါးမျှားချိတ်မှာ
ဘွတ်ဖိနပ်စုတ် ငြိပါလာတဲ့ နေ့ရက်တွေပါပဲ။
ဘွတ်ဖိနပ်စုတ်ကိုသာ
အရသာရှိရှိ
လျှာနဲ့ တပျက်ပျက် လျက်ခဲ့တယ်။
လွန်းဆက်နိုးမြတ်
12 August 2016
80#အရေပြားဂီတ
လမ်းလျှောက်ရင်း
သစ်သားစလေးတစ်စကို
မတော်တဆ တက်နင်းမိတယ်။
ရုတ်တရက် ဂီတသံသဲ့သဲ့ ထွက်လို့လာ။
သစ်သားစလေးကို တအံ့တသြ ကောက်ကိုင်ကြည့်မိ။
ကျိုးပဲ့နေတဲ့ သစ်သားအဟောင်းစလေးပဲ။
ဟုတ်တာပေါ့။
စန္ဒရားတစ်လုံးရဲ့ တစ်ခါကအရေပြား။
လွန်းဆက်နိုးမြတ်
11 August 2016
79#သွေးထွက်သံယို ဇာတ်လမ်းတွေ ရမယ်
ဒီတလော
အမျိုးသမီးတစ်ယောက်
ငါ့ ပတ်ဝန်းကျင်မှာ ရစ်သီရစ်သီ
တစ်ခြမ်းကြေနေတဲ့ ဦးခေါင်းနဲ့
တစ်ကိုယ်လုံး သွေးတွေ မိုးရေထဲ ရွှဲစိုလျက်
စူးစူးဝါးဝါးစိုက်ကြည့်နေ။
ငါ့ကို လက်ညှိုးငေါက်ငေါက်ထိုး
အဆက်မပြတ် စွပ်စွဲနေ။
လွန်းဆက်နိုးမြတ်
13 August 2016
78#မိုး။ မြွေ နှင့် စာအုပ်သစ်များ
မိုးက အချိန်မှန်လွန်းတယ်။
မိုးစက်တွေကို ခွဲကြည့်လိုက်ရင်
နာရီတွေကို တွေ့လိမ့်မယ်။
လတ်တလော သူချစ်နေတာ
ဖားပြုပ်တစ်ကောင်ရဲ့ ကျောကုန်းပေါ်က
အဖုအပိန့် ထနေတဲ့ ဗြုတ်တွေပါတဲ့။
မြွေတစ်ကောင်က ပြောကြားရဲ့။
''လတစ်စင်းရဲ့ လျို့ဝှက်ချက် '' အမည်ရှိ
အသစ်စက်စက်စာအုပ်တစ်အုပ်
ထုတ်ဝေဖြန့်ချိလိုက်တယ်။
''ဝါးလုံးခေါင်းစာပေတိုက် ''က။
လွန်းဆက်နိုးမြတ်
13 August 2016
76#အချိုဓာတ်လွန်ကဲခြင်း
ကိုယ့်ကိုယ်ကိုယ် သတ်သေတဲ့ ပျား။
လည်ပင်းမှာ
မုတ်ဆိတ်မွေးတစ်ချောင်း
ချည်နှောင်လျက်။
လွန်းဆက်နိုးမြတ်
13 August 2016
75#လင်းရှင်းသော ကုန်ဈေးနှုန်း
လက်ဖက်သုတ်ထဲမှာ
မီးသီးကွဲတွေ ပါလာတာ အပြစ်မပြောနဲ့။
ခရမ်းချဉ်သီးက ဈေးကြီးတာကိုး။
လွန်းဆက်နိုးမြတ်
15 August 2016
74#ကျည်ခွံတစ်ခုရဲ့ ပြောစကား
စစ်ပွဲပြီးသွားပြီ။
ခွေးတစ်ကောင်က
အလောင်းကောင်တွေကြား တရှုတ်ရှုတ် အနံ့ခံလို့
သာယာလိုက်တာ။
လွန်းဆက်နိုးမြတ်
13 August 2016
73#အထူးတလည်သတိတရ
လွမ်းတယ်။
ဒိုင်ယာရီကြားက မင့်ကိုယ်သင်းရနံ့။
ကမ်းခြေမှာ ကိုယ်တို့ဆောက်ခဲ့တဲ့ သဲအိမ်တွေ။
နှင်းထဲ
မင့်ပုခုံးနှစ်ဖက်ပေါ်
ကိုယ်ခြုံလွှမ်းပေးဖူးခဲ့တဲ့ ဂျင်းဂျာကင်လေး။
ကဲပါ ဒီထက်ပိုပြီး
ကိုယ်ဘာမှ ဝေ့လည်ကြောင်ပတ် မပြောတတ်တော့ဘူး။
ဒီမှာ ကိုယ့်လိင်တံ မာနေပြီ။
မင်းနှုတ်ခမ်းလေး
စောက်ရမ်းသတိရ။
လွန်းဆက်နိုးမြတ်
16 August 2016
72#ဇာတ်ကြောင်း
ဘဝမှာ ဟုတ်ဟုတ်ငြားငြား ကျွမ်းကျင်တာဆိုလို့
ကြိုးတန်းပေါ် လမ်းလျှောက်တတ်တာ တစ်ခုပဲရှိတယ်တဲ့။
ခြေပြတ်ကြီးက
အဲသလို အတိတ်ကို ပြန်ဆောင်တယ်။
လွန်းဆက်နိုးမြတ်
15 August 2016
71#ရော်ဘင်ဆင်ကရူးဆိုး
ဖြစ်နိုင်ချေရှိတာက
သမိုင်းမှာ နှစ်တွေအကြာကြီး
တစ်ကိုယ်ရည်အာသာဖြေခဲ့ရသူ။
ခွေး သိုး ဆိတ်
ကြက်တူရွေးအပြင် အခြားတိရစ္ဆာန်တွေနဲ့လည်း
လိင်မှုကိစ္စရှုပ်ထွေးသူ။
လူသားစားလူရိုင်းတစ်ယောက်ကို
ကမ္ဘာမှာ ပထမဆုံး
လိင်တူဆက်ဆံနည်း သင်ကြားသူ။
လွန်းဆက်နိုးမြတ်
16 August 2016
70#ပျော်ပွဲစား
မင်းတို့ ဝိုင်းဖွဲ့စားသောက်တဲ့ နေရာမှာ
တစ်ယောက်စာ မလုံလောက်တဲ့အခါ
ငါ့ဝေစုကို ယူစားထားလိုက်ကြပါ။
မင်းတို့ ပျော်ပွဲရွှင်ပွဲဆင်ယင်နွှဲ
မဲလက်ဆောင်ပစ္စည်း မလောက်ငှတဲ့အခါ
ငါပေါက်တဲ့ ပစ္စည်း တစ်ခါပြန်မဲဖောက်ပေးလိုက်ပါ။
မင်းတို့ ဂစ်တာဘေးပတ်လည်စုဝေးခိုက်
အမဲလိုက်တေးတွေ အလုအယက်သီဆိုအစွမ်းပြတဲ့အခါ
ငါ့ အလှည့်ကို ကျော်ပစ်လိုက်ကြပါ။
မင်းတို့ အမောအပန်းဖြေအိပ်စက်ချိန်
နေရာ အကျယ်အဝန်းသိပ်မရှိတဲ့အခါ
ငါ့ တစ်ကိုယ်စာအိပ်ယာထက် ဝင်လှဲလျောင်းကြပါ။
မင်းတို့ရဲ့ ဂိုဏ်သရေရှိလှတဲ့ တွေ့ဆုံပွဲအပြီး
အမှတ်တရဓာတ်ပုံ စုပေါင်းရိုက်ကူးစဉ်
မျက်နှာတွေ ကင်မရာနဲ့ မဆန့်တော့တဲ့အခါ
ငါ့မျက်နှာကို ပုခုံးတွေအောက် ဖိပစ်လိုက်ကြပါ။
လွန်းဆက်နိုးမြတ်
19 August 2016
69#စွပ်ပြုတ်
ပျောက်ဆုံးသွားသော
ချက်ပြုတ်နည်းတစ်ထောင်စာအုပ်
စွပ်ပြုတ်ထဲက ပြန်တွေ့တယ်။
လွန်းဆက်နိုးမြတ်
18 August 2016
68#စစ်နဲ့ ငြိမ်းချမ်းရေး
''ရှင်က အရှုံးသမား''
''မင်းက နလပိန်းတုံး''
ငါတို့ နှစ်ယောက်
အပြန်အလှန် ရိုက်ပုတ်တွန်းထိုးကြ။
တစ်ယောက် အဝတ်အစားကို
တစ်ယောက် ကူချွတ်ပေးခဲ့တဲ့
လက်တွေနဲ့။
လွန်းဆက်နိုးမြတ်
17 August 2016
67#အစွယ်များ
တစ်ယောက်ယောက် ငါ့ကို
အစွယ်ငေါငေါ သားရဲပါးစပ်တွေနဲ့
တင်ပါးလွတ်ရုံ ချိတ်ဆွဲခဲ့တယ်။
ဟိုအစွယ်က ငါ့မိန်းမ
ဟိုအစွယ်တွေက သားရေတမြားမြား ငါ့သား ငါ့သမီးတွေ
ဟောဟို အစွယ်တွေက
ကျပ်မပြည့်တဲ့ ခင်ဗျားတို့ရဲ့ မစ္ဆရိယ။
လွန်းဆက်နိုးမြတ်
21 August 2016
66#သေတမ်းကဗျာ
ပထမတစ်ကြောင်း စဖတ်မိလိုက်ရင်
ခြေထောက်အောက်က
ခုံဟာ လဲကျသွားလိမ့်မယ်။
ဒုတိယတစ်ကြောင်း အဓိပ္ပါယ်ဆုံးတဲ့အခါ
တအိအိငြိမ်သက် ခန္ဓာတစ်ခုကို ရမယ်။
တတိယတစ်ကြောင်း
''ကြိုးကွင်းက စီးလို့ ကောင်းလိုက်တာ''။
လွန်းဆက်နိုးမြတ်
21 August 2016
65#အသေလှ
အထပ်ထပ် ပွတ်တိုက်ပြီးရင်း ပွတ်တိုက်နေမိတယ်။
ငါ့အိမ်ရဲ့
ကြမ်းခင်းဖယောင်းပုဆိုးတွေ။
ညအိပ်ယာဝင်ခါနီးတိုင်း
အိပ်ယာခင်းအသစ်ကို
ငါ့ မွေ့ယာပေါ် ခင်းတယ်။
သစ်လွင်သထက် သစ်လွင်တဲ့ အိပ်ယာခင်း။
ဒါမှ
အမည်မသိဓားသမားတွေ ရောက်လာတဲ့အခါ
ဓားဒဏ်ရာဗရာပွ
ဝတ်လစ်စလစ် ငါ့နဲ့ ငါ့မိန်းမအလောင်းတွေအောက်မှာ
ကြမ်းခင်းဖယောင်းပုဆိုးဟာ
တည်ဆဲဥပဒေလို သန့်ရှင်းပြောင်လက်နေမှာ။
ဒါမှ
အမည်မသိဓားသမားတွေ ရောက်လာတဲ့အခါ
လူမမယ်အရွယ် ငါ့ သား ငါ့သမီးတွေ
မျက်မှောက်ခေတ်လူ့အဖွဲ့အစည်းလို အိပ်ယာခင်းအသစ်ပေါ်
ထိုးသွင်းဒဏ်ရာမျိုးစုံနဲ့ အသေလှမှာ။
လွန်းဆက်နိုးမြတ်
24 August 2016
64#သတိပေးခြင်း ( ပြင်းထန်စွာ )
ရှင့်ကို ကျွန်မ မုန်းမိတော့မယ်။
စောက်ရမ်းကောင်းတဲ့
ရှင့်ရဲ့ အတံကြီးကိုပါ
မုန်းမိတော့မယ်။
လွန်းဆက်နိုးမြတ်
27 August 2016
63#ပုံပြင်
တစ်ခါတုန်းက
ဓားသမားတစ်ယောက်နဲ့
အဆွေးသမားတစ်ယောက်ရှိသတဲ့။
ဓားသမားရဲ့ ဓားကွက်တွေ
သိပ်ပြောင်မြောက်တယ်။
ဒါပေမယ့်
လူတိုင်း သေနတ်ကိုင်နေကြပြီလေ။
တစ်ညလုံးမအိပ်ဘဲ
ကောင်မလေးအိမ်ရှေ့မှာ
အဆွေးသမား ဒူးထောက်ခဲ့တယ်။
ဒါပေမယ့်
ဘယ်သူမှ အချစ်ဝတ္ထုတွေ မဖတ်ကြတော့ဘူးကွယ့်။
လွန်းဆက်နိုးမြတ်
26 August 2016
62#ရာသီ
ဒီကနေ့လောက်
ကိုယ့်ကိုယ်ကိုယ် သတ်သေပစ်လိုက်ဖို့ သင့်တော်တဲ့အချိန်
ဘဝမှာ နောက်ထပ် ရောက်ရှိလာနိုင်တော့မှာ မဟုတ်။
ဒီကနေ့လောက်လည်း
ရွှေရောင်အခွင့်အလမ်းများဆီ မျှော်လင့်အပ်တဲ့အချိန်
ဘဝမှာ နောက်ထပ် ရောက်ရှိလာနိုင်တော့မှာ မဟုတ်။
လွန်းဆက်နိုးမြတ်
31 August 2016
61#ထွီကို တွေ့ရှိခြင်း
နှစ်ပေါင်းများစွာ ကြာမြင့်ပြီးနောက်
အုတ်ခွက်အကျိုးအပဲ့တွေကြားမှာ
အက်ကွဲမာတောင်နေတဲ့ လျှာတစ်ချောင်းကို ငါတူးဖော်ရရှိ။
တွန့်လိမ်အိုဟောင်းပြီး
တစ်ခုခုကို ပြောကြားဖို့ လေးလံနေတဲ့ လျှာပေါ့။
စုတ်ပဲ့တဲ့ လူသားသမိုင်းရဲ့
ထူးကဲအရသာမှာ
ထပ်တလဲလဲ ထွီခဲ့ဖူးပုံရတယ်။
လွန်းဆက်နိုးမြတ်
29 August 2016
60#ဝေးကွာ
ငါတို့ ဝေးကွာသွားကြပြီ။
ငယ်ငယ်က ငါ ငုံ့ကိုင်းခူးဆွတ်ဖူးတဲ့ သစ်သီး
အခု
ပင်စည်ကိုဖက်ပြီး
ငါ တမေ့တမော မော့မျှော်ကြည့်ရသလို ဝေးကွာ။
ပင်လယ်ပြင်မှာ
လှေစုတ်တစ်စင်းနဲ့ ငါ မျောပါစဉ်
ရှိစုမဲ့စု ဘီစကွတ်ဗူးလေး
လှိုင်းအပုတ် မြောက်တက်လွင့်စင်သွားသလို ဝေးကွာ။
ရေချိုးခန်းနံရံကို မှီထိုင်
ငါ့ ခေါင်းပေါ် ရွာချ ရေပန်းရေစက်တွေ။
လက်ကောက်ဝတ်က ပန်းထွက်နေတဲ့ သွေးတွေကို တိုက်စားသွား
အခိုးအငွေ့တွေကြား
တစ်ယောက်အော်သံ တစ်ယောက်နားထဲ
ငါ့အရိပ်နဲ့ ငါ သဲ့သဲ့ဖွဖွအကြားမှားသလို ဝေးကွာ။
လွန်းဆက်နိုးမြတ်
28 August 2016
59#ကျောက်ပန်းတောင်း
ငါ့ငယ်ဘဝကို
မောင်ဗမာစက်ဘီးလက်ကိုင်ဘရိတ်တန်းကြား
စောင်းကောက်ဆေးပေါ့လိပ်နဲ့အတူ ထိုးညှပ်ခဲ့။
ပုပ္ပါးတောင်ကလပ်ကြီးတည့်တည့်
ဗဒင်အသံတုလုပ်ပြီး လေးတော်ကို တင်မိတယ်။
အမွှေးတိုင်ဖြစ်သွားတဲ့ မန်းကျည်းပင်များ
ဗလီနဲ့ တူတဲ့ အဆောက်အဦးရှိရင်
ဆယ်ဘီးကားနဲ့ ဝိုင်းတိုက်ပစ်ကြမလား။
လက်လက်ထ ချော်ရည်တုံးခဲမြေကြီးပေါ်
မီးအပူပေးလိုက်ရင် ဖင်ကျွတ်သွားတဲ့ မုန့်စားကျောင်းဆင်းချိန်။
ခင်ပပလှိုင်ကို မှန်းပြီး အာသာမဖြေတတ်သေးဘူး
ထိုင်းစာလုံးမဲကတ်ကို ထိုးနှိုက်လိုက်တော့
လက်ခလယ်ထိပ်မှာ ကေရွဲကြီးနဲ့ ထုံချိုင်းပါလာ။
လွန်းဆက်နိုးမြတ်
27 August 2016
58#စစ်တို့၏ ဗျူဟာ
စစ်ပွဲကြီး ပြီးဆုံးသွားသည်မှာ ကြာချေပြီ။
အစကနေ ပြန်တိုက်နေသည်မှာလည်း
ကြာချေပြီ။
လွန်းဆက်နိုးမြတ်
27 August 2016
57#အရွယ်ကောင်းယောကျာ်းတစ်ယောက်ရဲ့ အကြည့်
လှတပတ ကောင်မလေးတွေပေါ့။
လမ်းရဲ့ တစ်ဘက်ကို ကူးဖြတ်သွားကြတာ
သူနဲ့ သူ့မျက်လုံးတွေ ရှိမနေတဲ့
လမ်းရဲ့ တစ်ဘက်။
သူတို့အထဲက ကောင်မလေးတစ်ယောက်ယောက်ရှေ့ကို
လက်နှစ်ဖက်ဆန့်တန်းပြီး
သူဝင်ရောက်တားဆီးလိုက်ဖို့ မဖြစ်နိုင်တော့ဘူး။
ကောင်မလေးတစ်ယောက်ယောက်ရဲ့ နာမည်ကို
သူ့လက်ထိပ်တွေက ဖောက်ထုတ်ထားတဲ့
သွေးတွေနဲ့ နံရံပေါ်မှာ
ရေးခြစ်လိုက်ဖို့ မဖြစ်နိုင်တော့သလိုပေါ့။
လမ်းရဲ့ တစ်ဘက်ကနေ သူကြည့်နေတယ်။
သူ့ဒူးတွေ ထောက်ချလိုက်ပြီး
သူ့ငိုကြွေးမှုကို ကရုဏာသက်ပြဖို့
မဖြစ်နိုင်တော့တဲ့ ကောင်မလေးတစ်ယောက်ယောက်ဆီ။
သူနဲ့ သူ့မျက်လုံးတွေ
ဘယ်ကောင်မလေးတစ်ယောက်ယောက်နဲ့မဆို
ကဗျာစာအုပ်တွေ ပြည့်နေတဲ့ အခန်းတစ်ခန်းထဲ
စိတ်လိုလက်ရရှိရှိ
တင်သားတောင်တန်းတွေပေါ် ပါးအပ်
ဆီးခုံမွှေးညင်းလေးတွေ ရေတွက်ဖို့ရာကျတော့
မဖြစ်နိုင်ဘူးလို့ ဘယ်သောခါမှ
မတွေး မတွေး။
လွန်းဆက်နိုးမြတ်
31 August 2016
56#တန်ရာတန်ရာအိန်ဂျယ်
တောင်ပံတွေလည်း တပ်ထားမပေး
ငွေရောင်ကြယ်နဲ့ အရိုးရှည်နှင်တံလည်း မရှိ
ဉာဏ်အလင်းကိုယ်စားပြု
အလင်းစက်ဝိုင်းလည်း ခေါင်းပေါ် ပါမလာ
အို အိန်ဂျယ်စုတ် အိန်ဂျယ်ပဲ့
ဒါနဲ့များ
ငါ့ခန္ဓာကိုယ်ပေါ် ညာညာပြီး လာစောင့်သေးရဲ့။
အိမ်အပြန် ညစာကို ဆာလောင်မျှော်လင့်နေကြမယ့်
မိန်းမနဲ့ သားသမီးတွေအတွက်
အစာငတ်ခံဆန္ဒပြနေတဲ့ ဖိနပ်စက်ရုံက
ဖိနပ်ချုပ်သမား
ငါ့ခန္ဓာကိုယ်ပေါ် တည့်တည့်လေ။
လွန်းဆက်နိုးမြတ်
2 September 2016
55#ကျေးဇူးတော်ချီးမွမ်းခန်း
ဘုရားသခင်ရဲ့ ကျေးဇူးတော်ပါပဲ။
သူမခန္ဓာကိုယ်အလှကို
ရှင်းရှင်းလင်းလင်း ခံစားခွင့်ရတယ်။
တစ်အိမ်လုံးမှာကလည်း
ဘုရားစင်ထဲ
ခေါင်းထိုးဝင်ကြည့်ရတဲ့ အပေါက်ငယ်ကသာ
တစ်ဘက်ခြံရေချိုးကန်နဲ့
တည့်တည့်ရှုရှုရှိလှတာ။
လွန်းဆက်နိုးမြတ်
1 September 2016
54#ကဗျာစာအုပ်ပါးပါးလေး
လပေါင်းများစွာ ဖင်ပြန်ခေါင်းပြန် ဖတ်ခဲ့တယ် အံသြစရာ
ဒီစာမျက်နှာကို ခုမှ တွေ့တယ် မဖတ်ရသေးတဲ့ စာမျက်နှာတွေ
တစ်မျက်နှာပြီး တစ်မျက်နှာ ပေါ်လာ အံသြစရာ
အပြောကျယ်ပင်လယ်ပြင်ထဲ ရွက်လှေငယ်ငါ။
လွန်းဆက်နိုးမြတ်
31 August 2016
53#စည်းမဲ့ကမ်းမဲ့ညစ်ပတ်တဲ့ အချစ်
ကျုပ် ကလေးဘဝတုန်းကတော့
ညီအစ်ကိုမောင်နှမတွေနဲ့။
ကျုပ် အခု
ကလေးတစ်ယောက်အဖေ ဘဝရောက်တော့
ကျုပ်နဲ့ ကျုပ်သား။
ကျုပ် အဖေနဲ့ အမေရဲ့ ခြင်ထောင်ထဲ
ကြုံရင်ကြုံသလို ဝင်အိပ်တတ်ကြပုံများ ပြောပါတယ်။
ပေရေနေတဲ့ အိပ်ယာခင်း
ဖြစ်သလို လုံးထွေးစုပုံထားတဲ့ စောင်တွေဆီက
အောက်သိုးသိုးအနံ့။
ကျုပ် အမြဲမနာလိုဖြစ်မိတာက
ညပေါင်းများစွာ
တိုင်းခန်းလှည့်လှည်အပြီး နားခိုတော်မူနေတတ်တဲ့
ခြင်မည်းမည်းကြီးတွေပေါ့။
ကျုပ် အဖေနဲ့ အမေရဲ့ စည်းမဲ့ကမ်းမဲ့ ချစ်ခြင်းမေတ္တာကို
အပြည့်အဝ စုပ်ယူဝဖြီးနေကြလေရဲ့။
လွန်းဆက်နိုးမြတ်
2 September 2016
52#ပိုက်ဆံနဲ့ မထိုက်တန်တဲ့ လူ
တိမ်နဲ့လုပ်တဲ့
စုလစ်မွန်းချွန်အဆောက်အဦးထဲမှာ
ပိုက်ဆံနဲ့ မထိုက်တန်တဲ့ လူဆိုတာ ရှိတယ်။
အဲဒီ့မှာ
သူ့ကို လေးစားကြည်ညိုသူ တစ်ယောက်စ နှစ်ယောက်စ
အထင်တကြီးမြှောက်စားပသ
အခိုးအငွေ့ကျောက်သံပတ္တမြားတွေ။
ရေလှိုင်းတွေနဲ့ ဖွဲ့ဆိုထားတဲ့
သူ့အကြောင်း ကဗျာတစ်ပုဒ်တောင်ပါလိုက်သေး
သူ့အပေါင်းအသင်းတွေက
သူ့ရုပ်တုအဖြစ် မီးခိုးသရဖူနဲ့ သူ့ဦးခေါင်းပြတ်ပုံတူ
လေကို ထွင်းထုပြီး ပေးအပ်
သူဟာ ဝိုးတဝါးဖြစ်မှုရဲ့ ဂန္ထဝင်
မရေရာခြင်းရဲ့ သမိုင်းစစ်စစ်
တစ်ခုလေးပဲ။
ငွေကြေးတန်ဖိုးအရ သူဟာ လေဟာနယ်
ပိုက်ဆံနဲ့ ပတ်သက်လာရင်
သူဟာ အလုပ်မဖြစ်
ဘယ်ဒင်းကမှ ဖုတ်လေသည့်ငပိ ရှိသည်မထင်။
လွန်းဆက်နိုးမြတ်
4 September 2016
51#အမြင်မတော်တိမ်များ
ဘယ့်နှယ်လုပ်ကြမလဲ
ကိုယ်တိုင်သာမမြင်ရင် ယုံနိုင်မှာတောင်မဟုတ်
ဝတ်လစ်စားလစ်လူအုပ်ကြီး
တီကောင်အထွေးလိုက်ကြီးလို
ရစ်ပတ်လုံးထွေး ပူးကပ်ပိပြို လိင်ဆက်ဆံနေကြ
တကယ့်လူတွေတော့ ဘယ်ဟုတ်ပါ့မလဲ
တိမ်တွေလေ ညစ်စုတ်တဲ့ တိမ်တွေ။
ကောင်းကင်မှာ နို့အုံတွေ လှုပ်ခါ
လိင်အင်္ဂါတွေ တရမ်းရမ်း။
ဘယ့်နှယ်လုပ်ကြမလဲ
ခပ်လှမ်းလှမ်းမှာ စက်ဘီးချိန်းကျနေတဲ့ မိန်းမပျို။
မိုးကုတ်စက်ဝန်းခပ်ပျပျတစ်နေရာက
အပီအပြင်ဈာန်ဝင်စား
ကြွလာတဲ့ ကိုယ်တော်။
လွန်းဆက်နိုးမြတ်
7 September 2016
50# ရေခဲသေတ္တာ
ဒီ့အရင်က
လိင်ဆက်ဆံပြီးသွားတဲ့အခါတိုင်း
ရေခဲသေတ္တာထဲက စားသောက်စရာတစ်ခုခု
သူအမြဲ ထုတ်ယူလေ့ရှိတယ်။
အိပ်ခန်းပြတင်းပေါက်ကနေ
သူ့မိန်းမ ခုန်ချသတ်သေပြီးသွားတဲ့နောက်ပိုင်းမှာ
သူ့ကို သိပ်မတွေ့ရတော့ဘူး။
ရှားတောင့်ရှားပါးအခိုက်အတန့်မျိုးမှသာ
ရေခဲသေတ္တာကို ဖွင့်လိုက် ပိတ်လိုက်လုပ်နေတဲ့
သူ့အရိပ်ရယ်
သွေးသားတောင့်တနေပုံရပြီး
သူ့ခြေထောက်ကို ဖင်ဗူးထောင်ပွတ်သပ်နေတဲ့
ကြောင်မတစ်ကောင်ရယ်သာ
မှန်ဘီးလူးထဲ မြင်ခွင့်ရတတ်ရဲ့။
လွန်းဆက်နိုးမြတ်
3 September 2016
49#တောပိုင်းက ခြံ
ငါ့မှာ တောပိုင်းက ခြံတစ်ခြံရှိဖူးတယ်။
ဆယ့်ရှစ်နှစ်လုံးလုံး ပိုးပန်းပြီးမှ ရလာတဲ့
သူမနဲ့ လိင်ပွင့်လင်းခွင့်မတိုင်ခင်အထိ
ငါ ဂုဏ်ယူခဲ့ရတဲ့ တစ်ခုတည်းသော ခြံ
မြက်ရိုင်းတောတွေကြား
ငါတို့ အဝတ်ဗလာနဲ့ နမ်းကြတယ်။
ဆယ်ရှစ်နှစ်လုံးလုံး ငါ စောင့်စားခဲ့ရတဲ့ အရာ
သူမပွင့်ဖတ်တွေမှာ ဝတ်ရည်တွေ စိုရွှဲနေ
ငါ့တောင်တန်းတွေလည်း အကြောပြိုင်းပြိုင်းထ
သူမရဲ့ လျှိုမြောင်တွေထဲ
ငါ တဝုန်းဝုန်း ရွာသွန်းဖြိုးပစ်လိုက်တော့မယ်။
သူမ
ငါ့ကို ထားသွားတာ ကြာပေါ့။
ငါ့ ဂုဏ်ယူခဲ့တဲ့ တောပိုင်းက ခြံ
ရရာဈေးနဲ့ ရောင်းပစ်လိုက်တယ်။
ဘယ့်နှယ်
ဆယ့်ရှစ်နှစ်တာကာလကိုမှ အားမနာ
သူမရဲ့ အဝတ်ဗလာကိုယ်ပေါ်က
သွေးစုတ်နေတဲ့ ကျွတ်တွေ။
စောက်ကျွတ်တွေ။
လွန်းဆက်နိုးမြတ်
9 September 2016
48#ငါး
ရေပြင်ရဲ့ တည်ငြိမ်မှု
လေတိုက်နှုန်း
ငါးမျှားတံအရွယ်အစား
မှန်ကန်သော ငါးမျှားချိတ်တပ်ဆင်ခြင်း
လိုက်လျောပြေပြစ်တဲ့ ကြိုးအလျား
အစာ ရွေးချယ်ဆုံးဖြတ်ချက်
ဖော့ထဲ စိုက်ဝင်နေမယ့် သမာဓိ
မိုးလေဝသပါမကျန် တွေးခေါ်တွက်ဆပြီးနောက်
ငါ့ ငါးမျှားတံကို အကောင်းဆုံးလက်မောင်းအားနဲ့
လွှဲပစ်လိုက်တယ်။
ငါ့ အငမ်းမရ အာခေါင်ထဲ တည့်တည့်မတ်မတ်။
လွန်းဆက်နိုးမြတ်
12 September 2016
47#ခရီးတစ်ခု
စမ်းချောင်းကို မြစ်ဆီ လွှဲပေးလိုက်တယ်။
ကြယ်ပွင့်တွေ အမှောင်ထုထဲ အပ်နှံပစ်တယ်။
မှိုထွက်တဲ့ နေရာ
မိတ်ဆွေကောင်းထံ ဖွင့်ဟပြောတယ်။
ကင်းမြီးကောက်တွင်းမှာ
သတိပေးစာသားချိတ်ဆွဲတယ်။
သိုးတွေအားလုံး စားကျက်လွင်ပြင်သွားရာလမ်း
အပြီးအပိုင် မောင်းထုတ်တယ်။
လှေဘယ်လောက်ငယ်ငယ်
ရွက်တွေက
လေအကြောင်း သိသကဲ့သို့
ငါ့အသက်ကို ကြိုးကွင်းက ပြောပြလိမ့်။
လွန်းဆက်နိုးမြတ်
11 September 2016
46#မုတ်ဆိတ်ရိတ်တေး
သင်တုန်းဓားတစ်လက်ရဲ့
လုပ်ဆောင်နိုင်မှုှုစွမ်းပကားမှာ
ငါ့ လည်ချောင်းကို ထိုးအပ်လိုက်ပြီ။
ရွာလိုရွာလော့ မိုးနတ်သား။
လွန်းဆက်နိုးမြတ်
11 September 2016
45#ပုရွက်ဆိတ်ဒဿန
ဆုံဖူးမှာပေါ့။
ဘဝကို ပြောင်းပြန်တွေးခေါ်တဲ့ လူတွေနဲ့။
သူတို့အတွက် ငလျင်ဆိုတာ
ကောင်းကင်နဲ့ သက်ဆိုင်
မုန်တိုင်းကတော့ မြေကြီးကိစ္စ။
ငါတို့ နားမလည်နိုင်တာတွေက
သူတို့ ဧည့်ခန်းမှာ ဂုဏ်ယူလောက်ဖွယ် ချိတ်ဆွဲထားတဲ့
အမှတ်တရပစ္စည်းတွေ ဖြစ်ချင်ဖြစ်နေတတ်ရဲ့။
အပြစ်ဆိုစရာတော့ မရှိပါဘူး။
အစာဆီ ချီတက်တဲ့ ပုရွက်ဆိတ်နဲ့
တွင်းထဲက အဓိပ္ပါယ်ဆီ ပြန်တဲ့ ပုရွက်ဆိတ်တောင်မှ
ဘယ်နှခါ ဆုံတွေ့ ဆုံတွေ့
ချီးမြှောက်တဲ့ အနမ်းနဲ့
နှုတ်ဆက်ကြစမြဲ။
လွန်းဆက်နိုးမြတ်
13 September 2016
44#ခွေးနေ့များ
သူတောင်းစားတစ်ယောက်ပေါက်တဲ့
အီးနံ့မှာ
မြူးထူးပျော်ရွှင်ခဲ့ရတယ်။
လွန်းဆက်နိုးမြတ်
14 September 2016
43#လှုပ်ကုလားထိုင်
ဟော့ဒီလမ်းမပေါ်မှာပဲ
တော်လှန်ရေးသမားတွေကို
သူတို့ ပစ်သတ်လိုက်ကြတယ်။
သူတို့ထဲက ပစ်မိန့်ပေးတဲ့ တစ်ယောက်က
ငါ့ အပေါ်မှာ ထိုင်လို့ပေါ့။
ငါ ထိတွေ့ဖူးသမျှ
စက်ဆုပ်ရွံရှာဖွယ် အကောင်းဆုံး
ကျောပြင်ကြီးကို
နှဲ့နှဲ့ပြီး။
လွန်းဆက်နိုးမြတ်
12 September 2016
42#အကျယ်ကြီးအော်
ကျွန်တော် အကျယ်ကြီးအော်နေတဲ့ အသံ
ဘယ်တစ်ယောက်ကမှ ဂရုမစိုက်ပါ။
မျှော်စင်ပေါ် ပန်ကာဒလက်ဟာ လည်နေဆဲ
ဝတ်ကောင်းစားလှလေးများဝတ်မိရင်
ငွေကုန်ကြေးကျခံနိုင်သူတို့
ကားတစ်စင်းအပြည့်ရောက်လာ
ကျွန်တော့်လက်ထဲ ဘီယာတစ်လုံးထိုးထည့်
ပါတီကို အတင်းဆွဲခေါ်မှာ
အပူဓာတ်ဟာ မီးလင်းဖိုမှာ ရှိနေဆဲ
ကျွန်တော် ခေါင်းဖြီးမထားတဲ့အခါ
သူဖုန်းစားတွေကတောင်
ခပ်ဝေးဝေးက ရှောင်ခွာ
ကျီးကန်းတွေ တအားအား
ပုရွက်ဆိတ်တွေ ဘယ်ညာဘယ်ညာ
ကျွန်တော် အကျယ်ကြီးအော်နေတဲ့ အသံ
ဘယ်တစ်ယောက်ကမှ ဂရုမစိုက်ပါ။
လွန်းဆက်နိုးမြတ်
14 September 2016
41#ပင်လယ်
ပင်လယ်ထဲ
သူ့မိန်းမနာမည် တတပြီး
သူ့သုတ်တွေ လွှတ်လိုက်တယ်။
သူ့သုတ်တွေရဲ့ ဟိုးရေအောက်ကြမ်းပြင်ပေါ်မှာက
ပုပ်ပွနေတဲ့ သူ့မိန်းမနဲ့ လင်ငယ်။
သူချည်ထားတဲ့ ကျောက်တုံးက ကြိုးမှာ ရုန်းနေ
သူထုသတ်ထားတဲ့ ဒဏ်ရာတွေနဲ့။
လွန်းဆက်နိုးမြတ်
15 September 2016
40#ရေကန်ရဲ့ နည်းနာ
ငါးကလေး
တစ်ကောင် နှစ်ကောင်လောက် ပေးပွက်ပြလိုက်ရုံနဲ့
ရေကူးဖို့ ရောက်လာသူတွေထဲ
ငါးဖမ်းပြန်မယ့် လူစားက
အလိုလို ပေါ်လာတော့တာပဲ။
လွန်းဆက်နိုးမြတ်
17 September 2016
39#မစိုက်ရသေးတဲ့ သစ်ပင်
သူ့မှာ
မစိုက်ရသေးတဲ့ သစ်ပင်တစ်ပင်ရှိတယ်။
ထွေထွေထူးထူး လုပ်ကိုင်စရာ မရှိတဲ့အခါ
မစိုက်ရသေးတဲ့ သစ်ပင်ကို
စိုက်ဖို့ ပြင်ဆင်တယ်။
ရာသီဥတု
နေရောင်ခြည်ကျရောက်နှုန်း
မြေမျက်နှာသွင်ပြင်ကိုလည်း ချိန်ဆ
တည်နေရာကို ရွေးချယ်ပြီးပြီဆိုတာနဲ့
ကျကျနန စိုက်ဖြစ်သွားတာက
မဆီမဆိုင်သစ်ပင်တစ်ပင်။
သူ့မှာ
မစိုက်ရသေးတဲ့ သစ်ပင်တစ်ပင်ရှိစမြဲ
ဘာပင်မှန်းလည်း သူသေချာမသိ။
လွန်းဆက်နိုးမြတ်
17 September 2016
38#စစ်ရဲ့ အေးငြိမ်းမှု
'' ဖေဖေရေ သားသားမျက်လုံးပြန်ရှာပေး ''
ဦးနှောက်တစ်ခြမ်းပွင့်နေတဲ့
သားငယ်က လှမ်းအော်တယ်။
'' လာပြီ လာပြီ ဖေဖေလာပြီ ''
အိမ်ပြင်မှာ ကိုယ်တစ်ပိုင်းပြတ်နေတဲ့
ဖခင်အလောင်းက ပြန်ဖြေတယ်။
သူတို့သားအဖကို ကြည့်ရင်း
မိခင်က ပြုံးတယ်။
လက်နက်ကြီးထိမှန်ထားတဲ့ အဆောက်အဦးပျက်ရဲ့
နံရံမှာ တန်းလန်းကျ
အူအပိုင်းအပြတ်တွေအဖြစ်။
လွန်းဆက်နိုးမြတ်
16 September 2016
37#မဆုံးတဲ့ နိဗ္ဗာန်
အသေခံဗုံးဖောက်ခွဲပြီး
သိပ်မကြာခင်မှာပဲ
ဘုရားသခင်ရှေ့မှောက် သူရောက်သွားတယ်။
ပြောက်ကျားဝတ်စုံထဲက
အပြုံးမရှိတဲ့ ဘုရားသခင်ပေါ့။
သူ့အမှုတော်အတွက်
ဂျက်ကက်တစ်ထည်ချီးမြှင့်ခံရတယ်။
ဗုံးတွေအပြည့်နဲ့ ဂျက်ကက်
နောက်ထပ်အသေခံဗုံးခွဲဖို့ရာ
နောက်ထပ် ဘုရားသခင်ဆီ
ဆိုက်ရောက်ဖို့ရာ။
လွန်းဆက်နိုးမြတ်
18 September 2016
36#နွား
ညကြီးမင်းကြီး
သံဆူးကြိုးအပြည့်ခတ်ထားတဲ့
မြက်ရိုင်းတောခြံထဲက
အလည်လွန် နွား။
သူ့အိမ်မှာ နွားပိုင်ရှင်မရှိ
သူ့နွားပျောက်မှန်းလည်း နွားပိုင်ရှင်မသိ
အခြားတစ်ပါးရဲ့ မယားတစ်ယောက်အိမ်မှာ
နွားပိုင်ရှင်ဟာ
ထောင်ချောက်မိ စောက်ရှက်ကွဲနေ
သံဆူးကြိုးအပြည့်ခြံထဲ
ဘွတ်အဲ။
လွန်းဆက်နိုးမြတ်
18 September 2016
35#ပါရမီ
ငါ တစ်ရက်ချင်း ဖြည့်ကျင့်ခဲ့ရတယ်။
ကြိုးကွင်းတစ်ကွင်းရဲ့
ပျော်ရွှင်မှုဝင်ပေါက်ထဲ
ငါ့လည်ပင်းကြီး
ခုန်မချမိစေဖို့။
လွန်းဆက်နိုးမြတ်
18 September 2016
34#မိုးမျှော်တေး
မိုးရွာဖို့အတွက်
အဝတ်တွေ လျှော်ပြီး လှမ်းရသေးတယ်။
အဲဒီမှာ ဆပ်ပြာကုန်နေလို့
ပေါင်တံရှည်မလေးတွေရဲ့ အမိုးအကာမဲ့ဈေးပွဲတော်ဆီ
စက္ကူသငေ်္ဘာကြီးနဲ့ ခရီးနှင်
လမ်းတစ်လျှောက် သဲရဲတိုက်တွေလည်း
ဆောက်ခဲ့သေးတယ်။
ထိကရုန်းပင်တွေလည်း စိုက်ခဲ့သေးတယ်။
ဘီစကွတ်သစ်ပင်တွေမှာ
ရေဆေးပန်းချီကားတစ်ချပ်စီချိတ်ဆွဲခဲ့တယ်။
( မိုးတွေရွာသွန်းနေပုံ ပန်းချီကားအမျိုးမျိုးပေါ့။)
မိုးမျှော်သူ့ဦးခေါင်းပေါ်
တိမ်မည်းတွေ အုပ်လိုက် လေဟုန်စီးချိန်
ရွံ့ရုပ်မြင်းစီးစစ်သည်တော်တွေနဲ့
ထုံးမှုန့်လွင်ပြင်ကို ဖြတ်ပြန်ခဲ့တယ်။
လွန်းဆက်နိုးမြတ်
19 September 2016
33#ကုထုံး
ရေတံခွန်ကို တွန်းရွှေ့သွားကြပြီ။
တောင်စဉ်တန်းတွေ ကတိမတည်
ငါ့ဆီအရောက် သွယ်ဆင်းမလာ။
ယခု
တောမီးကသာ
ငါ့ကို ဝိုင်းလျက်။
ငါ့စိတ်ထဲ ထိခိုက်နာကျင်ခံစားရ
ကနေ့အဖို့ရာ
ထမင်းခြောက်နပ် ကုန်လိမ့်ဦးမှာ။
လွန်းဆက်နိုးမြတ်
20 September 2016
32#ပင်စိမ်း
သူ့ဘဝတစ်ခုလုံးမှာ
အရေးတကြီးလစ်ဟာနေတဲ့
ကွက်လပ်သေးသေးလေးကို ဖြည့်စွက်ဖို့။
ဟိုးအဝေးကြီးက
ပြန်လှည့်လာဖို့လည်း မသေချာတော့တဲ့
ခေါင်းရွက်ဗျတ်ထိုးသည်မကို
ကျုံးပြီး လှမ်းအော်ခေါ်လိုက်တယ်။
'ပင်စိမ်း...ပင်စိမ်းပါလား'
ဈေးသည်မဟာ ချာခနဲလှည့်
ပင်စိမ်းတွေ တောင်းနဲ့အပြည့် ထမ်းရွက်လာ
လူတွေရဲ့ ဘယ်လိုဘဝမှာမဆိုဖြစ်လေ့ရှိတဲ့
အပေါက်အနာတွေမှန်သမျှ
ဖြည့်စွမ်းပေးနေကျလေသံနဲ့။
'ပါတယ်...ပါတယ်...နေ့တိုင်း ပါတယ်'
လွန်းဆက်နိုးမြတ်
20 September 2016
31#ယူနီကော
သစ်ပင်ညှပ်တဲ့ ကပ်ကြေးတစ်လက်နဲ့
အလုပ်သမားသုံး လည်ရှည်ဖိနပ်စီးပြီး
ပန်းခြုံတွေကို ယူနီကောပုံဖော်နေသူတစ်ယောက်။
သူ့နှဖူးက မောက်မောက်
အသားဖြူဖြူ မျက်နှာရှည်ရှည်
ရယ်လိုက်တဲ့အခါ မြင်းဟီသံထွက်လာ။
လွန်းဆက်နိုးမြတ်
23 September 2016
30# ရေခဲပြင်အောက်က ရုပ်အလောင်း
တစ်နေ့နေ့တစ်ချိန်ချိန်
နေရောင်ဟာ အလုံးစုံပွင့်လာမယ်ဆိုတဲ့ အသိနဲ့
ရေခဲခေတ်တစ်ခေတ်လုံး
မြူနှင်းတွေကြား သူထိုင်စောင့်ခဲ့။
သူ့လက်ထဲမှာက
အေးခဲနေတဲ့ နေကာမျက်မှန်တစ်လက်။
လွန်းဆက်နိုးမြတ်
20 September 2016
29#အအေးလှိုင်း
အိုက်စပ်စပ်ဆောင်းရက်
ရုတ်တရက်ကျရောက် အအေးလှိုင်းကြောင့်
ငါ လေသင်တုန်းဖြတ်သွား
အနားမှာ ဘယ်သူမှလည်း ရှိမနေ
ငါ့ မပီကလာအော်ခေါ်သံကို ဘယ်ဆီကမှ ပြန်မထူး
အင်မတန်အေးစက်
ငါ့ကိုယ်ပေါ် စောင်လေးတစ်ထည်တောင်မှ လွှမ်းမထား
ရုပ်မြင်သံကြားစက်ပေါ်က သိုးမွှေးထည်ကို
ငါ သတိရ
ဟင်းခွက်တွေကို အုပ်ထားတဲ့
အုပ်ဆောင်းအမိုးပေါ် ဖြန့်ခင်းထား
အဝါရောင်လက်သုတ်ပုဝါတစ်ထည်။
ငါရဲ့ ကြောင်အိမ်ထဲမှာတော့
သတင်းစာစက္ကူအောက် နှပ်နေရတာ သဘောကျတဲ့ ငါးခြောက်တွေ
ဇိမ်ကျပ။
လွန်းဆက်နိုးမြတ်
23 September 2016
28#အမေ့ရဲ့ ဟင်းခွက်များ
အမေဟာ ဟင်းချက် အမြဲနောက်ကျတတ်
ထမင်းစားပွဲပေါ်က
ရှိတာလေးစားသောက်ရင်း
အဖေနဲ့ ကျွန်တော်တို့ ညီအစ်ကိုမောင်နှမတွေ
ဗိုက်ဝလုဝခင်ဖြစ်ပြီဆို
အငွေ့တထောင်းထောင်း အသားဟင်းတစ်ခွက်
အမေသယ်ပြီး ရောက်လာမယ်။
ဟင်းခွက်က စည်ပိုင်းကြီးလောက်ကြီး
အမေ့ခန္ဓာကိုယ်က စပါးကျီလောက် ဝ
တစ်လှမ်းချင်း အိပဲ့အိပဲ့
တရွေ့ရွေ့။
လွန်းဆက်နိုးမြတ်
25 September 2016
27#အမေ့ရဲ့ နောက်ထပ်ဟင်းခွက်များ
အမေဟာ ဟင်းချက် အမြဲနောက်ကျတတ်
ဟင်းချက်စောပြန်တော့လည်း
ချက်ပြီးသားဟင်း မေ့နေတတ်။
ထမင်းစားပွဲမှာ
ကျွန်တော်တို့ တစ်မိသားစုလုံး ဝိုင်းဖွဲ့ထိုင်
စားသောက်လို့ ပြီးတော့မယ်ဆို အမေပြောမယ်။
"အမေ မေ့နေတာ"
အမေ့ခန္ဓာကိုယ် ဝဝကြီး မီးဖိုချောင်ထဲ အိပဲ့အိပဲ့ထသွား
မေ့ကျန်နေတဲ့ ဟင်းအိုးအဖုံးကို လှပ်လိုက်တာနဲ့
ဝေခွဲရခက်နေတဲ့ ကျွန်တော်တို့ နှာခေါင်းဝတွေဆီ
အဲဒီ့နေ့ရဲ့ အကောင်းဆုံးဟင်းနံ့ဟာ
ကလူကျီဆယ် တိုးဝှေ့လာ။
လွန်းဆက်နိုးမြတ်
25 September 2016
26#နှစ်ထပ်
တစ်စုံတစ်ယောက်
ပထမထပ်ကနေ
အဝတ်အထည်အသုံးအဆောင်ပစ္စည်းတွေ တစ်ခုချင်း ပစ်ချနေ။
မြေပြင်ပေါ်မှာ အကျႍ ဘောင်းဘီ ရောင်စုံ ပြန့်ကျဲ
ကွဲရှစရာတွေဆီက ကွဲရှသံတွေ ထွက်လာ
ရုပ်ဆိုးဆိုးကြောင်တစ်ကောင်
အမွှေးတွေထောင်လျက် အောက်ပြုတ်ကျ
ကြိုးချည်ထားတဲ့ ဝက်သုံးကောင်တောင် ပါလိုက်သေး
နံရံကပ်ဖင်ပြောင်ပိုစတာတွေဟာ
အောက်ကို ချက်ချင်းကျမလာ
လေဟာပြင်ထဲ ဝဲပျံနိမ့်ဆင်း
ဒါကို မြေညီထပ်ကနေ
တစ်စုံတစ်ယောက်ဟာ ရပ်ကြည့်နေ။
သူက ပထမထပ်ကနေ
ပထမဆုံး ပစ်ချခံခဲ့ရသူလေ။
ပွန်းပဲ့ရာတွေနဲ့။
လွန်းဆက်နိုးမြတ်
26 September 2016
25#ဝပ်ကျရခြင်းများ
အနီးနားအိမ်တစ်လုံးက
လျှပ်စစ်မီးဆောင့်ဆွဲလိုက်လို့
ကိုယ့်အိမ်မှာ အလင်းအားဝပ်ကျသွားတာမျိုးပေါ့။
ငါ ဝပ်ကျသွားတယ်။
ကမ္ဘာတဝှမ်းက
အရွယ်မရောက်သေးတဲ့ ကလေးငယ်ရုပ်အလောင်းတွေ
မြင်လိုက်ရတိုင်း။
လွန်းဆက်နိုးမြတ်
26 September 2016
24#ကြည်လင်နေသောနေ့
အိပ်ယာက နိုးတော့
ငါ့လျှာ ပါးစပ်ထဲ မရှိ
ကြည်လင်နေသော နေ့။
လွန်းဆက်နိုးမြတ်
27 September 2016
23#ဝက်အူချောင်းများ
စစ်ပြီးခေတ်မှာ ဝက်အူချောင်းကို
နံချပ်ကူလို ကစားပြရင်း
ဘရုစ်စလီကမ္ဘာကျော်မင်းသားဖြစ်လာ
ဘော့မာလေရဲ့ အသက်ဝင်ဆုံးဆံပင်ပုံစံက
ဦးခေါင်းပေါ်
ဝက်အူချောင်းတွေ တွဲလောင်းချထားတာပဲ။
ငါကတော့ မြေခွေးတစ်ကောင်ဖြစ်တယ်။
ဝက်အူချောင်းတွေ ချဉ်တယ်လို့ ပြောခဲ့တဲ့
ဒဏ္ဍ္ဘာရီထဲက မြေခွေးတစ်ကောင်ပေါ့။
လွန်းဆက်နိုးမြတ်
27 September 2016
22#မှုတ်ဆေး
မတ်ရပ်ဗုဒ္ဓရုပ်ပွားတော်ရဲ့
ရှေ့တစ်ပိုင်းလုံးမှာ
ကတ်ထူစက္ကူကြီးတစ်ချပ်ကပ်
မှုတ်ဆေးဖြန်းလိုက်တယ်။
ကတ်ထူစက္ကူပေါ်
အရွယ်တော်မာရ်နတ်မင်းပုံ အမွှန်းအပြောက်ဖော်လို့။
လွန်းဆက်နိုးမြတ်
29 September 2016
21#ကိုယ်လုံးတီးမိန်းမကော်ပတ်ရုပ်
ကျောချင်းဆိုင်တိုက်ခန်းရဲ့
နောက်ဖေးဝရံတာမှာ
လူတစ်ယောက်အရွယ်အစားအတိုင်း
ကိုယ်လုံးတီးမိန်းမကော်ပတ်ရုပ်တစ်ရုပ်။
ငါ အမြဲစောင့်ကြည့်တယ်။
အဲဒီ့ကိုယ်လုံးတီးမိန်းမကော်ပတ်ရုပ်ရယ်
သူ့ယောကျာ်းပြန်မအိပ်တဲ့ ညတွေမှာ
အဲဒီကိုယ်လုံးတီးမိန်းမကော်ပတ်ရုပ်ကို
ဓားထိုးလေ့ကျင့်နေတဲ့
သက်ရှိမိန်းမတစ်ယောက်ရယ်။
လွန်းဆက်နိုးမြတ်
29 September 2016
20#လွန်သွား
ပန်းချီကားတစ်ချပ်တစ်လေ ချိတ်ဆွဲဖို့ ဖြစ်မှာပေါ့။
တစ်ဖက်အခန်းကနေ တုန်ခါသံတဂျီးဂျီးပေးပြီး
လွန်သွားဟာ အုတ်နံရံကို ထိုးဖောက်လာတယ်။
ငါ့ ကုတင်ရှိတဲ့ နေရာ။ ငါ့ဦးခေါင်းမှီရာ တည့်တည့်
လွန်သွားဟာ ခေါင်းအုံးပျော့ကိုဖြတ် ငါ့နောက်စေ့ထဲ
လက်မအနည်းငယ် ထိုးဖောက်တုန့်ရပ်။ တုန်ခါသံတဂျီးဂျီးပေးပြီး လည်အထွက်မှာ
လွန်သွားထိပ်ပေါ် ငါ့ဦးနှောက်တွေ ကပ်ငြိပါသွား။
အိမ်သားတွေ ဟိုနားဒီနား ရောက်နေချိန်
ငါက ကိုမာဖြစ်ကာ ကျန်ခဲ့ရသူ။
လွန်းဆက်နိုးမြတ်
1 October 2016
19#ခြေမ
ဘယ်ကရောက်လာတဲ့ ဒရုန်းလေယဉ်စုတ်လည်း မသိဘူး။
ငါ့ အိပ်ခန်းပြတင်းပေါက်ဝမှာ
အခိုက်အတန့် ရပ်တန့်ပျံဝဲသွား
ကင်မရာကတဆင့် ငါ့ အပြုအမူတွေ ရိုက်ကူးသွား။
ငါက ခြေမတစ်ချောင်းကို စုပ်နေတာ။
ငါ ခိုးယူဖမ်းဆီးထားတဲ့ အမျိုးသမီးတစ်ယောက်ချင်းစီရဲ့
ခြေမတွေ။
လွန်းဆက်နိုးမြတ်
2 October 2016
18#ချစ်စိတ်ယိုဖိတ်ကျနေတဲ့ မနက်ခင်း
သူတောင်းစားကြီးက
သူ့အဖော်ခွေးဝဲစားကြီးရဲ့
အမွေးတွေကျွတ် အရောင်တွေမွဲနေတဲ့ ကျောရိုးပြင်ကို
စိတ်လိုလက်ရပွတ်သပ်ပေးနေ။
ခွေးဝဲစားကြီးကလည်း
သူ့သခင်သူတောင်းစားကြီးရဲ့
ပွတ်သပ်ပေးနေတဲ့ လက်ကို လည်ပြန်လှည့်ပြီး
စုံစုံမက်မက် လျှာနဲ့ တပြက်ပြက်လှမ်းလျက်။
လက်ချောင်းအားလုံး နူနာကြောင့် ငုံးတိတိဖြစ်နေတဲ့
ဟောဒီ့ ချစ်စိတ်ယိုဖိတ် လက်ကြီး။
လွန်းဆက်နိုးမြတ်
5 October 2016
17#တတိယကမ္ဘာစစ်အတွေ့အကြုံ
မြေအောက်ရေဆိုးမြောင်းဥမင်ထဲကနေ
လွတ်မြောက်ဖို့
သံပြားဝိုင်းဖုံးကို ပင့်မ ကြည့်ရုံရှိသေး
ငါ့ ဓာတ်ငွေ့ကာမျက်နှာဖုံးပေါ်
ဗြန်းခနဲ သွေးတွေ လာစင်တယ်။
အသေခံဖောက်ခွဲရေးသမား
ကလေးငယ်တစ်ယောက်ရဲ့ သွေး။
လွန်းဆက်နိုးမြတ်
5 October 2016
16#အရိုးစားသူများ
မြေတူးစက်ရဲ့
သံမဏိဂေါ်ပြားကို သွန်ချလိုက်တဲ့အခါ
လူအရိုးခေါင်းတွေ စုပုံကျလာ။
မြေတူးစက်တွေဟာ ဧရာမလူအရိုးပုံကြီးပေါ်မှာ
သံမဏိရောင်တလက်လက်
ဆောင့်ကြီးအောင့်ကြီးရွေ့လျား။
လူအရိုးတွေကြား
လက်ဝတ်ရတနာအသုံးအဆောင်အရိုးအရင်းလေးများ
တွေ့လိုတွေ့ငြား ရှာဖွေနေကြတဲ့ လူတွေ။
နှစ်စဉ် နှစ်တိုင်း
အရိုးပုံကြီးပြိုလို့ အရိုးပုံကြီးအောက်
မတော်တဆကျရောက်သွားတဲ့ လူအရိုးစာရင်းဟာ
မူလလူအရိုးစာရင်းထက် ပိုများပြား။
လွန်းဆက်နိုးမြတ်
5 October 2016
15#ဂြိုဟ်သား
ခရီးဆောင်အိတ်ကို ဖင်ခုထိုင်
လက်မောင်းဆန့် လက်မထောင်ပြပြီး ကားကြုံလိုက်ခွင့်တောင်းနေတဲ့
ခပ်မိုက်မိုက် စော်တစ်ဗွေ။
ဓာတ်တိုင်တစ်တိုင်စာလောက် ကျော်မောင်းပြီးကာမှ
ငါ့ ကားကို နောက်ပြန်လိမ့်လိုက်တယ်။
အဲဒီ့စော်ဆီရောက်တော့
အသင့်ဖွင့်ထားတဲ့ ငါ့ဘောင်းဘီဇစ်ကို ကော့ပြ
ငါ့ကို ကြည့်ရင်း အဲဒီ့စော် စူးစူးဝါးဝါးအော်နေတုန်း
ကားကို ဝူးခနဲ ဆောင့်ထွက်ပစ်တယ်။
ဒီသုတေသနက
တစ်မြို့လုံး တစ်ယောက်မှ ချန်ထားလို့မရတဲ့ သုတေသန။
နောင်နှစ်ပေါင်းများစွာထိ ဆက်လက်ငြင်းခုံနေရဦးမယ့်
ဂြိုဟ်သားတစ်ကောင်ရဲ့
ဘောင်းဘီဇစ်ထဲက လျှာ။
လွန်းဆက်နိုးမြတ်
8 October 2016
14#ချောင်းဆိုးနေသူတစ်ယောက်အနေနဲ့
လတ်တလော ကျုပ် အရေးတကြီးတွေ့ချင်နေတာ
ဗလာဒီမာပူတင် မဟုတ်ဘူး။
ကျုပ် အရေးတကြီးကြားချင်နေတာလည်း
ဆီးရီးယားရွှေ့ပြောင်းအခြေချသူတွေရဲ့
သတင်းတွေ မဟုတ်ဘူး။
ကျုပ်လည်ပင်းထဲ နှစ်လလုံးလုံး သမ္မတတက်လုပ်နေတဲ့ သလိပ်တွေ
ဒင်းတို့တွေ မဲရှုံးပြီး ရေချိုးခန်းကြမ်းပြင်မှာ
နိုင်ငံရေးဘဝပျက်သွားမှာကို ကျုပ်အမြင်ချင်ဆုံး။
ကျုပ် အကြားချင်ဆုံးက
နယ်နှင်ဒဏ်စောင့်နေတဲ့ ဒင်းတို့တွေကို
လေဆိပ်က စပီကာတွေရဲ့ ထွက်ခွာခွင့်ပြုတဲ့ အသံလိုမျိုး
သလိပ်ခပ်ထုတ်သံ။
လွန်းဆက်နိုးမြတ်
9 October 2016
13#ဆာလောင်
ဆာလောင်နေပုံရပြီး
သန်စွမ်းတဲ့ ကြောင်တစ်ကောင်ရှေ့မှာ
ကြွက်ပေါက်စနီတာရဲလေး
ငါ ချပေးလိုက်တယ်။
ဒါကို ဘယ်လိုစားမလဲ ငါစောင့်ကြည့်
ငါကိုယ်တိုင်လည်း
အဲဒီ့ကြောင်ကို ဆာလောင်နေ။
လွန်းဆက်နိုးမြတ်
10 October 2016
12#ခွေးသူရဲကောင်းများ
အသားတွေ ရှားပါးပြီး
အရိုးတွေ ပေါလာတယ်။
လူတွေက အရိုးတွေကို ဆဲဆိုလွင့်ပစ်တယ်။
ခွေးတွေရဲ့ ခေတ်ပဲ။
ခွေးသူရဲကောင်းတွေ အမှိုက်ပုံတကာမှာ ပေါ်ထွက်လာ
လူခြေတိတ်ချိန်ဆို
အရိုးတွေကို ပြစ်တင်ကြိမ်းမောင်းရပါ့မလားဆိုပြီး
အူသံတွေ လက်ဆင့်ကမ်းတယ်။
လကွယ်ညဟာ ခွေးတွေရဲ့ ကျမ်းစာ
လပြည့်ညဟာ ခွေးတွေရဲ့ အလံတော်။
လွန်းဆက်နိုးမြတ်
10 October 2016
11#ဇင်
" ဇင် ကို နားမလည်ရင် ဟိုက္ကူမရေးနဲ့ "
ဇင်ဆရာက မိန့်တယ်။
တပည့်ဖြစ်သူ ပြန်မေးတယ်။
" ဇင် ကို ဘယ်လို နားလည်ရမလဲ "
ဇင်ဆရာ ချက်ချင်းဖြေတယ်။
" ဇင် ဆိုတာ ဘာလဲ "
လွန်းဆက်နိုးမြတ်
11 October 2016
10#ပညာတတ်များ
လူလူချင်းကတော့ ခေါ်ခေါ်ပြောပြောပါပဲ။
ဦးခေါင်းပေါ်က
ဉာဏ်အလင်းစက်ဝိုင်းချင်းကသာ
အိုလံပစ်အမှတ်တံဆိပ်လို
တစ်ကွင်းနဲ့တစ်ကွင်း ငြိရုန်းပြီး
ညှော်နံ့ထွက်နေလေရဲ့။
လွန်းဆက်နိုးမြတ်
13 October 2016
9#စန္ဒ္ဒရားဆရာ
စစ်ကြီးအတွင်း သူ့လက်နှစ်ဖက် ပါသွားတယ်။
စစ်ကြီးပြီးတော့ ဂျိုကာပုံဆေးခြယ်မျက်နှာကြီးနဲ့
ပူစီဖောင်းတွေ လိုက်ရောင်းတယ်။
ညညဆို
ချာလီချက်ပလင်ဇာတ်ကားဟောင်းတွေ ပြန်ဖွင့်ပြီး
သူ ရှိုက်ကြီးတငင်ငိုတယ်။
အရုပ်ကြောင့်မဟုတ်
နောက်ခံအသံကြောင့် ငိုတာ။
တစ်ခါက သံစုံကြူးခဲ့တဲ့
သူ့စိတ်ကူးထဲက ဂီတ။
လွန်းဆက်နိုးမြတ်
14 October 2016
8#ဂျလက်ဆီ
အဝလွန်ရောဂါရပြီးကတည်းက
ငါ အားကစားသမားတွေကို မုန်းတယ်။
ငါ အားကစားသမားတွေကို မုန်းတယ်ဆိုမှ
ငါ့ မိန်းမဟာ ညနေတိုင်း ဘောလုံးကွင်းဘက် ငေးတယ်။
မှန်ဗွီရိုပေါ်ထောင်ထားတဲ့
ငါ့ အကောင်းဆုံးဘောလုံးသမား ဆုတံဆိပ်တွေကိုမှ
အားမနာ။
လွန်းဆက်နိုးမြတ်
20 October 2016
7#ခိုထီး
ခန်းဆောင်အပြင်ကနေ
မင်းတရားကြီးကြွချီလာကြောင်း
မောင်းမမိဿံတစ်ဦးက သတင်းပေးလိုက်တာနဲ့
သလွန်ခြေရင်း ချွတ်ပုံထားတဲ့
သူ့တီရှပ်နဲ့ ဂျင်းဘောင်းဘီကို ကမန်းကတန်းကောက်ဆွဲ
မင်းသမီးလေးရဲ့
စိုးရိမ်လန့်ထိတ်နှုတ်ခမ်းနှစ်လွှာကို အနမ်းတစ်ချက်ပေးပြီး
ဘုံခုနစ်ဆင့်လေသာပြတင်းက သူ ခုန်ချလိုက်တယ်။
ထီးတစ်ချောင်းရဲ့ လက်ကိုင်ရိုးကို
သူ့ လက်တစ်ဖက်က ခိုတွဲစီးလို့။
လွန်းဆက်နိုးမြတ်
23 October 2016
6#မနက်စာ
" မနက်စာ စားမယ် ထတော့ "
မင်းက ငါတို့ သားအဖကို လာနှိုးတယ်။
သားရဲ့ လက်ကို ဆွဲပြီး ငါ အိပ်ယာထဲက ခုန်ထ
ထမင်းစားခန်းထဲ လျှောက်ဝင်ခဲ့တယ်။
တကယ်တမ်းကျ စားစရာ ဘာတစ်ခုမှ ရှိမနေဘူး။
ငါ့ လက်ထဲက သားလည်း ပျောက်ဆုံး
ဒီအိမ်မှာ မင်းလည်း မရှိ
ဘယ်သူနဲ့မှ ငါ အိမ်ထောင် မပြုရသေးမှန်း
ပြန်သတိရလာတယ်။
ရုတ်တရက် ကြွေပန်းကန်တွေကို အရူးတစ်ယောက်လို
ငါ ပေါက်ခွဲပစ်လိုက်တယ်။
ပြီးတော့ ကောင်းကောင်းမွန်မွန်ပဲ
ကြမ်းပြင်ပေါ်က ကြွေကွဲစတွေ
ငါ ကောက်စားနေမိ။
လွန်းဆက်နိုးမြတ်
25 October 2016
5#ဒါဝင်ရဲ့ ဆင့်ကဲဖြစ်စဉ်
ခေါင်းအုံးစွပ်တွေ မပေါ်ခင်ကတည်းက
အိပ်စက်ခြင်းကို ငါပိုင်တယ်။
လူသားဟာ
တစ်နည်းမဟုတ်တစ်နည်း ကုတင်ကို ရှာဖွေတွေ့ရှိခဲ့မှာပဲ။
ရာစုနှစ်တွေကုန်လွန်ပြီးနောက်
ခေါင်းအုံးလှလှလေးတစ်လုံးပေါ်
ကြောင်တစ်ကောင်ဟာ တက်အိပ်နေဖို့ ဖြစ်လာ
ငါက အဲဒီ့ကြောင်ကို အခုကန်ချပြီး
ကုတင်ပေါ်မှာ မင်းနဲ့ ချစ်မှုပြုဖို့ ဖြစ်လာ။
လွန်းဆက်နိုးမြတ်
26 October 2016
4#အရှင်ဟာ ကောင်းမှု
အရှင်ဟာ ကောင်းမှု
မြင့်မြတ်ခမ်းနားတဲ့ နှုတ်ကပတ်တော်ကိုယ်စားပြုသူ
ခွေးခြေတစ်လုံးပေါ် အရှင်ယာယီနားနေတဲ့အခါ
ငွေရောင်တိမ်စိုင်တွေ အရှင့်နားရွက်နားက ဖြတ်သန်းသွား
အရှင်ကြွချီစဉ်ခါ
အရှင့်ထိပ်ပြောင်ပြောင်ဟာ
နတ်ပြည်မှာတောင် အရောင်တလက်လက်
အရှင့်ဗိုက်ပူပူက အရှင့်ကို ကြည်ညိုသူတွေ ပူဇော်ရာ
ကျောင်းဆောင်ငယ်။
ပွဲတော်က ဖြစ်တဲ့ ဆိုင်းသံဗုံသံတွေကြား
ဘက်လိုက်မှုက ဖြစ်တဲ့ အရှင့်ရဲ့ သူတော်စင်ဘွဲ့ထူးဟာ
မြူးရွှင်တုန်ခါနေရဲ့။
ဆိုတော့
အရှင့်ခြေထောက်အောက်ရောက်နေတဲ့
ကျွန်တော်မျိုးလည်မျိုထဲက အသံကို
အရှင် ဘယ်မှာ နားသောတဆင်နိုင်ပါတော့မလဲ။
အရှင့်ရဲ့ ကျော်စောတက္ကိမနဲ့
ခါတိုင်းလိုပဲ
ကျွန်တော်မျိုးကို မြေဖို့ပစ်ပါလေ။
လွန်းဆက်နိုးမြတ်
27 October 2016
3#အမျိုးသမီးအတွင်းခံဘောင်းဘီစက်ရုံ
ငါ့အပေါ်ထပ်က
အခန်းတစ်ခန်းခန်းမှာ
အမျိုးသမီးဝတ်အတွင်းခံဘောင်းဘီစက်ရုံတစ်ရုံတော့
ရှိနေတာ သေချာတယ်။
ငါ အလုပ်က ပြန်လာလို့ ညစာစားပြီးချိန်တိုင်း
အဲဒီကတယ်ရီယာခွေးတစ်ကောင်ဆင်းလာ
ငါ့ဆီက သူ့ညစာကို
သူချီလာတဲ့ အမျိုးသမီးအတွင်းခံဘောင်းဘီတစ်ထည်နဲ့
လဲလဲ စားနေကျ။
လွန်းဆက်နိုးမြတ်
28 October 2016
2#စက်လွှ
ပြိုင်ပွဲစင်မြင့်ပေါ်ရောက်တာနဲ့
ဂစ်တာအိတ်ထဲက သစ်ခုတ်တဲ့ စက်လွှထုတ်ပြီး
အမှတ်ပေးဒိုင်လူကြီးတွေကို
ငါ တဒီးဒီး လိုက်ခုတ်လှီးဖြတ်ပစ်တယ်။
ငါ့သတင်းက ရုပ်သံပြကွက်တွေကတဆင့်
တမုဟုတ်ချင်းပျံ့နှံ့သွား။
ငါ့ကို ဝိုင်းပေးတဲ့ မဲတွေဟာ
ကမ္ဘာနဲ့အဝှမ်း
ရပ်တန့်မရတော့။
လွန်းဆက်နိုးမြတ်
29 October 2016
1#အရသာ
ကိုယ့်ဘက်က
ရွေးချယ်ခွင့်ရှိနေသမျှ
ဖုန်းအားသွင်းကြိုးလေးကလည်း အရသာရှိတာပဲ။
ကိုယ်မရွေးချယ်ဘဲ ပြုတ်ကျလာတတ်တဲ့
ဓာတ်ကြိုးအဆွေးတွေနဲ့
ပြတ်ကျလာတတ်တဲ့ မှန်စာစွန်ကြိုးတွေကိုတော့
ကိုယ့် လည်ပင်းရဲ့ အရသာကို
မမြည်းစမ်းစေနဲ့ပေါ့။
လွန်းဆက်နိုးမြတ်
31 October 2016
No comments:
Post a Comment